ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ် အုန်းကျော်နှင့် ရဲအရာရှိ ၂ ဦးကို ရိုက်နှက်မှုဖြင့် ဖမ်းဆီး ထိမ်းသိမ်းခံနေရသူများအား အောက်တိုဘာလ ၂၉ ရက်နေ့တွင် ပုသိမ်မြို့နယ်တရားရုံး၌ ဒုတိယ အကြိမ် ရုံးထုတ်စစ်ဆေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ရွှေသောင်ယံမြို့နယ်ခွဲ၊ သဲကုန်းကျေးရွာ အုပ်ချုပ်ရေးမှုးရုံးမှ စာရေးနှင့် သူငယ်ချင်း ၃ ဦးတို့သည် အောက်တိုဘာလ ၁၄ ရက်နေ့ ညပိုင်းက ချောင်းသာကမ်းခြေရှိ Galaxy KTV ၌ သီချင်းဆိုနေကြစဉ် မိုက်မကောင်းသဖြင့် အချင်းများနေရာ ဆိုင်မန်နေဂျာက တိုင်ကြားသဖြင့် စခန်းမှူး ရဲအုပ် အုန်းကျော်နှင့်အဖွဲ့က လာရောက် တားဆီးသည်ကို ၎င်းတို့ ၄ ဦးက ပြန်လည် ရိုက်နှက်ခဲ့ကြောင်း ချောင်းသာရဲစခန်းထံမှ သိရသည်။
ထို့ကြောင့် ရဲအရာရှိများကို ပြန်လည်ရိုက်နှက်သည့် စွပ်စွဲချက်ဖြင့် ဖြိုးဇင်ထွန်း၊ ရဲလင်းအောင်၊ ဘိုဘိုစံနှင့် အောင်မိုးတို့ ၄ ဦးအား ချောင်းသာရဲစခန်းတွင် ပြစ်မှုအမှတ် ၆၉/၂၀၁၅၊ ပုဒ်မ ၃၃၂ (ပြည်သူ့ဝန်ထမ်းကို သာမာန်နာကျင်စေမှု)၊ ပုဒ်မ ၃၃၃ (ပြည်သူ့ဝန်ထမ်းကို အပြင်းအထန် နာကျင်စေမှု)၊ ပုဒ်မ ၂၉၄ (ညစ်ညမ်းစွာ ဆဲဆိုမှု) နှင့် ပုဒ်မ ၅၀၆ (ခြိမ်းခြောက်မှု) တို့ဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်း သိရသည်။
“သူတို့အချင်းချင်း စကားများရင်းနဲ့ ထိမ်းမရဖြစ်နေလို့ ကေတီဗီက လှမ်းဖုန်းဆက်တော့ ည ၁၀ နာရီခွဲလောက် ဖြစ်သွားပြီ။ အဲဒါနဲ့ နယ်ထိန်းခေါင်းဆောင်က သွားထိမ်းတာကို သူတို့က ခြေထောက်နဲ့ ကန်လွှတ်လိုက်တယ်။ နောက်တော့ စခန်းမှူးကပါ ဝင်လိုက်သွားပြီးတော့ ထိမ်းသိမ်းဖို့ လုပ်တာကို ဝိုင်းထိုးကြပြီးတော့ ကျင်စက်တုတ် တွေပါလုပြီး ပြန်ရိုက်တာ” ဟု ချောင်းသာရဲစခန်းမှ အမည်မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်တဦးက ဧရာဝတီကို ပြောသည်။
အဆိုပါ လူငယ် ၄ ဦး၏ ရိုက်နှက်မှုကြောင့် ချောင်းသာစခန်းမှူး ရဲအုပ်အုန်းကျော်မှာ လက်အရိုးကွဲဒဏ်ရာ၊ နယ်ထိန်းခေါင်းဆောင် ဒု ရဲအုပ် ဖုန်းထက်အာကာအောင်နှင့် အမှုစစ်အရာရှိ ဒု ရဲအုပ် ဝဏ္ဏအောင်တို့မှာ ဝမ်းဗိုက်တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သည့်အတွက် ချောင်းသာဆေးရုံသို့ တင်ပို့၍ ဆေးကုသမှု ခံယူခဲ့ရသည်။
တရားခံအဖြစ် စွပ်စွဲခံနေရသည့် ဖြိုးဇင်ထွန်း အပါအဝင် လူ ၄ ဦးအား အခင်းဖြစ်နေ့မှာပင် ဖမ်းဆီးပြီးနောက် တရားရုံးရမာန်ယူ၍ ပုသိမ်မြို့မရဲစခန်းတွင် ဖမ်းဆီးထိမ်းသိမ်းထားကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းကလည်း ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် ထွက်ပြေးတိမ်းရှောင်နေသည့် လူသတ်တရားခံပြေး တင်မြင့်ဆိုသူကို သွားရောက်ဖမ်းဆီးခဲ့သော သန်လျင်မြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ရဲအုပ် အောင်နိုင်နှင့် အဖွဲ့အား တရားခံတင်မြင့်မှ ဓားဖြင့်ပြန်လည် ထိုးနှက်ခဲ့ရာ ရဲအုပ်အောင်နိုင်နှင့် နယ်ထိန်းတပ်ကြပ် သူရလွင်တို့ နေရာတွင်ပင် သေဆုံးခဲ့သည့်ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။