မြန်မာပြည်ရဲ့ ရွေးကောက်ပွဲမတိုင်ခင် Global Witness က ထုတ်ဝေခဲ့တဲ့ ကျောက်စိမ်းနဲ့ ပတ်သက်တဲ့ အစီရင်ခံစာဟာ စစ်အာဏာရှင်တွေနဲ့ ဒေါက်တိုင်တွေကို အိပ်မက်တခု လန့်နိုးစေခဲ့သလို နိုင်ငံရေး အသိအမြင် နိုးကြားနေတဲ့ ပြည်သူပြည်သားတွေကြားမှာ ဒီအသုဘဖုတ်ကောင်ကြီးကို ဆက်ပြီး အသက်သွင်းဖို့တော့ လမ်းမရှိတော့ဘူးဆိုတာ မီးမောင်းထိုးပြလိုက်တယ်ဖြစ်ပါတယ်။ မြန်မာစကားမှာ ခေါင်ထိရင် အကုန်ပဲဆိုတဲ့စကားအတိုင်း ခေါင်ကိုတော့ ထိသွားပါပြီ၊ လဲမလဲ ဆိုတာတော့ မကြာခင် သိရတော့မှာပါ။
ဒီအစီရင်ခံစာမှာ အာဏာရှင်ဟောင်းဦးသန်းရွှေ မိသားစုတင်မကဘဲ တပ်မတော်ပိုင် ကုမ္ပဏီတွေ နိုင်ငံတော်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ချုပ်ကိုင်ထားတာကိုပါ ဖော်ပြထားပါတယ်။ ဦးပိုင် ကုမ္ပဏီကြီးကို အဓိက ပစ်မှတ်ထားပြီး ရေးသားထားတာဖြစ်ပါတယ်။
ဒါ့အပြင် အမေရိကန် ကုမ္ပဏီတွေက မြန်မာနိုင်ငံရဲ့ တံခါးဖွင့်ဝါဒအပေါ်မှာ မျက်စိကျပြီး စီးပွားရေးအရ လာရောက်ရင်းနှီးမြှုပ်နှံတဲ့အခါမှာလည်း ဥပဒေနဲ့ညီညွတ်အောင် သေသေချာချာ ကြိုတင်ညှိနှိုင်းပြုလုပ်ခြင်း မလုပ်တာကို အစီရင်ခံစာထဲမှာ အသေအချာ ထောက်ပြထားတာတွေ့ရပါတယ်။ ဥပမာအနေနဲ့ အမေရိကန်ကုမ္ပဏီ Coca- Cola Company နဲ့ ပြည်တွင်းက Pinya Manufacturing တို့နဲ့ ပူးပေါင်းပြီး အကျိုးတူစီးပွားရေးလုပ်ရာမှာ မြန်မာစီးပွားဘက်ဟာ မြန်မာစစ်တပ်ပိုင် ဦးပိုင်နဲ့ လက်တွဲလုပ်နေတဲ့ နာမည်ကြီးကျောက်စိမ်း ကုမ္ပဏီကြီးမှာ ၂၀ ရာခိုင်နှုန်း ပိုင်ဆိုင်နေမှုပဲဖြစ်ပါတယ်။
အာဏာရှင် ဗိုလ်မှူးကြီးသန်းရွှေနဲ့ အနီးကပ်ဆုံးအသိုင်းအဝိုင်းက လူတွေ၊ ခရိုနီစီးပွားရေးသမားကြီးတွေ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေအပါအဝင် ကျောက်စိမ်းမြေက အကျိုးအမြတ်တွေကို လက်ဝါးကြီးအုပ် ခေါင်းပုံဖြတ်နေသူတွေ ဒီအစီရင်ခံစာကို မကြိုက်ပေမယ့် တပ်မတော် ထဲမှာရော၊ အစိုးရထဲမှာပါ အပြောင်းအလဲကို လုပ်ဆောင်ဖို့ ကြိုးစားနေသူတွေ၊ Reform အပြောင်းအလဲကို မှန်မှန်ကန်ကန် လုပ်ဆောင်ချင်သူတွေအတွက်တော့ သာယာတဲ့ ခေါင်းလောင်းထိုးသံ ဖြစ်နိုင်ပါတယ်။
တချိန်တည်းမှာပဲ အတိုက်အခံထဲက တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေး နိုးကြားတဲ့ တိုင်းရင်းသား အဖွဲ့တွေကတော့ ဒီအစီရင်ခံစာဟာ ဖိအားပေးဖို့အတွက် အားဆေးတခွက် ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ့အပြောင်းအလဲမှာ အဓိက ကျလာတဲ့ မဟာဗျူဟာ နိုင်ငံတွေက (US အပါအဝင်) မြန်မာနဲ့ ဆက်ဆံရေးမှာ ဒီအစီရင်ခံစာရဲ့ ရှုာဖွေတွေ့ရှိချက်တွေ တောင်းဆိုထားချက်တွေကို ကြည့်ပြီး မြန်မာနဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကို