Human Rights

အစာငတ်ခံဆန္ဒပြသည့် ကိုအောင်မှိုင်းဆန်း သတင်း အမှောင်ချခံထားရ

This article has been converted from Zawgyi One to Unicode

အမျိုးပညာရေးဥပဒေကို ဆန့်ကျင်ဆန္ဒပြသည့် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သည့် ုကိုအောင်မှိုင်းဆန်းသည် နိုင်ငံရေး အကျဉ်းသားများ ပြန်လည်လွတ်မြောက်ရေး အောက်တိုဘာလ ၂၃ ရက်နေ့မှစတင်၍ အစာငတ်ခံ ဆန္ဒပြ လျက် ရှိပြီး လတ်တလော အစာငတ်ခံ ဆန္ဒပြနေသည့် ကိုအောင်မှိုင်းဆန်း၏ သတင်းကို စုံစမ်း၍ မရဘဲ အမှောင်ချခံ ထားရ ကြောင်း မိသားစုဝင်များက ပြောသည်။

ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်းသည် တနိုင်ငံလုံးရှိ နိုင်ငံရေး အကျဉ်းသားများ လွှတ်မပေးလျှင် အစာငတ်ခံ ဆနပြမည်ဟု သမ္မတ ဦးသိန်းစိန်ထံ စာရေးသား ပေးပို့တောင်းဆိုခဲ့ကြောင်း၊ သို့ရာတွင် နိုင်ငံရေးအကျဉ်းသားများ မလွှတ် ပေးသည့်အတွက် အောက်တိုဘာလ ၂၃ ရက်နေ့မှစတင်၍ အစာငတ်ခံ ဆန္ဒပြနေခြင်းဖြစ်ကြောင်း သိရှိရသည်။

လတ်တလော ကိုအောင်မှိုင်းဆန်း အခြေအနေကို မေးမြန်းစုံစမ်းရာတွင် သာယာဝတီ အကျဉ်းထောင်က ဖုန်းလက်ခံ ပြောကြားခြင်း မရှိဘဲ သတင်းအမှောင်ချခံထားရကြောင်း ကိုအောင်မှိုင်းဆန်း၏ဇနီးသည် မလဲ့လဲ့နွယ်ထံမှ စုံစမ်း သိရှိရသည်။

ဗန်းမော်တင်အောင် ကျဆုံးခြင်း ၃၇ နှစ်ပြည့်နေ့ ဖြစ်သော အောက်တိုဘာလ ၂၃ ရက်နေ့မှ စတင်ပြီး ကျောင်းသား ခေါင်းဆောင် ကိုအောင်မှိုင်းဆန်းက ၎င်း၏ သဘောဆန္ဒဖြင့် သာယာဝတီ အကျဉ်းထောင်ထဲတွင် အစာငတ်ခံ ဆန္ဒပြနေခြင်း ဖြစ်ပြီး ယနေ့ အောက်တိုဘာ ၂၆ ရက်နေ့ဆိုလျှင် ၄ ရက်မြောက် ရှိလာပြီ ဖြစ်သည်။

“ ကျမ ဒီနေ့ ဖုန်းဆက်တာ ပထမ ဖုန်းဝင်တော့ အကျဉ်းထောင်က ဖုန်းလုံး၀ မဖြေဘဲ ဖုန်းချပစ်တယ်။ အခု ဆက်တိုက် ခေါ်နေတာ ဖုန်းဝင်ပေမယ့် လုံး၀ ထပ်မကိုင်တော့ဘူး။ ဒါကြောင့် ဒီနေ့ အခြေအနေကို မသိရသေးဘူး။ နောက်ဆုံး သိရတာကတော့ သူ့ကို အခြားသူတွေနဲ့ ခွဲပြီး တယောက်ထဲ တိုက်တခုမှာ ထားတယ်။ ရေပေးထားတယ်လို့ ပြောပါတယ်” ဟု ဇနီးသည် မလဲ့လဲ့နွယ်က ဆိုသည်။

ဗကသ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် ကိုအောင်မှိုင်းဆန်း အစာငတ်ခံ ဆန္ဒပြမှုကို အကြမ်းဖက် မနှိမ်နင်းရန်၊ သတင်း အချက်အလက် ဖြတ်တောက်ခြင်း မပြုရန်၊ ကျန်းမာရေး စောင့်ရှောက်မှု ပေးရန်နှင့် ရေဖြတ်တောက်မှုများ မပြုလုပ်ရန် အောက်တိုဘာလ ၂၃ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန် တောင်းဆိုထားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွ့ဲချုပ်မှ ကိုအောင်မှိုင်းဆန်း အစာငတ်ဆန္ဒပြသည့် ကိစ္စနှင့်ပတ်သက်၍ အောက်တိုဘာလ ၂၆ ရက်နေ့တွင် ကြေညာချက်တစောင်ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်တွင် ကျောင်းသားများကို ဖမ်းဆီးချုပ်နှောက်ထားခြင်းကို အပြင်းအထန် ရှု့ချကြောင်းနှင့် ကျောင်းသားလူငယ်များကို အမြန်ဆံုံး ပြန်လွှတ်ပေး စေလိုကြောင်း တောင်းဆိုထားသည်။

မတ်လ ၁၀ ရက်က အမျိုးသား ပညာရေး ဥပဒေနှင့်ပတ်သက်ပြီး လက်ပံတန်းအထိ ချီတက်ဆန္ဒပြ တောင်းဆိုခဲ့သည့် ကျောင်းသား များနှင့် ဝန်းရံပြည်သူများကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖမ်းဆီး ချုပ်နှောင်ခဲ့ပြီးနောက် စွဲချက်အမျိုးမျိုးဖြင့် တရား စွဲဆို အမှုဖွင့်ခဲ့ပြီး ယနေ့အချိန် တရားရင်ဆိုင်နေရဆဲဖြစ်သည်။

Loading