သတင်း

ပြည်တွင်းလေ့လာသူများ ကျောက်စိမ်းအစီရင်ခံစာကို ထောက်ခံကြိုဆို

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံ၏ ကျောက်စိမ်းထုတ်လုပ်မှုက ၂၀၁၄ခုနှစ် တနှစ်တည်းမှာပင် အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံရှိသည်ဟု ဖော်ပြခဲ့သော Global Witness ၏ အစီရင်ခံစာကို ယနေ့ထုတ် ပုဂ္ဂလိကပိုင် သတင်းစာနှင့် ဂျာနယ်အများစုတွင် ရေးသားဖော်ပြခဲ့ကြသည်။

လန်ဒန်အခြေစိုက် Global Witness ၏ “ကျောက်စိမ်း- မြန်မာနိုင်ငံ၏ ကြီးမားသည့် နိုင်ငံတော် လျှို့ဝှက်ချက်” အမည်ရှိ အစီရင်ခံစာကို အောက်တိုဘာလ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး အစီရင်ခံစာမှ ကိန်းဂဏန်း အချို့က သံသယဝင်စရာ အနည်းငယ် ရှိနေသော်လည်း ပြည်တွင်းမှ လေ့လာစောင့်ကြည့်သူများက ကြိုဆိုခဲ့ကြပါသည်။

ဒေါ်လာ ၃၁ ဘီလီယံဆိုသည့် တန်ဘိုးသည် မြန်မာနိုင်ငံ GDP ၏ တဝက်နီးပါးခန့်ဖြစ်ပြီး အစိုးရ၏ ကျန်းမာရေး အသုံးစရိတ်ထက် ၄၆ ဆ ပိုများကြောင်းနှင့် ဒေသခံပြည်သူများမှာ အကျိုးကျေးဇူး အနည်းငယ်သာ ခံစားရကြောင်း အစီရင်ခံစာတွင် နှိုင်းယှဉ်ဖော်ပြထားသည်။ အာဏာရှင်ဟောင်း ဦးသန်းရွှေ၊ အာဏာရပါတီမှ အရေးပါသူများဖြစ်သည့် ဝန်ကြီးဦးအုန်းမြင့်နှင့် ဝန်ကြီး ဦးမောင်မောင်သိန်းတို့ အပါအဝင် ထိပ်တန်းအာဏာပိုင်များ၏ မိသားစုများ၊ အမေရိကန်ပြည်ထောင်စုက မူးယစ်ဆေးဝါးနှင့် သင်္ကာမကင်းဖြစ်ပြီး လူဆိုးစာရင်းထည့်သွင်းထားသော ဝပြည်သွေးစည်းညီညွတ်ရေးတပ် ကဲ့သို့ လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များနှင့် နီးစပ်ပတ်သက်သော စီးပွားရေးသမားများက ကျောက်စိမ်းလုပ်ငန်းတွင် အဓိက ပါဝင်သူများ ဖြစ်ကြသည်ဟု Global Witness ၏ အစီရင်ခံစာ ကဆိုသည်။

၂၀၁၄ မှာ နိုင်ငံ့ဘဏ္ဍာထဲ အမေရိကန်ဒေါ်လာ ၃၇၄ သန်းသာ ရောက်လာခဲ့သော်လည်း ဘီလီယံနှင့်ချီသော ပိုက်ဆံများ အဆိုပါပုဂ္ဂိုလ်များ၏ အိတ်ကပ်ထဲ ရောက်သွားခဲ့သည်ဟု Globla Witness အစီရင်ခံစာမှာ သုံးသပ်ခဲ့ခြင်းအား ကျောက်မျက် လုပ်ငန်းရှင်များအသင်း၏ အတွင်းရေးမှူး ဦးထွန်းလှအောင်က ၎င်းတို့ အသင်းအနေဖြင့် နိုင်ငံပြင်ပသို့ မှောင်ခိုထုတ်နေသော ကျောက်မျက်ရတနာ ပမာဏကို မည်သည့်အချိန်ကမျှ မသိရှိခဲ့ရဟု ဆိုသည်။

