အစိုးရ တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်နေမှုနှင့် ပတ်သက်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ၏ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသူ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းအား ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) ဗဟို ဌာနချုပ်က ယခုလ ၂၁ ရက်နေ့က စာပို့ တောင်းဆိုလိုက်ကြောင်း သိရသည်။
SSPP/SSA ဌာနချုပ်အနီးအထိ ထိုးစစ်ဆင်မှုများကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ ဒု ဗိုလ်ချုပ်ကြီး ရာပြည့် ကိုယ်တိုင် ရှေ့တန်းရုံးထိုင်၍ ဦးစီးကွပ်ကဲသောကြောင့် နိုင်ငံရေးပြဿနာကို စစ်ရေးနည်းလမ်းဟောင်းများဖြင့် ဖြေရှင်းရန် ပြန် လည် ဦးတည်နေသည်ဟု ဒုသမ္မတထံ ပေးပို့သော စာထဲတွင် တွေ့ရသည်။
ပေးပို့စာထဲတွင်“SSPP/SSA ဌာနချုပ်အနီးအထိ ထိုးစစ်ဆင်နေသော တပ်မတော်စစ်ကြောင်းများအား တားဆီးပေးနိုင်ပါရန်နှင့် အကယ်၍ နိုင်ငံရေးပြဿနာများကို စစ်ရေးနည်းလမ်းဟောင်းများဖြင့် ဖြေရှင်းသွားမည်ဆိုလျှင်လည်း SSPP/SSA သို့ တရားဝင် အကြောင်းကြားပေးသွားနိုင်ပါရန်”ဟု ပါရှိသည်။
SSPP/SSA နှင့် UPWC တို့အကြား ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး သဘောတူညီချက်များကို လက်မှတ်ထိုး ထားပြီးဖြစ်သဖြင့် UPWC ၏ ဥက္ကဋ္ဌ တာဝန်ယူထားသည့် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ကို လိပ်မူ၍ ယင်းသို့ တောင်းဆို ရခြင်း ဖြစ်ကြောင်း SSPP/SSA ကဆိုသည်။
SSPP/SSA ပေးပို့သော အဆိုပါစာကို ဒေါက်တာ စိုင်းမောက်ခမ်း အပါအဝင် UPWC ဒုဥက္ကဋ္ဌများဖြစ်ကြသည့် ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဝန်ကြီး ဦးအောင်မင်း၊ ဝန်ကြီး ဦးသိန်းဇော်နှင့် UPWC အဖွဲ့ဝင် ဝန်ကြီး ဦးခင်မောင်စိုး တို့ထံကိုလည်း ပူးတွဲ ပေးပို့ကြောင်း သိရသည်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာန(MPC) ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ညှိနှိုင်း အကောင်အထည် ဖော် ရေးဌာန ညွန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးက“အဲဒီစာ ထုတ်တယ်ဆိုတာတော့ ကျနော်တို့ ကြားတော့ ကြားလိုက်တယ်။ ဒါပေမယ့် အစိုးရဘက်က ပေါ်လစီ အပြောင်းအလဲရှိတယ် ဆိုတာတော့ ဘာမှ မကြားလိုက်ဘူးခင်ဗျ”ဟု ဧရာဝတီသို့ ပြောသည်။
ထို့အပြင် SSPP/SSA နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေသည့် ဒေသသည် နှစ်ဘက်အကြား နယ်မြေအငြင်းပွားမှုများ ရှိနေ သည် ဟု ဒေါက်တာ မင်းဇော်ဦး ကဆိုသည်။
