Ethnic Issues

NCA လက်မှတ်မထိုးသေးသော အဖွဲ့များ ပန်ခမ်းတွင် ညီလာခံ ပြုလုပ်မည်

This article has been converted from Zawgyi One to Unicode

အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်မထိုးသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အစည်းအဝေးကို ‘ဝ’ ပြည်သွေးစည်း ညီညွှတ်ရေး ပါတီ၊ ‘ဝ’ ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSP/UWSA) ထိန်းချုပ်နယ်မြေဖြစ်သော ပန်ခမ်းမြို့၌ ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါအစည်းအဝေးတွင် NCA လက်မှတ်မရေးထိုးရသေးသော UWSP/UWSA အပါအဝင် စုစုပေါင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ကိုဖိတ်ကြားထားကြောင်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းခေါင်းဆောင်များ ဒုတိယအကြိမ်ပန်ခမ်းဖြစ်မြောက်ရေးကော်မတီ ထံမှ သိရသည်။

UWSP/UWSA ပြင်ပ ဆက်ဆံရေးဌာနကြီးမှူး ဦးကျောက်ကော်အန်း၏ ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လျှောက်ဖူ က “တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲအပေါ် သဘောထားအမြင်ပေါ့။ နံပတ်နှစ် အချက်က တိုင်းရင်း သား အဖွဲ့အစည်းတွေအနေနဲ့ ရွေးကောက်ပွဲအပြီး တက်လာမယ့်အစိုးရသစ်နဲ့ ဘယ်လိုဆက်ပြီး ညှိနှိုင်းမလဲဆိုတဲ့ အချက်ပေါ့ ဒီနှစ်ချက်ကို ဆွေးနွေးကြမှာပါ” ဟု ဧရာဝတီသို့ပြောသည်။

ဖိတ်ကြားထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့ထဲတွင် UWSP/UWSA အပါအဝင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု (NDAA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ၊ မွန်ပြည်သစ်ပါတီ (NMSP)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့်တပ်ဖွဲ့၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်တပ်မတော် (AA)၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ-ကပ်ပလန် (NSCN-K) အဖွဲ့များပါဝင်သည်။

ထို့အပြင် ကရင် အမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDO)၊ ကယန်းပြည်သစ်ပါတီ (KNLP) တို့လည်း ပါဝင်သည်ကိုတွေ့ရသည်။

ပန်ခမ်းမြို့တွင် ယခုနှစ် မေလကလည်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကျင်းပခဲ့ဖူးပြီး ယခုအကြိမ်သည် ဒုတိယ အကြိမ်ဖြစ်သည်။ ထိုအကြိမ်က ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအဝင် အခြားလက်နက်ကိုင်အချို့ တက်ရောက်ခဲ့ကြသော်လည်း ယခုအကြိမ်တွင် NCA လက်မှတ်ရေးထိုးသော အဖွဲ့များကို ဖိတ်ကြားခြင်း မရှိပေ။

ပန်ခမ်းတွင်ပြုလုပ်မည်ဖြစ်သော ညီလာခံနှင့် ပတ်သက်၍ မသိရှိရသေးသော်လည်း သမ္မတ ဦးသိန်းစိန် လက်ထက်တွင် အုပ်မြစ်ချခဲ့သော NCA ကို ရွေးကောက်ပွဲမှ တဆင့် နောက်တက်လာမည့် အစိုးရသက်တမ်းတွင်လည်း လက်မှတ် မထိုးရ သေးသော အဖွဲ့များအနေဖြင့် ဆက်လက်ဆွေးနွေးနိုင်မှာဖြစ်ကြောင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာန(MPC) ပြောခွင့်ရပုဂ္ဂိုလ် ဦးလှမောင်ရွှေ က ဧရာဝတီသို့ ပြောသည်။

နေပြည်တော်၌ ယခုလ ၁၅ ရက်နေ့တွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့တို့အကြား NCA လက်မှတ်ရေးထိုးခဲ့ပြီး ယခုပန်ခမ်းညီလာခံကို ဖိတ်ကြားထားသည့် အဖွဲ့များအနေဖြင့် အားလုံးပါဝင်ရေးမူကို လက်မခံ၍ လက်မှတ်မထိုးနိုင်သေးကြောင်း သဘောပေးခဲ့ကြသည်။

NCA ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး လက်မှတ်မရေးထိုးနိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ အထူးသဖြင့် တရုတ်နယ်စပ်တွင် အခြေစိုက်ထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့အနေဖြင့် အားလုံး မပါဝင်နိုင်သေးလျင် လက်မှတ်မရေးထိုးသေးရန် အိမ်နီးချင်း တရုတ်နိုင်ငံက ဝင်ရောက်စွက်ဖက်မှုများရှိနေကြောင်း MPC ၏ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ညှိနှိုင်း အကောင်အထည်ဖော်ရေးဋ္ဌာန ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးက မကြာသေးခင်က ထုတ်ဖော် ပြောဆိုခဲ့သေးသည်။

Loading