“ကျောက်စိမ်းမှောင်ခို ရောင်းချမှုတွေရှိခဲ့ပြီးသလို ခုလည်းရှိနေသေးတဲ့အတွက် နိုင်ငံအနေနဲ့ အခွန် ဘဏ္ဍာငွေတွေ အမြောက်အများ ဆုံးရှုံးပါတယ်” ဟု သူက ပြောသည်။

“အစီရင်ခံစာက ကောင်းပါတယ်။ ဒီကိန်းဂဏန်းတွေကို ထုတ်ဖော်လိုက်တဲ့အတွက် အစိုးရအနေနဲ့လည်း အားနည်းချက်တွေကို သိသွားပါလိမ့်မယ်။ ကျောက်စိမ်းတွေကို တရားဝင်ရောင်းမယ်ဆိုရင်တော့ ပိုကောင်းပါတယ်”ဟုလည်း ဦးထွန်းလှအောင်က ပြောသည်။

ကျောက်စိမ်းလုပ်ငန်းတွင် မည်သည့်ကုမ္ပဏီသည် မည်သူက ကုမ္ပဏီပိုင်ရှင်အစစ်ဖြစ်သည် ဆိုခြင်းကဲ့သို့ ပျောက်ကွယ်နေသည့် အသေးစိတ် အချက်အလက်များကို ကျောက်မျက်လုပ်ငန်းရှင်အသင်းမှ မသိရှိကြောင်း သူက ထပ်ပြောသည်။

“အသေးစိတ် အချက်အလက်တွေကို ကျနော် မသိတဲ့အတွက် မှတ်ချက်မပေးနိုင်ပါဘူး။ ဒါပေမယ့် အစီရင်ခံစာကိုတော့ ကြိုဆိုပါတယ်” ဟု ဦးထွန်းလှအောင်က ဆိုသည်။

အစီရင်ခံစာတွင် အမေရိကန်မှ အရေးယူပိတ်ဆို့ခြင်းခံထားရသော မူးယစ်ရာဇာ ဝေရှောက်ခန်က အယောင်ပြ ကုမ္ပဏီ ကွန်ရက် တခုမှတဆင့် အရေးပါသော နေရာမှ ပါဝင်နေသည်ဟု ဖော်ပြထားသည်။ မြန်မာအစိုးရ စစ်တပ်ကိုယ်တိုင်က ၎င်း၏ ကုမ္ပဏီများမှ တဆင့် ဝေစုကြီးကြီးမားမား ဝင်ရောက်ရယူထားသည်ဟုလည်း ဆိုသည်။

စစ်အစိုးရနှင့် အဆက်အသွယ်ရှိသူများ တပ်မတော်ဟုသိကြသည့် မြန်မာစစ်တပ်နှင့် အဆက်အသွယ် ရှိသူများကလည်း ကျောက်စိမ်းကဏ္ဍကို တရားဝင် လုပ်ပိုင်ခွင့်များကို ထိန်းချုပ်ထားသည်ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်။ အဓိကအား ဖြင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်နှင့် မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်းတို့မှ တဆင့်ဖြစ်သည်။

