ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ဥက္ကဋ္ဌ ကိုကျော်ကိုကို ကို ယနေ့နေ့လယ် ၁၂ နာရီခန့်က ရန်ကုန်မြို့ သင်္ဃန်းကျွန်း စံပြဈေးအနီး၌ အာဏာပိုင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
“ကျော်ကိုကိုနဲ့အတူ လူငယ်တဦးပါတယ်။ သူ့ကိုတော့ ပြန်လွှတ်လိုက်ပြီလို့ ကြားတယ်။ ကျနော်တို့ အခုပြန်လွတ်လာသူနဲ့ အဆက် အသွယ်ရဖို့ ကြိုးစားနေပါတယ်။ ဘယ်ရဲဌာနက ခေါ်သွားလဲဆိုတာ မသိရသေးဘူး။ ကမာရွတ်မြို့နယ် ရဲစခန်းလို့တော့ ကျနော် ထင် ပါတယ်”ဟု ဗကသ အဖွဲ့ဝင် ကိုလင်းထက်နိုင်က ဧရာဝတီကို ပြောပြသည်။
ပြီးခဲ့သည့် မတ်လ ၁၀ ရက်က လက်ပံတန်းမြို့၌ ကျောင်းသားများ အကြမ်းဖက် ဖြိုခွင်းခံရမှုအပြီး မတ်လ ၁၁ ရက်တွင် ရန်ကုန်မြို့ လှည်းတန်းမှတ်တိုင်အနီး ပြည်လမ်းပေါ်၌ ကျောင်းသားများ ဆန္ဒပြရာ၌ ဦးဆောင်ပါဝင်မှုဖြင့် ကမာရွတ်ရဲစခန်းက အမှုဖွင့်ခဲ့သော ကျောင်းသား ၆ ဦးတွင် ဗကသ ဥက္ကဋ္ဌ ကိုကျော်ကိုကိုလည်း တဦးအပါအဝင် ဖြစ်သည်။
အမှုဖွင့်ခံထားသူ ၆ ဦးမှာ ကိုကျော်ကိုကို၊ ကိုဝင်းကျော်မိုး၊ ကိုနန္ဒာစစ်အောင်၊ ကိုလင်းထက်နိုင်၊ ကိုထက်ခိုင်စိုးနှင့် ပိုပိုတို့ ဖြစ်ကြပြီး ၎င်းတို့အား ကမာရွတ် ရဲစခန်းက ပုဒ်မ ၁၄၃၊ ပုဒ်မ ၁၄၅၊ ပုဒ်မ ၁၄၇ နှင့် ပုဒ်မ ၅၀၅(ခ) တို့ဖြင့် အမှုဖွင့် တရားစွဲထားသည်။
ထို့အပြင် ဗကသ ကျောင်သားခေါင်းဆောင် ကိုကျော်ကိုကိုသည် သာယာဝတီ ခရိုင် ရဲတပ်ဖွဲ့မှ အလိုရှိနေသူ စာရင်းတွင်လည်း ပါဝင် နေသည်ဟု ဗကသ အဖွဲ့ဝင် ကိုလင်းထက်နိုင်က ပြောသည်။
ဖမ်းဆီးခံလိုက်ရသည့် ကျောင်းသားခေါင်းဆောင် ကိုကျော်ကို ကို လွှတ်ပေးရန် ကမာရွတ်ရဲစခန်း အရှေ့၌ လာရောက်တောင်းဆိုကြသူ တချို့ကိုပါ ဖမ်းဆီးထားသည်ဟု လူမှုကွန်ရက် စာမျက်နှာများ၌ သတင်းများ ထွက်ပေါ်နေသည့်အတွက် ကမာရွတ် ရဲစခန်းသို့ ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားမည့်သူ မရှိပေ။
လက်ရှိတွင် ကို ကျော်ကိုကိုအား အောင်သပြေ စစ်ကြောရေးတွင် ထိန်းသိမ်းထားသည်ဟု သိရကြောင်း ဗကသ ကျောင်းသားများက ပြောသည်။
အလားတူ လက်ပံတန်းမြို့၌ ပညာရေးဥပဒေ ပြန်လည်ပြင်ဆင်ရေးအတွက် ဆန္ဒပြမှုကြောင့် သာယာဝတီ အကျဉ်းထောင်၌ ဖမ်းဆီး ချုပ်နှောင်ခံနေရသည့် ကိုအောင်မှိုင်းဆန်းက နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် အစာငတ်ခံ ဆန္ဒပြ တောင်းဆိုမှုသည်လည်း ယနေ့တွင် ၇ ရက် ရှိပြီဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက် သာယာဝတီခရိုင် ကျောင်းသားများ တရားရုံးထုတ်ချိန်တွင် ကိုအောင်မှိုင်းဆန်း၏ အခြေအနေ သည် ဆိုးဝါးသည့် အခြေအနေ မရှိသေးကြောင်း၊ သို့သော် ယနေ့အချိန်အထိ မည်သည့်အခြေအနေ ရှိသည်ကို မသိရသေးကြောင်း ကိုအောင်မှိုင်းဆန်း၏ ဇနီးဖြစ်သူ မလဲ့လဲ့နွယ်က ပြောသည်။
“ရုံးထုတ်တဲ့ အချိန်တုန်းကတော့ ပေါင် ၂၀ လောက် ကျသွားတယ်။ ဒါပေမယ့် သူ့ဟာသူ လမ်းလျှောက်နိုင်သေးတယ်။ အခု၂ ရက်ရှိပြီ။ ဘယ်လို အခြေအနေရှိလဲ လုံးဝစုံစမ်းလို့ မရသေးဘူး”ဟု မလဲ့လဲ့နွယ်က ဆိုသည်။
ကိုအောင်မှိုင်းဆန်းသည် တနိုင်ငံလုံးရှိ နိုင်ငံရေး အကျဉ်းသားများကို မလွှတ်ပေးလျှင် အစာငတ်ခံ ဆန္ဒပြတောင်းဆိုမည်ဟု သမ္မတ ဦးသိန်းစိန်ထံ စာရေးသားပေးပို့ တောင်းဆိုခဲ့သော်လည်း တစုံတရာ ထူးခြားမှု မရှိသည့်အတွက် အောက်တိုဘာလ ၂၃ ရက်မှ စတင်ပြီး အစာငတ်ခံ ဆန္ဒပြနေခြင်း ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် အဖွဲ့အစည်းအသီးသီးမှ တောင်းဆိုနေစဉ် ယခုကဲ့သို့ ကျောင်းသားခေါင်းဆောင် ကို ကျော်ကိုကို အဖမ်းခံလိုက်ရခြင်းသည် ကောင်းမွန်သည့် အလားအလာ မရှိကြောင်း ဒီမိုကရေစီအရေး လှုပ်ရှားသူများက ပြောသည်။
“နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ အဖွဲ့အစည်းအသီးသီးက တောင်းဆိုနေတဲ့ အချိန်လည်း ဖြစ်တယ်။ နောက်ပြီး လူ့အခွင့် အရေးကော်မရှင်ကလည်း နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးသင့်တယ်လို့ ပြောနေတဲ့ အချိန်မှာ အခုလို ကျော်ကိုကို အဖမ်းခံရ တာဟာ ကျနော်တို့အတွက် တော်တော် စိတ်ပျက်စရာပါပဲ”ဟု ကိုလင်းထက်နိုင်က ပြောဆိုသည်။