Politics

လူကြိုက်များမှုနှင့် လက်တွေ့ကျမှုကြားက ဒေါ်အောင်ဆန်းစုကြည်

This article has been converted from Zawgyi One to Unicode

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မဲဆွယ်စည်းရုံးရေးခရီးတွေ ထွက်ခဲ့ရာမှာတော့ သူမရဲ့ မိန့်ခွန်းတွေကနေတဆင့် မဲဆန္ဒရှင်ပြည်သူတွေရဲ့ အခြေခံ လိုအပ်ချက်တွေကို ထိတွေ့အသုံးချနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူဟာ မြန်မာနိုင်ငံရဲ့ မဲဆန္ဒရှင်အများစုကို ဆွဲဆောင်နိုင်တဲ့ တဦးတည်းသော နိုင်ငံရေးသမားဖြစ်ကြောင်း သူ့ရဲ့မဲဆွယ်စည်းရုံးရေး မိန့်ခွန်းတွေက သက်သေပြခဲ့တာပဲဖြစ်ပါတယ်။

မဲဆန္ဒရှင်ပြည်သူတွေရဲ့မျှော်လင့်ချက်နဲ့ လိုလားချက်တွေကို ထင်ဟပ်အသုံးချနိုင်တဲ့ သူ့ရဲ့ စွမ်းရည်ဟာ လာမယ့် နိုဝင်ဘာရွေးကောက်ပွဲအတွက် သူ့ရဲ့ပါတီ NLD ကို အများကြီး အကျိုးရှိစေ ပါတယ်။

အောက်တိုဘာလ ပထမအပတ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်မြို့အပြင်ဘက် မှော်ဘီနဲ့ တိုက်ကြီးမှာ မဲဆွယ်စည်းရုံးရေးဆင်းခဲ့ပြီး သူ့ကိုထောက်ခံသူပြည်သူတွေ ထောင်နဲ့ချီပြီး တက်ရောက်ခဲ့ကြတာပါ။

ဒီဘက်ခေတ်မှာတော့ ဘယ်နိုင်ငံရေးသမားကမှ သူလိုမျိုးပြည်သူလူထုရဲ့ ထောက်ခံမှုကို ရခဲ့ဖူးတာ မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည် သွားရာနေရာတိုင်းမှာတော့ နေပူပူ မိုးရွာရွာ ပြည်သူတွေက သူ့ကိုထွက်ကြိုကြပါတယ်။

ဒီအသက် ၇၀ အရွယ် ဒီမိုကရေစီခေါင်းဆောင်ဟာ သူရဲ့ မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေမှာ တခုခုထူးခြားကာ၊ အသစ်တခုခုများ ပြောလေမလားလို့ စာနယ်ဇင်းသမားတွေအနေနဲ့ ကျနော်တို့ သေသေချာချာနားထောင်ခဲ့ကြပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ မိန့်ခွန်းတွေကို အလီလီပြောပြီးတဲ့အချိန်မှာတော့ စာနယ်ဇင်းသမားတွေက ဒေါ်အောင်ဆန်းစုကြည်ဟာ ပြောပြီးသား တွေကိုပဲ ထပ်ခါတလဲလဲ ပြောနေတာပဲ၊ ဖန်တရာတေနေပြီလို့ ဝေဖန်ခဲ့ကြပါလိမ့်မယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အငြင်းပွားဖွယ်ကိစ္စရပ်တွေ ဥပမာ – ဘင်္ဂါလီလို ကိစ္စရပ်မျိုးတွေနဲ့ပတ်သက်ပြီး ပြောလိမ့်မလားလို့ နိုင်ငံခြားလေ့လာသူတစ်ချို့က စောင့်ကြည့်ခဲ့ကြ ပါတယ်။ တကယ်တမ်းမှာလည်း ဒီကိစ္စအပြင် အခြားသောကိစ္စရပ်တွေနဲ့ပတ်သက်ပြီး နှုတ်ဆိက်နေခဲ့ လို့ သူ့ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြတာပါ။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စည်းရုံးရေးမိန့်ခွန်းတွေနဲ့ပတ်သက်ပြီး အများက သတိမပြုမိကြတဲ့အချက်တစ်ချက်ရှိပါတယ်။ ဒါကတော့ သူဟာ မဲဆန္ဒရှင်အများစုရဲ့ အခြေအနေနဲ့ သူတို့ရဲ့ စိုးရိမ်မှုတွေကို နားလည်နိုင်စွမ်းရှိတာပဲဖြစ်ပါတယ်။ ဒါဟာ နိုင်ငံရေးသမားတိုင်းအတွက် အရေးကြီးတဲ့ အချက်ပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့လတွေမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ကယားပြည်နယ်အပြင် မြန်မာနိုင်ငံအလယ်ပိုင်းမှာရှိတဲ့ ဒေသတွေအတော်များများကိုလည်း ဆက်တိုက်ဆိုသလို ခရီးထွက်ခဲ့ပါတယ်။ ဒါ့အပြင် အောက်တိုဘာ ဒုတိယအပတ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ်ကို မဲဆွယ်စည်းရုံးရေးခရီး ထွက်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဘယ်ကိုသွားသွား သူ့ကို ကြိုဆိုထောက်ခံသူအများအပြားကတော့ ရှိနေတာပဲဖြစ်ပါတယ်။