“မြန်မာနိုင်ငံရဲ့ ကျောက်စိမ်းလုပ်ငန်းက ခေတ်သစ်သမိုင်းမှာ အကြီးမားဆုံးသော သဘာဝအရင်းအမြစ် လုယက်မှု ဖြစ်နိုင်ပါတယ်။ ၂၀၁၁ ခုနှစ်မှ စတင်ပြီးတော့ မြန်မာနိုင်ငံကို တံဆိပ်ပြောင်းလဲကပ်ထားတဲ့ အစိုးရက ရက်စက်တဲ့ စစ်အုပ်ချုပ်ရေး ခရိုနီစနစ်နဲ့ အတိတ်ကာလက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြောင်းလဲပစ်နေတယ်လို့ ကမ္ဘာကို ပြောခဲ့ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ တန်ဘိုးအရှိဆုံး သဘာ၀ အရင်းအမြစ်ဖြစ်သလို အရည်အသွေးကောင်းတဲ့ စွဲမက်ဖွယ်ရာ ကျောက်မျက်ရတနာဖြစ်တဲ့ ကျောက်စိမ်းကိစ္စမှာတော့ လက်တွေ့နဲ့ အလွန်ကွာခြားနေတာကို တွေ့ရပါတယ်” ဟု Global Witness မှ လေ့လာသုံးသပ်သူတဦးဖြစ်သည့် Juman Kubba က ကြေညာချက်တွင် ပြောကြားခဲ့သည်။

မြန်မာရတနာအောင်ဇဗ္ဗူ ကျောက်မျက်နှင့် ကျောက်စိမ်းကုမ္ပဏီ ဥက္ကဌ ဦးအောင်သိန်းက “ကျနော်တို့ဟာ ကျောက်စိမ်း ကုန်သွယ်ရေးမှာ လက်ဝါးကြီးအုပ်မှုနဲ့ တွေ့ကြုံနေရတယ်လို့ ပြောရပါမယ်။ တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင် တယောက် အနေနဲ့ ကျနော်တို့ အဲဒါကို ကြုံတွေ့နေရတယ်လို့ ပြောရမှာဖြစ်ပါတယ်” ဟု ပြောသည်။

“သူတို့ (ခရိုနီများနှင့် အစိုးရ) မှာက အာဏာနဲ့ ငွေရှိတယ်။ သူတို့ နှစ်သက်တာ မှန်သမျှလုပ်နိုင်တယ်” ဟု သူက ထပ်ပြောသည်။ မှောင်ခိုထုတ်ခြင်းကို ရှောင်လွှဲနိုင်ရန်အတွက် ပြည်တွင်း ကျောက်စိမ်းဈေးကွက် တခု ဖန်တီးပေးသင့်သည်ဟုလည်း ဆိုသည်။

“မြန်မာနိုင်ငံမှာ ပုံမှန်ဈေးကွက်မရှိဘူး။ ကျနော်တို့ အနေနဲ့ တနှစ်မှာ ၂ ကြိမ်ပြုလုပ်တဲ့ ကျောက်မျက်ရတနာပြပွဲကိုပဲ မှီခိုနေရတယ်။ ဒီပြပွဲတွေ မရှိတဲ့အချိန်မှာ အရောင်းအဝယ်လုပ်ဖို့ ဈေးကွက်ရှိမယ်ဆိုရင် မှောင်ခိုထုတ်တာ ရှိတော့မှာ မဟုတ်ဘူး” ဟု ဦးအောင်သိန်းက ပြောသည်။

“ကျနော်တို့ ဒါကို စောဒက မတက်ချင်တော့ပါဘူး။ ဘာကြောင့်လည်း ဆိုတော့ ကျနော်တို့ အကြိမ်ကြိမ်ပြောခဲ့ပြီးပြီ။ ဘာမှဖြစ်မလာခဲ့ဘူး” ဟု ဦးအောင်သိန်းက ပြောသည်။

၂၀၀၄ ခုနှစ် ကျောက်မျက်ပြပွဲ၏ အချက်အလက်များအပေါ် Global Witness က လေ့လာဆန်းစစ်မှုအရ အဆိုပါကုမ္ပဏီများသည် အရည်အသွေး အမြင့်ဆုံးကျောက်စိမ်းများကို ၁ ကီလိုဂရမ်လျှင် အမေရိကန် ဒေါ်လာ ၁၃၀၀၀ ဈေးနှုန်းဖြင့် ရောင်းချခဲ့သည်ဟု သိရသည်။ စစ်တပ်ပိုင် ကုမ္ပဏီများက တရားဝင် ပြသရောင်းချမှု ပမာဏက ၂၀၁၄ ခုနှစ်တွင် အမေရိကန် ဒေါ်လာ သန်း ၁၈၀ ရှိပြီး ၂၀၁၃ ခုနှစ်နှစ်တွင် ဒေါ်လာ သန်း၁၀၀ ရှိသည် ဟုသိရသည်။

