သတင်း

စံချိန်တင် စိတ်ကြွဆေးပြားအမှု သံသယ တရားခံ ၁၃ ဦးကို တရားစွဲရန် ပြင်ဆင်

This article has been converted from Zawgyi One to Unicode

ဇူလိုင်လအတွင်းက မင်္ဂလာဒုံ စက်မှုဇုန်နယ်မြေ ကားလမ်းဘေး တနေရာ၌ ပီနံအိတ်များဖြင့် ထုပ်ပိုးထားသည့် စိတ်ကြွဆေးပြားပေါင်း ၃၃ သန်းကျော် ဖမ်းဆီးရရှိမှုနှင့် ပတ်သက်သည့် သံသယတရားခံ ၁၃ ဦးကို လာမည့် နိုဝင်ဘာလအတွင်း တရားစွဲဆိုရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။

“တရားစွဲဖို့တော့ စီစဉ်နေပြီ။ အချိန်က နိုဝင်ဘာလလောက်ဖြစ်မယ် ထင်တယ်။ ဖမ်းဆီးရမိထားတဲ့သူ အားလုံးကို သံသယ တရားခံအနေနဲ့ တရားစွဲတော့မှာပေါ့” ဟု မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ (CCDAC) မှ ဒုတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်သိန်းက ဧရာဝတီကို ပြောသည်။

စိတ်ကြွဆေးပြား ၃၃ သန်းကျော် (တန်ဖိုး ငွေကျပ်သန်းပေါင်း ၂၈၉၃၈ သန်းကျော်) ဖမ်းဆီးရရှိမှု၏ အဓိက လက်သည် တရားခံဟု ရဲတပ်ဖွဲ့က ယူဆထားသူ ကုလားတန်မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးရေးလီမိတက်၏ ဒါရိုက်တာ မင်းဦးခိုင် အပါအဝင် သံသယတရားခံ ၁၃ ဦးကို မင်္ဂလာဒုံ မြို့မရဲစခန်းမှ စခန်းမှူးဖြစ်သူက တရားလို ပြုလုပ်တိုင်ကြားကာ တရားစွဲဆိုမည် ဖြစ်ကြောင်း သိရသည်။

“တရားခံ ဖြစ်၏ မဖြစ်၏ ဆိုတာက တရားသူကြီးက ဆုံးဖြတ်လိမ့်မယ်။ ဘယ်တရားရုံးမှာ တင်မလဲ ဆိုတာကိုတော့ သေချာမသိသေးဘူး။ ထပ်ပြီးတော့ ဖမ်းဆီးရမိတာတော့ မရှိသေးဘူး” ဟု ရဲမှူးကြီး မြင့်သိန်းက ရှင်းပြသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သံသယတရားခံ မင်းဦးခိုင်၊ စစ်တွေယာဉ်လိုင်း တခုမှ ဂိတ်မှူးတဦး အပါအဝင် ဝင်းလှိုင်နှင့် တရားခံပြေးအဖြစ် ကြေညာထားသူ ကျော်အေးလှိုင်၊ ကျော်လှိုင်၊ လှမောင်၊ မောင်ဝင်း၊ စိုးရှင်း (ခ) အားရှင်၊ ရန်ရှောက်ဟွာ၊ မြတ်နှင်းအေး၊ သန်းမြင့်၊ နှင်းအေးငြိမ်း၊ သန်းရွှေတို့ အထဲမှ တချို့ကို ဖမ်းဆီးရမိထားပြီ ဖြစ်ကြောင်း သိရသည်။

ထိုအမှုကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က)/၂၁ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါး ပြဿနာဇာစ်မြစ်နှင့် တရားခံများကို ဖော်ထုတ် ဖမ်းဆီးနိုင်ရေးအတွက် အစိုးရက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ CCDAC၊ ခရိုင်ရဲတပ်ဖွဲ့များ၊ နယ်မြေခံ ရဲတပ်ဖွဲ့များ ပါဝင်သော အထူးအဖွဲ့တဖွဲ့ကို ဖွဲ့စည်းပြီး ဆောင်ရွက်နေသည်ဟု ရဲမှူးကြီး မြင့်သိန်းက ပြောသည်။

Loading