ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့၌ အသက် ၁၉ နှစ်အရွယ် ထိုင်းအမျိုးသမီးတဦး အသတ်ခံရမှုနှင့် ပတ်သက်ပြီး အနည်းဆုံး မြန်မာရွှေ့ပြောင်း အလုပ်သမား ၄ ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။
“လက်ရှိဖမ်းဆီး ခံထားရတာ ၄ ယောက်၊ ၅ ယောက်လောက် ရှိမယ်လို့တော့ ကျနော်တို့ သိရတယ်။ ဖမ်းပြီး စစ်ဆေးတာတွေတော့ အများကြီးပဲ၊ မနက်ဖြန်မှာ အဖမ်းခံထားရသူတွေနဲ့ ကျနော်တို့အဖွဲ့ တွေ့ဖို့ရှိပါတယ်” ဟု ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့မှ ဦးမင်းဦးက ဧရာဝတီကို ပြောသည်။
လူသတ်မှုနှင့် ပတ်သက်ပြီး သင်္ကာမကင်းသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အများအပြားကို ယခုရက်ပိုင်အတွင်း ဆက်တိုက်ဆိုသလို ဖမ်းဆီးစစ်ဆေးနေမှုများ ရှိနေကြောင်း၊ စစ်ဆေးပြီး ပတ်သက်မှု မရှိသည်ဟု ယူဆသူများကို ပြန်လည် လွှတ်ပေးနေကြောင်း ဦးမင်းဦးက ဆိုသည်။
အသတ်ခံရသည့် ထိုင်းအမျိုးသမီးသည် အသက် ၁၉ နှစ် အရွယ်ရှိ Orawee Samphaothong ခေါ် Apple ဆိုသူဖြစ်ပြီး စက်တင်ဘာလ ၂၈ ရက်က သူ၏ သူငယ်ချင်းဖြစ်သူထံ တဦးတည်း အလည်သွားစဉ် လမ်း၌ အသတ်ခံရခြင်းဖြစ်ပြီး ဓားဒဏ်ရာများဖြင့် သေဆုံးခြင်းဖြစ်ကြောင်းနှင့် သေဆုံးသူ၏ ရုပ်အလောင်းတွင် ဓားဒဏ်ရာ ၁၇ ချက်ကို စစ်ဆေးတွေ့ရှိသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားကြောင်း ဦးမင်းဦးက ဆက်ပြောသည်။
ဖမ်းဆီးခံထားရသည့် မြန်မာလူငယ်များအား ဥပဒေကြောင်းအရ ကူညီဆောင်ရွက်ပေးနိုင်ရန် ဘန်ကောက်ရှိ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၂၇ ရက်တွင် ရနောင်းမြို့သို့ လာရောက်မည်ဖြစ်ပြီး ဖမ်းဆီးခံ မြန်မာလူငယ်များနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။
ထိုလူသတ်မှုနှင့် ပတ်သက်ပြီး ဖမ်းဆီးခံထားရသည့် မြန်မာလူငယ် အလုပ်သမားများမှာ မန်စိန်၊ ဝင်းကို၊ ကျော်စိုးဝင်းတို့ ဖြစ်ကြပြီး အသက် ၂၀ အောက် လူငယ်များ ဖြစ်ကြသည်။ လူသတ်မှုနှင့် ပတ်သက်ပြီး ၎င်းတို့ကျူးလွန်ထားသည်ဟု ထိုင်းနှင့် မြန်မာ အများစုက ယုံကြည်မှု မရှိကြောင်း ဦးမင်းဦးက ပြောသည်။
ဖမ်းဆီးခံ လူငယ်များအား ၎င်းတို့၏ မိဘများနှင့် တွေ့ဆုံခွင့် မပြုသေးကြောင်း၊ ထိုလူသတ်မှုနှင့် ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့ အာဏာပိုင်များက အောက်တိုဘာလ ၂၇ ရက်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရန် စီစဉ်နေပြီး တရားရုံးသို့ တင်ပြမည်ဖြစ်ကြောင်း သိရသည်။