အဆိုပါ ကုမ္ပဏီများကို ကာကွယ်ရေး ဦးစီးချုပ်အတွက် ပြင်ပ ဘတ်ဂျတ် ရန်ပုံငွေအဖြစ် သတ်မှတ်ထားကြသည်။ ကျောက်စိမ်းမှရသည့် ငွေကြေးများက ကချင်လွတ်မြောက်ရေးတပ်မတော်/ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA/KIO) တို့ကို တိုက်ခိုက်မည့် တိုက်ပွဲများတွင် အထောက်အကူအဖြစ် အသုံးပြုနေသည်ဟု ကချင်ပြည်နယ်ရှိ လူအများစုက ယုံကြည်နေကြသည်။

ကျောက်စိမ်းမှ အကျိုးအမြတ် ရရှိနေသူများထဲတွင် စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်အပြင် Ever Winner၊ KBZ Group၊ Asia World၊ Htoo Group တို့ ပါဝင်နေကြသည်ဟု ဖော်ပြထားသည်။ ထို့အပြင် အမေရိကန် ကုမ္ပဏီများဖြစ်သည့် Caterpillar နှင့် Coca Cola တို့သည် ကျောက်စိမ်းလုပ်ငန်းကို လက်ဝါးကြီးအုပ်ထားသော ကုမ္ပဏီများနှင့် ဖက်စပ်ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဗဟန်းမဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာညိုညိုသင်းက “ဒီလို မှောင်ခိုလုပ်ငန်းတွေကို အစိုးရရဲ့ ခရိုနီတွေက လုပ်တယ်ဆိုတာ ပြည်သူတွေက သိကြပါတယ်။ အာဏာရှင်စနစ်က တိုင်းပြည်ကို ဘယ်လောက်အထိ နစ်နာဆုံးရှုံးစေတယ်ဆိုတာကို ဒီလို အစီရင်ခံစာတွေက ဖော်ပြနေပါတယ်။ ဒီလို အစီရင်ခံစာတွေကို ကျမကြိုဆိုပါတယ်။ ဒေသခံတွေအနေနဲ့ အလားတူကိစ္စတွေကို ထုတ်ဖော်ပြောဆိုဖို့ ကျမတောင်းဆိုချင် ပါတယ်။ ဒါမှလည်း အစိုးရက ပြန်လည်စစ်ဆေး ထိန်းချုပ်နိုင်ပါလိမ့်မယ်” ဟုပြောသည်။

“ဒါကနောက်တက်လာမယ့် အစိုးရကို သတိပေးလိုက်တာပါပဲ။ အရင်အစိုးရက ပြည်သူတွေအပေါ် ဘယ်လောက် အကြွေးတင်သွားတယ်ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း ဖြစ်စေခဲ့ပါတယ်။ ခရိုနီတွေကို ဦးသန်းရွှေခေတ်မှာ ဖန်တီးခဲ့တယ်လို့ ကျမမြင်သလိုပဲ ပြည်သူတွေကလည်း မြင်မယ်လို့ထင်ပါတယ်။ ခရိုနီတွေက စစ်အစိုးရခေတ်မှာ ပေါ်လာခဲ့တာပါ” ဟု သူက ထပ်ပြောသည်။

ကျောက်စိမ်းသည် မြန်မာနိုင်ငံမှ အရေးအကြီးဆုံး လက်နက်ကိုင် ပဋိပက္ခဖြစ်သည့် အစိုးရတပ်များနှင့် ကချင် လက်နက်ကိုင်အဖွဲများကြားမှ တိုက်ပွဲများ အတွက် သိသာမြင်သာသော မောင်းနှင်အားတခု ဖြစ်သည်။

