Ethnic Issues

SSPP/SSA ဋ္ဌာနချုပ်ရှိသည့် ဝမ်ဟိုင်းကျေးရွာ လက်နက်ကြီးများနှင့် ပစ်ခတ်ခံရ

This article has been converted from Zawgyi One to Unicode

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့(SSPP/SSA)ဋ္ဌာန ချုပ်ရှိသော ဝမ်ဟိုင်းကျေးရွာသည် ယမန်နေ့ည သန်းခေါင်အချိန် ၁၂ နာရီခွဲခန့်တွင် လက်နက်ကြီးများနှင့် ပစ်ခတ်ခံခဲ့ရကြောင်း သတင်းရသည်။

ထိုလက်နက်ကြီး ပစ်ခတ်မှုသည် အစိုးရတပ်မတော်မှ ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ လူထိခိုက်မှု မရှိသော်လည်း ဝမ်ဟိုင်းကျေးရွာရှိ ဒေသခံ တဦး၏ နေအိမ်ကို လက်နက်ကြီး ထိမှန်ခဲ့ပြီး နေအိမ်နှင့် ကားပျက်စီးသွားကြောင်း၊ ဝမ်ဟိုင်းကျေးရွာမှ ဒေသခံများ ကြောက် လန့်၍ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း SSPP/SSA ပြောခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး စိုင်းလက ဧရာဝတီကို ပြောသည်။

“မနေ့က ကျနော်တို့ အရေးပါတဲ့ တောင်ကုန်း(ကုန်လင်) ကို ပြန်သိမ်းပိုက်နိုင်ခဲ့တယ်။ ဒါကို မကျေနပ်လို့များ သူတို့က မနက် သန်း ခေါင်ချိန် ပစ်တာလားတော့ မသိဘူး။ လက်နက်ကြီးနဲ့ပါ။ ၈လုံးလောက် ရှိပါတယ်။ မြို့လယ်ခေါင်က အိမ်ကို တလုံးထိတယ်။ ကျန် တာကတော့ လယ်ထဲကျသွားတယ်။ လူထိခိုက်မှုတော့ မရှိဘူး”ဟု ဒုဗိုလ်မှူးကြီး စိုင်းလက ပြောပြသည်။

တိုက်ပွဲများ ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဥက္ကဋ္ဌ ၊ ဒု သမ္မတ ဒေါက်တာ စိုင်း မောက်ခမ်းကို စာရေးတင်ပြထားသော်လည်း အကြောင်းပြန်ခြင်း မရှိကြောင်းနှင့် တိုက်ပွဲများ ယခုထက် ပိုမို ဆိုးရွားလာပါက စစ်ဘေး ရှောင်များ တိုးလာနိုင်ကြောင်းလည်း ဒုဗိုလ်မှူးကြီး စိုင်းလက ဆက်ပြောသည်။

လက်နက်ကြီး နေအိမ်ထိမှန်ခဲ့သည့် ဝမ်ဟိုင်းကျေးရွာ ဒေသခံဖြစ်သူ နန်းကိန်က “သီတင်းကျွတ်ပွဲဆိုတော့ ကျမ ပွဲကနေ ပြန်လာပြီး အိပ်ရာထဲ ဝင်တဲ့အချိန်မှာပဲ၊ လက်နက်ကြီး ကျမအိမ်ကို ထိတာပဲ။ အိမ်နဲ့ကားတစီး ပျက်စီးသွားတယ်။ ခွေးတကောင်လည်း သေသွားတယ်”ဟု ဧရာဝတီကို ပြောသည်။

လက်နက်ကြီး ပစ်ခတ်သံများကြောင့် ဝမ်ဟိုင်းကျေးရွာ ဒေသခံများသည် အနီးရှိ ပန်လော့ခ်ကျေးရွာသို့ ညတွင်းချင်း ပြောင်းရွှေ့နေ ထိုင်ကြကြောင်း၊ လက်နက်ကြီးများ ဝမ်ဟိုင်းကျေးရွာ အတွင်းသို့ ထပ်မံကျနိုင်သဖြင့် ဒေသခံများ ကျေးရွာအတွင်း မနေထိုင်ကြရန် SSPP/SSA က ကြေညာထားကြောင်း ဝမ်ဟိုင်းကျေးရွာ ဒေသခံ နန်းခမ်းကလည်း ဧရာဝတီကို ပြောသည်။

အစိုးရ တပ်မတော်နှင့် SSPP/SSA တို့အကြား အောက်တိုဘာ ၆ ရက်မှ စတင်၍ ယနေ့အထိ တိုက်ပွဲများ ပြန်လည်ပြင်းထန် နေ ခြင်း ဖြစ်သည်ဟု သိရသည်။

Loading