ဆက်ပြီး ပုံဖော်ကြရမှာ မလွဲမသွေပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံလို သယံဇာတ ကြွယ်ဝတဲ့နိုင်ငံမှာ အာဏာရှင်အဖြစ် နှစ်ပေါင်း ၂၀ ကျော် အုပ်ချုပ်ခဲ့တဲ့သူတွေဟာ ကျွန်းသစ်၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ ကျောက်စိမ်း စတဲ့ စီးပွားရေးလုပ်ငန်းတွေကြောင့် သန်းကြွယ်သူဌေးတွေ ဖြစ်နေပါတယ်။ မြန်မာနိုင်ငံနဲ့ ပြည်သူပြည်သားအများစုကတော့ အဆင်းရဲဆုံးထဲမှာတွေ့ရပါတယ်။ ဒါကြောင့် ဂိုဏ်းချုပ်ကြီး အာဏာရှင်ဟောင်း ဦးသန်းရွှေကတော့ ကမ္ဘာအလယ်မှာ ဘေလ်ဂိတ် (Bill Gates) ထက်တောင် ချမ်းသာနိုင်တယ်လို့ အနောက်တိုင်း မြန်မာ့အရေး လေ့လာသူတွေကြားထဲမှာ သရော်လှောင်ပြောင် မေးခွန်းထုတ်နေကြပြီဖြစ်ပါတယ်။
၂၀၀၇ ခုနှစ်မှာ သံဃာတော်တွေကို အကြမ်းဖက်ဖြိုခွင်းပြီးနောက်ပိုင်း US ကနေ JADE ACT (Junta’s Anti-Democratic Efforts) ကို ပြဋ္ဌာန်းခဲ့တဲ့အတွက် မြန်မာပြည်က ထွက်တဲ့ သွေးစွန်း ကျောက်စိမ်းနဲ့ ကျောက်မျက်ရတနာတွေကို US ကို တင်ပို့ရောင်းချမှုတွေ မလုပ်ဖို့ တားမြစ်ခဲ့ပါတယ်။
ဒီ JADE ACT ဟာ အခုအချိန်ထိ အသက်ဝင်နေသေးတာဖြစ်ပြီး အခု ထွက်ရှိတဲ့ Global Witeness ရဲ့ အစီရင်ခံစာကြောင့် US ကထားရှိတဲ့ ပိတ်ဆို့မှုတွေဟာ ဆက်ပြီး ရှိနေဦးမယ့်အပြင် ဒီအစီရင်ခံစာထဲက အရင် စစ်အာဏာရှင်ကို စီးပွားရေးအရ သန်းကြွယ်သူဌေးဖြစ်အောင် ပံ့ပိုးကူညီ ထောက်ပံ့ခဲ့သူတွေ၊ အခုအစိုးရ လက်ထက်မှာလည်း အာဏာတည်မြဲရေးအတွက် တဖက်လှည့်နဲ့ ဒီကျောက်စိမ်းဘဏ္ဍာတွေနဲ့ ပံ့ပိုးကူညီ ထောက်ပံ့နေသူတွေ၊ ကချင်နယ်မှာ ပဋိပက္ခတွေဆက်ဖြစ်အောင် ဒီကျောက်စိမ်း ဈေးကွက်ကနေ ကို အမြတ်ထုတ်နေသူတွေကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်တော့မှာဖြစ်ပါတယ်။
US ဟာ ပွင့်လင်းမြင်သာမှုကို တာဝန်ယူရတဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ ဒါ့အပြင် EITI (သဘာဝသယံဇာတ အရင်းအမြစ်များ ထုတ်ယူမှုဆိုင်ရာ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအစီအစဉ်) မှာ မြန်မာ ပါဝင် လက်မှတ်ထိုးတဲ့ ကိစ္စမှာလည်း အဓိက Key Player ဖြစ်ပါတယ်။
ဦးသိန်းစိန်အစိုးရ လက်ထက်ကကစလို့ ပိတ်ဆို့ဒဏ်ခတ်မှုတွေနဲ့ မြန်မာအစိုးရအပေါ် တင်းမာခဲ့တဲ့ US ဟာ ပျော့ပြောင်းတဲ့ ပေါ်လစီကို တဖြေးဖြေးချင်း ကျင့်သုံးလာခဲ့ပါတယ်။ Sanction ခေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေကို တရစ်ခြင်း သတိကြီးစွာနဲ့ ဖြေလျော့ပေးဖို့ ကြိုးစားခဲ့ပါတယ်။ တချိန်တည်းမှာပဲ Sanction ကို ဆက်လက်ပြီးထားဖို့ အားသန်နေတဲ့ အုပ်စုတွေလည်း ရှိတာဖြစ်ပါတယ်။