သူ့ကိုထောက်ခံသူတွေက လူတန်းစားအလွှာအသီးသီးမှာ ရှိနေပါတယ်။ သူမရဲ့ မဲဆွယ် စည်းရုံးရေး ခရီးစဉ်မှာ ဆိုက်ကားဆရာတွေ၊ ကားဒရိုင်ဘာတွေ၊ လမ်းဘေးဈေးသည်တွေ၊ အလုပ်သမားတွေ၊ အစိုးရဝန်ထမ်းတွေကစလို့ စစ်သားဟောင်းတွေနဲ့ တာဝန်ထမ်းဆောင်ဆဲ စစ်သားတွေကိုပါ တွေ့ရပါတယ်။

ယခင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းကနေ ပြောင်းလဲဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကလုပ်တဲ့ မဲဆွယ်စည်းရုံးရေးတွေမှာလည်း လူတွေ အများအပြား လာရောက်ကြတာကို တွေ့ရမှာပါ။ ဒါပေမယ့် အဓိကကွာခြားချက်တစ်ခုတော့ ရှိနေပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ မဲဆွယ်စည်းရုံးရေးပွဲတွေကို လာရောက် တက်ရောက်သူ တွေဟာ တက်ရောက်ဖို့ ဖိအားပေးခံရတာ၊ ဆွဲဆောင်ခံရတာတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့လတွေမှာလည်း သမ္မတဦးသိန်းစိန်ဟာ နေရာတော်တော်များများကို ခရီးသွားခဲ့ပြီး ထုံးစံအတိုင်း နိုင်ငံပိုင်သတင်းစာတွေက သူ့ရဲ့ခရီးစဉ်သတင်းတွေကို နေ့စဉ်ဖော်ပြခဲ့ကြပါတယ်။ ဖွံ့ဖြိုးရေးစီမံကိန်းတွေကို ညွှန်ကြားဖို့နဲ့ အကူအညီအထောက်အပံ့တွေ ပေးအပ်ဖို့သွားတယ်ဆိုတဲ့ ဒီခရီးတွေမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တွေမှာမြင်နေကြဖြစ်တဲ့ တခဲနက်ကြိုဆိုနေတဲ့ လူအုပ်ကြီးတွေကို မတွေ့ရပါဘူး။

အောက်တိုဘာလ ပထမအပတ်မှာ ရန်ကုန်မြို့ပြင်မှာရှိတဲ့ စစ်တပ်တပ်စွဲရာ မှော်ဘီမြို့မှာ ကျင်းပတဲ့ NLD ရဲ့ မဲဆွယ်စည်းရုံးရေးပွဲမှာတော့ ဒေသခံအမျိုးသမီးကြီးတစ်ယောက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ဒီလိုပြောပါတယ်။

“သူပြောတာကို နားထောင်ဖို့နဲ့ သူ့ကို အားပေးဖို့ ဒီကိုလာခဲ့တာပါ”

အပေါ်ယံကြည့်လိုက်ရင်တော့ သူပြောတာ သိပ်မထူးဆန်းသလိုပါပဲ။ ဒါပေမယ့် အမှန်တရား တစ်ခုတော့ ပါနေပါတယ်။ NLD ထောက်ခံသူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ပြောတာကို အမှန်တကယ် နားထောင်ကြတယ်။

