ရန်ကုန်မြို့ သာကေတမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) မဲဆွယ်စည်းရုံးစဉ် နှောင့် ယှက် သည်ဟုဆိုကာ ရပ်ကွက်နေပြည်သူ ကိုတင်ဝေစိုး ကို ရဲတပ်ဖွဲ့ က ဖမ်းဆီးထားကြောင်း သာကေတမြို့နယ် အမှတ် ၁ ရဲစခန်း မှ သိရှိရ သည်။
“ဖမ်းထားတယ်။ အထက်က ညွှန်ကြားထားလို့ ခြေချုပ်နဲ့ ထားထားတယ်။ အထက် က ဘယ်သူကခိုင်းသလဲဆိုတာတော့ ပြောပြလို့မရဘူး။ တင်ဝေစိုး ကို စွဲထားတဲ့အမှုတွေက အာမခံပေးလို့လည်းမရဘူး”ဟု စခန်းမှ တာဝန်ကျ ရဲအရာရှိ က ရှင်းပြ သည်။
အောက်တိုဘာ ၂၃ ရက်နေ့ ညပိုင်း တွင် USDP ပါတီ မှ သာကေတမြို့နယ်အတွင်း မဲဆွယ်စည်းရုံးခြင်းနှင့် ဖျော်ဖြေရေးအစီအစဉ်များ ပြုလုပ်စဉ် ၁ ရပ်ကွက်နေ ကိုတင်ဝေစိုး က မူးယစ်ရမ်းကားပြီး နှောက်ယှက်သည်ဟုဆိုကာ သာကေတမြို့နယ် USDP ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်စိုး နှင့်အဖွဲ့ က တိုင်ကြားသဖြင့် ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။
“သူတို့ဖျော်ဖြေရေးကားက အလံတွေက သားရဲ့ ကားရှေ့မှာ တရမ်းရမ်းလုပ်နေတော့ သား ကလည်း သူ့ကားကို ထိခိုက်မိမှာစိုးလို့ ထွက်ပြောတာ။ ဖြစ်ချင်တော့ သား က သောက်စားထားတယ်။ ပုံမှန်ဆို အနေ အေးတဲ့ကလေး ဟုတ် မဟုတ် ရပ်ကွက်ထဲလာစုံစမ်းကြည့်လို့ရတယ်။ အန်တီကတော့ သားကိုပြောလိုက်တယ်။ နင်လွှတ်အုံးမှာမဟုတ်ဘူး။ ငါက NLD ပါတီဝင်ဖြစ်နေတယ်။ နင့်ကို ရွေးကောက်ပွဲပြီးမှ လွှတ်ပေးမှာလို့ မပူနဲ့ လောလောဆယ်မလွတ်ဘူး လို့ ပြောထားတယ်”ဟု ဖမ်းဆီးခံထားရသည့် ကိုတင်ဝေစိုး၏ မိခင် ဒေါ်မြစိန် က ဧရာဝတီသို့ပြောသည်။
လက်ရှိတွင် USDP ပါတီ မဲဆွယ်စည်းရုံးမှု ကို အော်ဟစ်ဆဲဆိုခြင်းနှင့် မူးယစ်ရမ်းကားခြင်းတို့ပြုလုပ်သူ ကိုတင်ဝေစိုး ကို သာကေတမြို့နယ် အမှတ် ၁ ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း၊ ရဲစခန်း မှ ပုဒ်မ ၂၉၄/ ၅၀၆ / ၅၀၉ နှင့် ၅၁ (စ/ဆ) တို့ဖြင့် အမှုဖွင့် အရေးယူထားပြီး ရက်ပိုင်းအတွင်း အင်းစိန်ထောင်သို့ လွှဲပြောင်းမည်ဖြစ်ကြောင်း၊ လာမည့် နိုဝင်ဘာ ၄ ရက်နေ့တွင် စတင် ရုံးထုတ် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးစဉ် ကာလအတွင်း ပါတီ တခု နှင့် တခုအကြား မဲဆွယ်စည်းရုံးမှု တွင် ဝင်ရောက်နှောင့် ယှက်သဖြင့် တိုင်ကြားမှုများ၊ မဲဆွယ်စည်းရုံးမှု ပြုလုပ်ရာတွင် အနှောက်အယှက်ပေးသည်ဟုဆိုကာ တိုင်ကြားမှုများ၊ ပါတီကိုယ်စားလှယ်လောင်းများ ကို တိုင်ကြားမှုမှာ တနိုင်ငံလုံးအတိုင်းအတာအားဖြင့် ၁၀ မှု ခန့်ရှိနေ သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။