၂ ဘက်လုံးက ကျောက်စိမ်းလုပ်ငန်းမှ ဘဏ္ဍာငွေများ ရရှိနေပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည့် ၂၀၁၁ ခုနှစ်မှ စ၍ လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရသလို စစ်ဘေးကြောင့် အိုးမဲ့အိမ်မဲ့ ထွက်ပြေးရသူများမှာလည်း ၁၀၀၀၀၀ ခန့် ရှိသည်ကို မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ ကျောက်စိမ်းလုပ်ငန်းက စစ်အရာရှိကြီးများနှင့် အစိုးရအဖွဲ့ အတွင်းမှ သဘောထားတင်းမာသူများအတွက် ပဋိပက္ခကို အချိန်ဆွဲရန်နှင့် ကျောက်စိမ်းလုပ်ငန်း ပိုမိုပွင့်လင်းမျှတလာလျှင် လက်ရှိ တရားမဝင် ရရှိနေသည့် အခွင့်အရေးများကို ကာကွယ်ရန် မက်လုံးများ ဖန်တီးပေးသလို ဖြစ်ခဲ့သည်။

ကချင်ပြည်နယ်မှ ကျောက်စိမ်းလုပ်ငန်းကို မည်သူက စီမံခန့်ခွဲနေပြီး မည်သူက အကျိုးအမြတ်ရရှိနေသနည်း ဆိုသည့် မေးခွန်းကို ယခုအချိန်တွင် ဖြေရှင်းရန်နှင့် ပဋိပက္ခ အဆုံးသတ်နိုင်ရေးအတွက် အားလုံးပါဝင်သည့် ငြိမ်းချမ်းရေး သဘောတူညီချက်တခုကို တည်ဆောက်ရန် အစီရင်ခံစာက တောင်းဆိုထားသည်။

Global Witness၏ အစီရင်ခံစာမှ တရားမဝင် ကျောက်စိမ်း ထုတ်လုပ်မှု ကိန်းဂဏန်းများကို ဖတ်ရှုပြီးနောက် သူ ထိတ်လန့်သွားခဲ့ရသည်ဟု ECO-DEV Myanmarမှ ဒါရိုက်တာ ဦးဝင်းမျိုးသူက ပြောသည်။

“ကိန်း ဂဏန်းတွေကတော့ စဉ်းစားရပါမယ်။ ဒါပေမယ့် တရုတ်ဖက်က အမေရိကန် ဒေါ်လာ ၁၂ ဘီလီယံဆိုတာ ကတော့ သေချာတယ်။ ဒါကြောင့် ဒီပမာဏက ဒေါ်လာ ၁၂ ဘီလီယံနဲ့ ၃၁ ဘီလီယံကြားမှာ ရှိလိမ့်မယ်” ဟု သူက ဆိုသည်။

မြန်မာနိုင်ငံ၏ တရားမဝင် ကျောက်စိမ်းစီးပွားရေးမှ မည်သူတွေ အကျိုးအမြတ်ရရှိနေသည်ဆိုခြင်းကို အစီရင်ခံစာတွင် ဖော်ပြထားသည်ကို သဘောကျသည်ဟု သူကထပ်ပြောသည်။ အစိုးရက တရားဝင် ထုတ်ပြန်ခဲ့သည့် အမေရိကန် ဒေါ် လာ ၂ ဘီလီယံနှင့် အစီရင်ခံစာတွင် ပါဝင်သည့် ပမာဏ ကွာခြားချက်ကိုလည်း ဦးဝင်းမျိုးသူက ထောက်ပြသည်။