“ကျွန်မတို့က တာဝန်ယူရဲပါတယ်”

နိုင်ငံကို ဆင်းရဲမှုထဲမှာ နှစ်ပေါင်းများစွာ နစ်မွန်းစေခဲ့တဲ့ နိုင်ငံရေးစနစ်ကို ပြင်နိုင်တဲ့ တစ်ခုတည်းသောပါတီဟာ NLD ပဲဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သူရဲ့မိန့်ခွန်းတွေထဲမှာ အမြဲပြောခဲ့ပါတယ်။

အမြစ်တွယ်နေတဲ့ အကျင့်ပျက်ချစားမှုတွေကို တိုက်ဖျက်မယ်လို့ သူက ကတိပေးပါတယ်။ NLD ရဲ့ မူဝါဒအရ ကိုယ်စားလှယ်လောင်းတွေဟာ သူ့ရဲ့ပိုင်ဆိုင်မှုကို ကြေညာရမှာဖြစ်တဲ့အပြင် သူ့ရဲ့ အိမ်ထောင်ဘက်နဲ့ မိသားစုဝင်တွေရဲ့ပိုင်ဆိုင်မှုနဲ့ ဘဏ်စာရင်းတွေကိုလည်း ကြေညာရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေအနေနဲ့ လက်တွေ့မကျတဲ့ မျှော်လင့်ချက်တွေ ပြည်သူတွေ မထားမိစေဖို့လည်း ပြောဆိုခဲ့ပါတယ်။ အကျင့်ပျက်ချစားမှု လုံးလုံးမရှိတဲ့ လူ့အသိုင်း အဝန်းရယ်လို့ မရှိဘူးလို့ သူက ထောက်ခံသူတွေကို ပြောခဲ့ပါတယ်။ ဒါပေမယ့် သန့်ရှင်းတဲ့ အစိုးရတစ်ရပ်ကို တည်ဆောက်ဖို့နဲ့ ပါတီအတွင်းအစဉ်မပျက် စည်းကမ်းထိမ်းသိမ်းမှုတွေ ပြုလုပ် မယ်လို့တော့ ကတိ ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ အစိုးရအဆက်ဆက်ရဲ့ အကျင့်ပျက်ခြစားမှုတွေကို စိတ်ကုန်နေတဲ့ မြန်မာပြည်သူတွေ အတွက်တော့ အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်မယ်ဆိုတဲ့စကားဟာ သူတို့ရဲ့ခံစားချက်နဲ့ ထပ်တူ ကျနေတဲ့အရာပဲဖြစ်ပါတယ်။

လက်ရှိအစိုးရဟာ အကျင့်ပျက်ခြစားမှုတွေကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်ခဲ့ပါဘူး။ မြန်မာနိုင်ငံမှာ အကျင့်ပျက် ခြစားမှုတွေဟာ ဆိုးဆိုးရွားရွားရှိနေဆဲဖြစ်တယ်လို့လဲ ဝန်ခံခဲ့ပါတယ်။ နှစ်စဉ် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေမှာ မြန်မာနိုင်ငံကို အကျင့်ပျက်ခြစားမှု မြင့်မားတဲ့ နိုင်ငံအဖြစ် သတ်မှတ်ထားတာကလည်း ဒီအချက်ကို သိသာစေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က NLD အတွက် မဲပေးမှုဟာ နိုင်ငံရဲ့အပြောင်းအလဲအတွက် မဲပေးရုံ သက်သက်မကပဲ တစ်ဦးချင်းအပြောင်းအလဲအတွက် မဲပေးတာလဲဖြစ်တယ်လို့ ပြောပါတယ်။

