တိုက်ပွဲများ ဖြစ်ပွားနေသည့် ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA) ဝမ်ဟိုင်း ဋ္ဌာနချုပ် အနီးရှိ မြို့နယ် ၄ မြို့နယ်တွင် ရွေးကောက်ပွဲများ ကျင်းပမည် မဟုတ်ကြောင်းသိရသည်။
အဆိုပါ ရပ်ဆိုင်းလိုက်သည့် နေရာများမှာ ရှမ်းပြည်နယ် တောင်ပိုင်း ကျေးသီးမြို့နယ် တမြို့နယ်လုံး၊ မိုင်းရှူး တမြို့နယ်လုံး၊ တန့်ယန့်မြို့နယ် ကျေးရွာအုပ်စု ၈ ခု နှင့် ဟိုပန်မြို့နယ် ကျေးရွာအုပ်စု ၄၂ ခု တို့ဖြစ်ကြောင်း၊ ထိုနေရာများသည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေ မရှိသဖြင့် ရွေးကောက်ပွဲများ ကျင်းပမည် မဟုတ်ကြောင်း အောက်တိုဘာ ၂၇ ရက် စွဲဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော် မရှင်က ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၁၀(စ) အရ ထုတ်ပြန် ကြေညာလိုက်သည်။
ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ်လောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ ဒေါ်နန်းကောင်ခမ်း ကမူ“ဟိုင်းပါမှာလည်းမဲရုံ ၂ရုံရှိတယ်။ တာဆမ်ဗူးမှာ က မဲရုံမရှိဘူး။ တာဆမ်ဗူး ဒုက္ခသည်တွေက ဟိုင်းပါမှာရောက် နေတယ်။ တကယ်လို့ရွေးကောက်ပွဲ လုပ်ဖြစ်မယ်ဆိုရင် စိတ်ပူစရာမရှိဘူး။ လုပ်လို့ရတယ်။ မိုင်းရှူး မြို့အခြေအနေက မဆိုးပါဘူး။ လူတွေ သွားလာနေတာပဲ။ အမှန်ဆို မြို့ပေါ်မှာလည်း သူလုပ်လို့ရတယ်”ဟု ဧရာဝတီသို့ပြောသည်။
မိုင်းရှူးမြို့နယ် တခုလုံးကို ရွေးကောက်ပွဲ ကျင်းပခြင်းရပ်ဆိုင်းမှုကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် မပြုလုပ်သင့်ကြောင်း၊ ရွေးကောက်ပွဲ ပြန်လည် ကျင်းပခွင့်ရရန် ဆက်လက်လုပ်ဆောင် သွားမည ်ဖြစ်ကြောင်းလည်း နန်းကောင်ခမ်းက ဆက် လက် ပြောဆိုသည်။
လွိုင်လင်ခရိုင်အတွင်းရှိ မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ်နှင့် လားရှိုးခရိုင် တန့်ယန်းမြို့နယ်များသည် စစ်ပွဲများပြင်းထန်နေ၍ ရွာများ ပျက်စီးပြီး ပြည်သူများထွက်ပြေး တိမ်းရှောင် နေရသဖြင့် ရွေးကောက်ပွဲ ယာယီ ရပ်ဆိုင်ပေးရန် ရှမ်းတိုင်းရင်းသားများ ဒီမို ကရက်တစ် ပါတီ(SNDP)က ပြီးခဲ့သည့် တပတ်အတွင်းက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တောင်းဆိုထားကြောင်း သိရ သည်။
SNLD အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကလည်း“အခုဆိုရင် တချို့ရွေးကောက်ပွဲရပ်ဆိုင်းဖို့ တောင်းဆိုတယ်။ အံ့သြ စရာကောင်းတာက စစ်ပွဲရပ်တန့်ဖို့ မတောင်းဆိုကြဘူး”ဟု ပါတီ တည်ထောင်ခြင်း ၂၇ နှစ်ပြည့် အထိမ်းအမှတ်တွင်ပြောကြားခဲ့ သည်။
SNLD ပါတီ အနေဖြင့်လည်း ယင်းသို့ ရွေးကောက်ပွဲ ရပ်ဆိုင်းမှုနှင့်ပတ်သက်ပြီး တဖက်သတ်ပြုလုပ်ခြင်းကို ကန့်ကွက်ကြောင်း၊ မဲ ဆန္ဒရှင်များ၏ သဘောထားများ၊ တခြားပါတီ၏ တဘောထားကို ကောက်ခံပြီးမှ ပြုလုပ်သင့်ကြောင်း၊ ပါတီအနေဖြင့် ပြည်သူ့ဆန္ဒကောက်ခံပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တင်ပြသွားမည် ဖြစ်ကြောင်းလည်း ဆိုသည်။
ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှုးမြို့နယ် အတွင်း SSPP/SSA နှင့် အစိုးရတပ် အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားကာ စစ်ရှောင် ဒုက္ခသည် ၃ထောင်ခန့် ရှိလာကြောင်း သိရသည်။
အစိုးရ နှင့် SSPP/SSA တို့အကြား အောက်တိုဘာ ၆ ရက်နေ့မှစတင်၍ ယနေ့အထိ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ကြောင်း သိရ သည်။