ရှမ်းပြည်နယ် လွိုင်လင်ခရိုင် မိုင်းရှူးမြို့နယ် ဝမ်ဟိုင်းဌာနချုပ်အနီးတွင် ယခုလ ၆ ရက်နေ့ကစ၍ SSPP/SSA လက်အောက်ခံတပ်များနှင့် အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်မတော် စစ်ကြောင်းများ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယခုလ ၁၆ ရက် နေ့တွင် ဝမ်ဟိုင်းဌာနချုပ်၏ ခံကတုတ်တခုဖြစ်သော တာဆမ်ပူး ကူးတို့ဆိပ်ကို SSPP/SSA ကဖယ်ပေးလိုက်ရသည်ဟု သိရသည်။
သို့သော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ဒေသခံ ရွာသူ၊ ရွာသား ၃၀၀၀ ကျော်သည် အိုးအိမ်များကို စွန့်ခွာ၍ မိုင်းရှူး၊ ကျေးသီးနှင့် မိုင်းနောင်မြို့နယ်အတွင်းက ဘုန်းကြီးကျောင်းနှင့် တောတောင်များထဲတွင် ခိုလှုံနေကြရသည်။ အဆိုပါ ဒုက္ခသည် များသည် စားဝတ်နေရေး အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရကြောင်းလည်း ဒုက္ခသည်များကို ကူညီနေကြသည့် အရပ်ဘက် အဖွဲ့အစည်းများက ပြောသည်။
SSPP/SSA အဖွဲ့သည် ဘဝတူ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တချို့ကို တပြိုင်တည်း လက်မှတ်ထိုးရန် အစိုးရက ကန့်သတ်ထားသဖြင့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်မထိုးသေးဟု ဆုံးဖြတ်ထားသည့် အဖွဲ့ဖြစ်သည်။ ယင်းသို့ ဆုံးဖြတ်ပြီး တပတ်အကြာတွင် တပ်မတော်နှင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။
အစိုးရက SSPP/SSA အနေဖြင့် သတ်မှတ်ထားသည့် နယ်မြေကို ကျော်လွန်လာသဖြင့် တိုက်ပွဲဖြစ်ရသည်ဟု နိုင်ငံပိုင်းသတင်းစာများက ဖော်ပြသည်။
SSPP/SSA အဖွဲ့သည် ၁၉၈၉ ခုနှစ် စစ်အစိုးရ လက်ထက်က အပစ်အခတ်ရပ်စဲခဲ့သော်လည်း ၂၀၁၀ ပြည့်နှစ်တွင် နယ်ခြားစောင့် နှင့် ဌာနေ ပြည်သူ့စစ် ဖွဲ့စည်းရေးကို ငြင်းဆန်သည့်အတွက် ၂၀၁၁ ခုနှစ် မတ်လပိုင်းက စတင်ပြီး တပ်မတော်နှင့် တိုက်ပွဲများ ပြန် လည် ဖြစ်ပွားခဲ့သည်။
၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်က ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် အစိုးရနှင့် SSPP/SSA တို့အကြား ပြည်နယ်အဆင့်၊ ပြည် ထောင်စု အဆင့် ပဏာမ အပစ်အခတ် ရပ်စဲခဲ့ကြသော်လည်း စာချုပ်ချုပ်ပြီးချိန်မှစ၍ ယခုလ ၁၅ ရက်နေ့အထိ နှစ်ဘက် အကြား တိုက်ပွဲပေါင်း ၅၀၀ ကျော်ဖြစ်ပွားခဲ့ပြီး SSPP/SSA ၏ အရေးပါသော တပ်စခန်းပေါင်း ၁၀ ခုကျော် ဖယ်ပေးခဲ့ရသည်။
SSPP/SSA သည် မိုင်းရှူး၊ ကျေးသီး၊ မိုင်းနောင်၊ မိုင်းစန်၊ ကာလိ၊ ကွန်ဟိန်း၊ နမ့်စန်၊ ခိုလမ်၊ ပင်လုံ၊ လဲချား၊ မိုင်းကိုင်၊ တန့်ယန်း၊ မိုင်းကောင်၊ မိုင်းရယ်၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ ပန်ဆိုင်း၊ မူဆယ်၊ နမ့်ခမ်း၊ မိုးမိတ်၊ မဘိမ်း၊ မိုးကုတ်၊ နောင်ချို၊ ပြင်ဦးလွင်၊ ကျောက် မဲ၊ နမ့်ဆန်၊ သီပေါ၊ နမ့်လန်၊ နမ္မတူ စသည့်မြို့နယ်များတွင် လှုပ်ရှားကြောင်း သိရသည်။