“ဘဝကို ငြိမ်းငြိမ်းချမ်းချမ်း လွတ်လွတ်လပ်လပ်နဲ့ လုံခြုံမှုရှိရှိ ဖြတ်သန်းနိုင်ဖို့ NLD ကို မဲပေးပါ”လို့ ဒေါ်အောင်ဆန်းစုကြည်က မှော်ဘီမှာ ပြည်သူတွေကို ပြောပါတယ်။
“ကျမတို့က သူများတွေလို ပိုက်ဆံတွေ၊ ကြက်တွေ၊ ဝက်သားနဲ့ နေရောင်ခြည်စွမ်းအင် တွေ မပေးနိုင်ဘူး”လို့ ဟာသနှောပြီး ပြောပါတယ်။ အာဏာရပါတီနဲ့ သူ့ရဲ့အပေါင်းအပါတွေက အထောက်အပံ့တွေပေးပြီး မဲဆွယ်နေတာကို သွယ်ဝိုက်ပြောဆိုလိုက်တာဖြစ်ပါတယ်။

NLD ထောက်ခံသူတွေက ရယ်ပြီး လက်ခုပ်တီးကြပါတယ်။ သူတို့ကိုကြည့်ရတာ အတိုက်အခံခေါင်းဆောင်ဆီက အပြုသဘောဆောင်တဲ့ ဝေဖန်ထောက်ပြမှုကိုလည်း နားထောင် လိုကြပုံပေါ်ပါတယ်။

“ကျမထင်တယ်။ နှစ်ပေါင်းများစွာ လွှမ်းမိုးဖိနှိပ်ခံခဲ့ရတာမို့လို့ ကျမတို့ပြည်သူတွေဟာ ယုံကြည်မှု ပျောက်ဆုံးနေပြီး စိတ်ဓါတ်တွေကျနေကြတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တဲ့ အခါမှာတော့ အားလုံးက လက်ခုတ်ဝိုင်းတီးကြပြန်ပါတယ်။

ပြီးခဲ့တဲ့အစိုးရအဆက်ဆက်ရဲ့ မစွမ်းဆောင်နိုင်မှုတွေကို ထောက်ပြပြီး ဒေါ်အောင်ဆန်းစုကြည် က သူ့အနေနဲ့အပြောင်းအလဲလုပ်မယ်လို့ဆိုတဲ့အကြောင်း ရိုးရှင်းတဲ့သတင်းစကားကိုပဲ ပါးပါတယ်။

“အစိုးရအနေနဲ့ တာဝန်မယူရဲတဲ့စနစ်တစ်ခုကို ကျွန်မတို့ပြောင်းလဲချင်ပါတယ်၊ ကျွန်မတို့ အနေနဲ့ အစိုးရဖွဲ့တဲ့အထဲမှာ ပါချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ တာဝန်ယူရဲလို့ပါပဲ၊ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့အကူအညီကိုရမှသာ ကျွန်မတို့အနေနဲ့ ဒီစနစ်ကိုပြုပြင်နိုင်မှာ ဖြစ်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က စနစ်တစ်ရပ်လုံးကို ပြောင်းလဲဖို့လိုလားနေတဲ့အချိန်မှာပဲ သူမဟာ လက်တွေ့ကျတယ်ဆိုတာကို သူ့ကိုစောင့်ကြည့်လေ့လာသူတွေက သတိထားမိပါလိမ့်မယ်။

မှော်ဘီမှာ မဲဆွယ်စည်းရုံးမှုလုပ်စဉ်မှာ NLD ခေါင်းဆောင်က တပ်မတော်နဲ့ ပြေလည်မှု ရလိုကြောင်း အသိပေးခဲ့ပါတယ်။ NLD ပါတီနဲ့ ပါတီထောက်ခံသူတွေကို ဖိနှိပ်ခဲ့တဲ့`သူတွေကို´ ပါတီအနေနဲ့ တုန့်ပြန်လက်စားချေသွားမှာမဟုတ်ပါဘူးလို့ သူကပြောပါတယ်။

နိုဝင်ဘာရွေးကောက်ပွဲဟာ ဘယ်လိုရလဒ်ထွက်ပေါ်သည်ဖြစ်စေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတဖြစ်ခွင့် မရှိပါဘူး။

ဒါပေမယ့် ဒီအတားအဆီးဟာ နိုင်ငံတဝန်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အပြောင်းအလဲ သတင်းစကားကို စောင့်စားနေတဲ့ NLD ထောက်ခံသူ သိန်းပေါင်းများရဲ့ မျှော်လင့်ချက်တွေကို ဝေဝါးသွားစေဖို့ကိုတော့ မတတ်နိုင်တဲ့ပုံပေါ်ပါတယ်။

Loading