အပစ်ရပ်စာချုပ် လက်မှတ်ထိုးပြီး KNU နယ်မြေအတွင်း တပ်သားသစ် စုဆောင်းမှုပိုများလာ
This article has been converted from Zawgyi One to Unicode
တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ကရင် အမျိုးသား အစည်း အရုံး(KNU) မှ တပ်သားသစ် စုဆောင်းသည်ဟုဆိုကာ မြိုင်ကြီးငူဒေသသို့ ထွက်ပြေးလာသူ၁၀၀၀ ကျော် ထပ်တိုးလာပြီရှိကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၇ရက်နေ့ကတည်းက စစ်သားစုဆောင်းနေမှုများကြောင့် ထွက်ပြေးသူ ၂၀၀၀ ကျော်ခန့်ရှိ ရာမှ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ပြီးနောက်ပိုင်းတွင် အောက်တိုဘာ ၂၀ ရက်နေ့တွင် ထွက်ပြေးသူ ၁၀၀၀ ကျော်ထပ်မံတိုး လာခြင်းဖြစ်ကြောင်း မြိုင်ကြီးငူ ဒေသခံများက ပြောသည်။
“ကျနော်တို့ အိမ်တွေကို ဝင်လာပြီး စစ်သား လိုက်ကောက်တယ်။ အုပ်စုတစုကို ၁၀ ယောက် ရှိရမယ်လို့ ပြောတယ်။ ကောက်တာမလိုက်ရင် မိဘတွေ ဖမ်းမယ်ပြောလို့ မနေရဲတော့ပဲ ပြေးလာတာပါ” ဖာပွန်ခရိုင်ရွှေဖလားကျန့် ကျေးရွာမှ မြိုင်ကြီးငူ ဒေသသို့ ထွက်ပြေးတိမ်းရှောင်လာသူ အုပ်ချုပ်ရေးမှူး ဦးမောင်ထောက ဧရာဝတီကို ပြောသည်။
မြိုင်ကြီးငူဒေသသို့ ထွက်ပြေးခိုလှုံနေသူ အိမ်ထောင်စု ၄၈၉ စုမှ လူဦးရေ ၃၁၈၄ ဦးရှိပြီး ထွက်ပြေး လာသူများမှာ ဖာပွန်ခရိုင် အတွင်းရှိ ဟတ်ကြီး ၊ကျောင်းရွာ၊ ရွှေဖလားကျန့်၊ မျဉ်းသပြေး ၊ မဲ့သလေ ၊ ပိုင်လာ၊ ဘူးဝါးကွီး ခေါ် ဘီနှဲ့၊ စောခယ်ထ၊ တမိုးဖိုး၊ ဖားကျော်၊ ဘုရားကျောင်း နှင့် ရွှေအေး ကျေးရွာများမှ ဖြစ်ကြသည်။
KNU ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းငြိမ်းမောင်က တပ်သားသစ် စုဆောင်းနေသည်မှာ ၎င်းတို့မဟုတ် ကြောင်း၊ ယခင် တပ်မဟာ ၅ အဖွဲ့ဝင်ဖြစ်ခဲ့ပြီး ယခုတွင် KNU နှင့် သက်ဆိုင်ခြင်း မရှိသည့် ဖားမီးဆိုသည့် သူက ဦးဆောင်နေသည့် လက်နက်ကိုင် အဖွဲ့ငယ် တဖွဲ့က လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ဧရာဝတီကို ပြောဆိုသည်။
KNU ၏ ဗဟိုကော်မတီဝင် စောတာဒိုမူးက ၎င်းတို့နယ်မြေအတွင်း ကိစ္စရပ်များ၊ ၎င်းတို့ အဖွဲ့အစည်းအတွင်း ကိစ္စရပ်များနှင့် ပတ်သတ်၍ KNU မှ NCA လတ်မှတ်ထိုးပြီးသည်နှင့် ကိုင်တွယ်ဆောင်ရွက်သွားမည်ဟု အောက်တိုဘာလ ၁၅ ရက်က ဧရာဝတီကို ပြောဆိုခဲ့သေးသည်။
ထွက်ပြေးတိမ်းရှောင်လာသူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့၊ BGF နှင့် ကရင်အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ စားနပ်ရိက္ခာများ ထောက်ပံ့ပေးသော်လည်း နေရာထိုင်ခင်းများ၌ အခက်အခဲ ရှိနေကြောင်း သိရသည် ။