ဒါကြောင့် ရွေးကောက်ပွဲမတိုင်ခင် အသေအချာ အချိန်ကိုက် လွတ်လိုက်တဲ့ Global Witness အစီရင်ခံစာဟာ မြန်မာနိုင်ငံနဲ့ အနောက်ဆက်ဆံရေး (အထူးသဖြင့် US) ကို အနာဂတ်မှာ ပုံဖော်မှာဖြစ်ပါတယ်။ EU ကတော့ Sanction တွေအားလုံးကို ရုတ်ပေးခဲ့တဲ့အပြင် မြန်မာအစိုးရရဲ့ မိတ်ဆွေသူငယ်ချင်းကောင်း တယောက်ဖြစ်ဖို့ ကြိုးစားနေပြီဖြစ်ပါတယ်။ (အာဏာရှင် ဒေါက်တိုင်မဟုတ်ရင်တောင်မှ အပေါင်းအပါတော့ စဖြစ်နေပြီလို့ တရားဝင် စွပ်စွဲလို့ရပါတယ်။)
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်ဆဲရေး လက်မှတ်ထိုးရေးကို ကျယ်ကျယ်လောင်လောင် ပြောနေကြပေမယ့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ အစိုးရတပ်ဖွဲ့တွေရဲ့ အကျိုးစီးပွားတွေ အကြီးအကျယ်ပါတဲ့ ကျောက်စိမ်းနယ်မြေမှာတော့ ငြိမ်းချမ်းရေး ရဖို့က ရှေ့အနာဂတ်မှာ သိပ်လွယ်မယ်မထင်ပါဘူး။
စစ်အာဏာရှင်တွေနဲ့ အပေါင်းအပါတွေဟာ တိုင်းရင်းသား အတိုက်အခံတွေ၊ ဘိန်းဘုရင်တွေဟာ ဒီကျောက်စိမ်း စီးပွားရေးဈေးကွက်ကို လက်ဝါးကြီးအုပ်ခဲ့တာကို တရားဝင်လက်လျော့သွားစေပြီး ဒေသခံပြည်သူ ပြည်သားတွေ အကျိုးခံစားခွင့်ရဖို့ အစိုးရအနေနဲ့ လုပ်ဆောင်ဖို့ဆိုတာ အချိန်တောင် နောက်ကျနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် တဖက်ကတော့ သူတို့အကျိုးစီးပွားကို အလွယ်တကူနဲ့ လက်လျှော့မယ့်ပုံ မပေါ်ပါဘူး။ ဒါကိုလည်း Carrot and Stick လို့ခေါ်တဲ့ မုန့် နဲ့ ဒုတ် ပေါ်လစီကို ဆက်ကျင့်သုံးနေတဲ့ US နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက မြန်မာ Reformist တွေနဲ့ ပေါင်းပြီး ချော့တခါ ခြောက်တလှည့်နဲ့ ဥပဒေအောက် မောင်းသွင်းပေးရမှာပဲ ဖြစ်ပါတယ်။
Global Witness ရဲ့ အစီရင်ခံစာဟာ နိုင်ငံတကာ အနောက်နိုင်ငံ အစိုးရတွေအပါအဝင် မျက်မှန်စိမ်းတပ်ပြီး မြန်မာ့အရေးကို အပေါ်ယံဝေဖန် သုံးသပ်သူတွေအတွက်လည်း မျက်နှာပျက် အရှက်ရစရာဖြစ်ပါတယ်။ US ကရော ဒီအစီရင်ခံစာ အပေါ်မှာ ဘယ်လိုယူဆောင်ရွက်မှုတွေ ဆက်ပြီးလုပ်မလဲဆိုတာကို မြန်မာပြည်သူပြည်သားတွေနဲ့ မြန်မာ့အရေး ဆောင်ရွက်သူတွေ မေးခွန်းဆက်ထုတ် ဖိအားပေးရမှာဖြစ်ပါတယ်။
တိုင်းပြည်မှာ ပြည်သူပြည်သားတွေ ထောက်ခံတဲ့ လူထုမျက်နှာကြည့်တဲ့ အစိုးရတက်မှ ကျောက်စိမ်းအာဏာရှင်တွေ ပျက်သုန်းပြီး ကျောက်စိမ်းကရတဲ့ ဘဏ္ဍာကို ပြည်သူပြည်သားနဲ့ နိုင်ငံတော် တိုင်းပြည်က ခံစားရပြီး လိုအပ်နေတဲ့ ကျန်းမာရေး၊ ပညာရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ အလိုရှိသလို အသုံးချနိုင်မှာ ဖြစ်ပါတယ်။
တိုင်းပြည်မှာ အာဏာရှင်တွေ တယောက်တည်း ချမ်းသာရမှာမဟုတ်ဘဲ ကျောက်စိမ်းအပါအဝင် တိုင်းပြည်ရဲ့ တွင်းထွက်တွေကြောင့် တတိုင်းပြည်လုံး ချမ်းသာပြီး ပြည်သူပြည်သားတွေပါ အရှေ့တောင်အာရှမှာ ချမ်းသာရမှာ ဖြစ်ပါတယ်။