Human Rights

တပ်ချုပ်ကို သရော်သည့် မချောစန္ဒီထွန်း အသရေဖျက်မှုနှင့်ပါ ထပ်တိုးတရားစွဲခံရ

This article has been converted from Zawgyi One to Unicode

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဝတ်ဆင်ထားသော ယူနီဖောင်းသည် ဒေါ်အောင်ဆန်း စုကြည် ဝတ်ဆင်ထားသော ထမီအရောင်နှင့် ဆင်တူသည်ဟု လူမှုကွန်ရက် စာမျက်နှာတွင် ရေးသား ဖော်ပြခဲ့သည့် မချောစန္ဒီထွန်း(ခ) ချစ်သမီးကို အီလက်ထရောနစ် ဆက်သွယ်ရေး ပုဒ်မအပြင် အသရေဖျက်မှု ပုဒ်မကိုပါ ထပ်တိုး တရားစွဲလိုက်ကြောင်း သတင်းရရှိသည်။

မချောစန္ဒီထွန်းကို တပ်မတော်ကိုယ်စား ပုသိမ်အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ ပထမတန်း စစ်ရေးဦးစီး အရာရှိ ဒုတိယ ဗိုလ်မှူးကြီး ကျော်ထင်က တရားလိုပြုလုပ် တရားစွဲဆိုထားခြင်းဖြစ်ပြီး အောက်တိုဘာ ၂၇ ရက်နေ့ ပြုလုပ်သည့် ဒုတိယမြောက် ရုံးချိန်းတွင် အသရေဖျက်မှု ပုဒ်မ ၅၀၀ နှင့်ပါ ထပ်တိုးတရားစွဲဆိုလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“သမီးကို သူတို့ ပထမအမှုဖွင့်တာက ဆက်သွယ်ရေးပုဒ်မ ၃၄ (ဃ) နဲ့ ဖွင့်တယ်။ နောက်ပိုင်းမှာ ၆၆ (ဃ) ကို ပြောင်း လိုက်တယ်။ ဒီနေ့ကျတော့ ကာကွယ်ရေးဦးစီးချုပ်ကို အသရေဖျက်မှုတယ်ဆိုပြီး ပုဒ်မ ၅၀၀ နဲ့ ထပ်စွဲတာ”ဟု မချောစန္ဒီထွန်း၏ မိခင်ဖြစ်သူ ဒေါ်အိစံက ဧရာဝတီကို ပြောသည်။

မချောစန္ဒီထွန်းသည် မအူပင်နည်းပညာတက္ကသိုလ်မှ B.Tech (EC) ဖြင့် ဘွဲ့ရထားသူ ဖြစ်ပြီးမအူပင်ခရိုင်ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်ဟောင်းတဦးဖြစ်ကြောင်း၊ ယခုနှစ် ဖေဖော်ဝါရီလအတွင်းကပေါ်ပေါက်ခဲ့သည့် ဧရာဝတီကျောင်းသား သပိတ် စစ်ကြောင်းတွင် လိုက်ပါရင်း အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်ခဲ့သူတဦး ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် ကျောင်းသားသမဂ္ဂမှ နှုတ်ထွက်၍ မအူပင်မြို့နယ် NLD ပါတီသို့ဝင်ရောက်ပြီး ပါတီ အောင်နိုင်ရေး လုပ်ငန်းများ ဝိုင်းဝန်းကူညီဆောင်ရွက်နေသူဖြစ်ကြောင်း သိရှိရသည်။

အလားတူ ရန်ကုန်တိုင်း လှိုင်မြို့နယ်နေ ဦးပက်ထရစ်ခွန်ဂျာလီမှာလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်ကို သရော်ထားသည့်ဓာတ်ပုံကို လူမှုကွန်ရက်တွင် ဖြန့်ဝေခဲ့သည်ဟုစွပ်စွဲ၍ ရဲတပ်ဖွဲ့က ဖမ်းဆီးခံ ထားရပြီး ရန်ကုန်တိုင်း ဒေါပုံမြို့နေ ကိုလူဇော်စိုးဝင်းမှာ အစိုးရအရာရှိများကို လူမှုကွန်ရက်၌ ညစ်ညမ်းစွာ ဆဲဆိုသည် ဟူသောစွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရကြောင်း၊ ဖမ်းဆီးခံထားရသူများကို အမြန်ဆုံး ပြန်လွှတ်ပေးရန် အမေရိကန်အစိုးရ က တိုက်တွန်းပြောဆိုထားကြောင်း သိရှိရသည်။

အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)သည် စစ်အစိုးရလက်ထက် ၂၀၀၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ဆက်သွယ်ရေးကွန်ရက်တခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တဦးဦးကို ခြောက်လှန့်ခြင်း၊ အနိုင့်အထက် ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ကျူးလွန်ပါက ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်ကြောင်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

Loading