နိုဝင်ဘာလ ၈ ရက်နေ့ကျင်းပမည့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနိုင်ရရှိ၍ အစိုးရဖွဲ့နိုင်လျှင် တပ်မတော်ခေါင်းဆောင်များကို အခက်အခဲကြုံစေမည့် ပြဿနာရှာခြင်းများ လုပ်ဆောင် မည်မဟုတ်ဘဲ တပ်မတော်နှင့် NLD အကြား အထင်အမြင်မှားစေမည့် ဝါဒဖြန့်မှုများကိုလည်း မယုံကြည်ကြရန် ပြည်သူများကို ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားလိုက်သည်။
အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီ၊ ကော့မှူးမြို့နယ်၊ အနောက်ဘက်ခြမ်း၊ အဖျောက်ကျေးရွာတွင် ပြုလုပ်သည့် မဲဆွယ်စည်းရုံးရေး ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
“ဒီနေ့ ကော့မှူးပြည်သူတွေရှေ့မှာ ကျမ ကတိပြုပြောလိုက်တယ်။ တပ်မတော်ဆိုတာ ကျမ ဖေဖေ ကိုယ်တိုင် တည် ထောင် ခဲ့တာပဲ။ ပြည်သူချစ်တဲ့အဖွဲ့အစည်းဖြစ်အောင် ပံ့ပိုးပေးမှာ။ ဒါမှ ပြည်သူတွေလုံခြုံမယ်။ ကျမအနေနဲ့ ဝါဒဖြန့်ချိမှု တွေမှာ ပြောဆိုနေသလို တပ်မတော်က ဘယ်သူ့ကိုမှ တိုက်ခိုက်ချင်တဲ့ဆန္ဒမရှိဘူး။ အရေးယူဖို့ ပြဿနာရှာ ဖို့ရည်ရွယ် ချက်လည်း မရှိဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
လူမှုကွန်ရက် စာမျက်နှာများတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်အကြား၊ NLDနှင့် တပ်မတော်အကြား အထင်အမြင်လွဲမှားစေမည့်စာသားများ ၊ အမြင်သုံးသပ်ချက်များ ရေးသားနေမှုများသည် ရည်ရွယ်ချက်ရှိသော ဝါဒဖြန့်ချိမှုများဖြစ်ပြီး ပြည်သူများအနေဖြင့် ယင်းဝါဒဖြန့်မှုများကို မယုံကြည်ရန်လည်း ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားပြောဆိုသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရရှိ၍ အစိုးရဖွဲ့နိုင်ပါက စီးပွားရေးလုပ်ငန်းရှင်များကို လွတ်လပ်သည့် စီးပွားရေးလုပ်ပိုင်ခွင့်ပေးခြင်း၊ တပ်မတော်ကိုလည်း သိက္ခာရှိစွာ ရပ်တည်နိုင်သည့် တပ်မတော်တရပ်အဖြစ် ရပ်တည် နိုင်ရေး ပံ့ပိုးပေးခြင်းများ ပြုလုပ်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲတွင် ကော့မှူး မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် အရွေးချယ်ခံခဲ့ရပြီး ၂၀၁၅ ခုနှစ်တွင်လည်း ကော့မှူးမြို့နယ်မှ ဆက်လက် အရွေးချယ်ခံမည်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်တွင် ကျေးရွာ အုပ်စု ၆၂ စု ရှိ ကျေးရွာခွဲပေါင်း ၁၂၆ ရွာတွင် မဲပေးခွင့်ရှိသူ ဦးရေ ၉၀၀၀၀ ကျော်ရှိကြောင်း သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ကော့မှူးမြို့နယ် တွင် ပြုလုပ်သည့် ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲသို့ ထောက်ခံသူ ၁ သောင်းနီးပါးရောက်ခဲ့ကြကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် သည် အောက်တိုဘာ ၂၅ ရက်နေ့တွင် ကော့မှူးမြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာများသို့ သွားရောက်မဲဆွယ်မည်ဖြစ်ပြီး နိုဝင်ဘာ ၁ ရက်နေ့တွင် ရန်ကုန်မြို့၌ ဟောပြောမှု များပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။