“ဒီပိုက်ဆံတွေ ဘယ်ရောက်သွားသလဲ။ ခင်ဗျားတို့ သိတဲ့ အတိုင်းပဲ ဈေးကွက်ထဲမှာ စီးဆင်းနေတဲ့ ငွေကြေး အများစုက ပိုင်ရှင် အမည်မတပ်နိုင်ဘူး။ အဲဒါကြောင့် အိမ်ခြံမြေလုပ်ငန်းနဲ့ တခြားသက်ဆိုင်ရာ ဈေးကွက်တွေပိုကြီးမားလာတာ” ဟု သူကပြောသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူများက အဆိုပါ အချက်အလက်များကို ထုတ်ပြန်ပေးရန်နှင့် သဘာ၀ သယံဇာတ အရင်းအမြစ်များ ထုတ်ယူမှုဆိုင်ရာ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး အစီအစဉ် (EITI) သို့ အစီရင်ခံရန် ကြိုးစားခဲ့သော်လည်း ၎င်းတို့ နှင့် ပူးပေါင်းဆောင်ရွက်ရန် အစိုးရက တုံ့ဆိုင်းနေပုံ ရသည်ဟု ဦးဝင်းမျိုးသူကပြောသည်။

“အကျိုးအမြတ် ဝေမျှမှု အားလုံး၊ အကျိုးအမြတ် ပိုင်ဆိုင်မှုနဲ့ သဘာ၀ အရင်းအမြစ် ကန်ထရိုက်တွေကနေ ဘယ်သူတွေ အကျိုးအမြတ် ရရှိနေတယ်ဆိုတာကို EITI ရည်ရွယ်ချက်အတိုင်း ပွင့်လင်းမြင်သာစွာ တင်ပြနိုင်ဖို့ ကျနော်တို့ ကြိုးစားရပါမယ်” ဟု သူက ဆိုသည်။

မြန်မာနိုင်ငံမှ ကျောက်စိမ်းထွက်ရာဒေသဖြစ်သည့် ဖားကန့်ဒေသ၏ သဘာဝပတ်ဝန်းကျင်မှာ ကျောက်စိမ်း အလွန်အကျွံ တူးဖော်ထုတ်ယူမှုကြောင့် အတော်များများ ပျက်စီးခဲ့ရပြီ ဖြစ်သည့်အတွက် စိတ်မကောင်းကြောင်းလည်း ဦးဝင်းမျိုးသူက ပြောသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ကျောက်စိမ်း အများဆုံး ထုတ်လုပ်ပေးနေသည့် နိုင်ငံဖြစ်ပြီး အများစုမှာ မန္တလေးမြို့၏ မြောက်ဘက် ၃၅၀ ကီလိုမီတာ အကွာ ကချင်ပြည်နယ်တွင်းမှ ပဋိပက္ခဖြစ်ပွားနေသော တောင်တန်းများကြားရှိ ဖားကန့် ဒေသမှ ဖြစ်သည်။

ကျောက်စိမ်းကုန်သွယ်ရေးနှင့် ကျောက်တွင်းများ ပိုင်ဆိုင်မှု ပြိုင်ဆိုင် ခြင်းကလည်း အစိုးရတပ်နှင့် KIA တို့ကြားမှ တိုက်ပွဲများကို မီးထိုးပေးသလို ဖြစ်ခဲ့ရသည်။

တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည့် ၂၀၁၁ ခုနှစ်မှစ၍ အစိုးရက ဖားကန့်ဒေသရှိ အကြီးစား တူဖော်ရေးလုပ်ငန်းများကို ရပ်ဆိုင်းထားခဲ့သည်ဟု ဆိုသော်လည်း Global Witness က စုံစမ်းစစ်ဆေးချိန် ၂၀၁၄ ခုနှစ်အတွင်း တွေ့ရှိချက်များအရ အကြီးစားစက်ယန္တရားများ ပိုမိုဝင်လာနေပြီး အစီရင်ခံစာပါ ဓာတ်ပုံများအရ အကြီးအကျယ် ဆက်ထုတ်နေကြသည်။

Loading