ဇိုဝင်းသည် ချင်းတိုင်းရင်းသား လူငယ်တယောက် ဖြစ်သည်။ တက္ကသိုလ် ကျောင်းသားဘဝ ကျောင်းတက်နေစဉ် အိန္ဒိယ အရှေ့မြောက်ပိုင်းတွင် အခြေစိုက်နေသော နာဂတိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တချို့နှင့် အဆက်အသွယ်ရပြီး လက်နက် အရောင်းအဝယ်လုပ်ရန် သဘောတူခဲ့သည်။ ရှမ်းမြောက်ပိုင်း “ဝ” ပြည်နယ်တွင် ရှိသော လက်နက်များကို ဝယ်ပြီး နာဂနယ်သို့ တင်ပို့ ရမည့် ရှည်လျား၍ အန္တရာယ်ရှိသော ခရီးစဉ်တခု ဖြစ်သည်။ သူ့အတွက် စွန့်စားမှု ခရီးစဉ်တခု ဖြစ်သည်။
ဤခရီးစဉ်သာ အောင်မြင်ခဲ့လျှင် ငွေကြေး သန်းနှင့်ချီ၍ ဆုလာဘ် အနေဖြင့် ရမည်ဟု နာဂခေါင်းဆောင်တွေက သူ့ကို ကတိပေးထားခဲ့ သော်လည်း တကယ်လက်တွေ့မှာတော့ ထင်ထား သလောက် မဖြစ်ခဲ့ပါ။
ဧရာဝတီ သတင်းထောက်က ချင်းပြည်နယ် ရေကြီးမှု သတင်းလိုက် ခရီးစဉ်အတွင်း ဇိုဝင်းနှင့်တွေ့ ဆုံခဲ့သည်။ သူ၏ လက်နက် အရောင်းအဝယ် ဘဝအကြောင်းကို ပြောပြသဖြင့် စိတ်ဝင်စားစရာ ကောင်းသောကြောင့် သူ့ကို လမ်းခရီးမှာပဲ အင်တာဗျူးခဲ့သည်။ ချင်းပြည်နယ်သည် ဇူလိုင်လနှောင်းပိုင်းနှင့် ဩဂုတ်လ အစောပိုင်းက တိုက်ခတ်ခဲ့သည့် ကိုမန် ဆိုင်ကလုန်း မုန်တိုင်းကြောင့် ရေကြီးမြေပြိုမှုများ ဖြစ်ပွားခဲ့၍ ပျက်စီးခဲ့ရသည်။
လက်နက် အရောင်းအဝယ်သမား တဖြစ်လဲ ဇိုဝင်းတယောက် ယခုတော့ ဒုက္ခရောက်နေသော ချင်းရေဘေး ဒုက္ခသည် တွေကို ကူညီနေသည်။ သူ့ဘဝ အလှည့်အပြောင်းများကို သူက ပြန်ပြောပြသည်။
၂၀ဝ၇ ခုနှစ်တွင် သူနှင့်အတူ သူငယ်ချင်း ၃ယောက်တို့သည် “ဝ” ပြည်နယ်သို့ လက်နက် အရောင်းအဝယ် ကိစ္စဖြင့် ခရီးသွားခဲ့သည်။ ကလေး မြို့မှ မန္တလေးသို့ လေယာဉ်ဖြင့် သွားရသည်။ ထို့နောက် မန္တလေးမှ တဆင့် လေယာဉ်ဖြင့် တာချီလိတ်သို့ ခရီးဆက်သည်။ တာချီလိတ် လေဆိပ် အရောက်တွင် လက်နက်ကိုင် “ဝ” ခေါင်းဆောင်များက သူတို့ ကားဖြင့် လာကြိုကြသည်။ တာချီလိတ်မှ ကားဖြင့် “ဝ” တိုင်းရင်းသားတို့၏ မြို့တော်လည်းဖြစ် အဓိက လက်နက် ထုတ်လုပ်သော နေရာလည်း ဖြစ်သည့် ပန်ဆန်းမြို့ကို ရောက်ရှိခဲ့ပါသည်။
ပန်ဆန်းမြို့သို့ သာမန်လူတယောက် အနေဖြင့် ရောက်ရှိရန် မလွယ်ကူပါ။ ထိုဒေသသည် ရှမ်းပြည်နယ်၏ တောင်ကုန်း ထောင့်ဘက်စွန်းတွင် တည်ရှိပြီး လမ်းတလျှောက်တွင်လည်း စစ်ဆေးရေး ဂိတ်များ၌ လက်နက်ကိုင် တပ်များဖြင့် စောင့်ကြည့် ကာရံထားသည်။
“ကျနော်တို့ ပန်ဆန်းရောက်တော့ ဟိုတယ်တခုမှာ ထားပေး ပါတယ်။ ကျနော်တို့ ရောက်နေမှန်းတော့ သူတို့ရဲ့ သာမန် ပြည်သူပြည်သားကို မသိစေချင်ဘူး။ ဒါကြောင့် ဟိုတယ်ကနေ အပြင်ထွက်ရင် သူတို့ အဖွဲ့ဝင်လိုပဲ ဟန်ဆောင်ခိုင်း ပြီးတော့ ကျနော်တို့ကို နေရာတွေ အများကြီး လိုက်ပို့ပေးတယ်။ ပန်ဆန်းကို ရောက်တော့ ဘိန်းစိုက်ခင်းတွေ လက်နက် သိုလှောင်ရာ နေရာ ၂ ခု လိုက်ပြပေးတယ်” ဟု ဇိုဝင်းက ပြောသည်။
လက်နက် သိုလှောင်ရာ နေရာ ၂ ခု ရောက်သွားပြီး လက်နက်အမျိုးအစားများကို ဇိုဝင်းက သူမှန်းဆမိသလောက် ပြန်ပြီး ပြောပြပါသည်။
“လက်နက်ကတော့ အများကြီးပဲ ဗျာ။ အမျိုးအစား တခုစီကို အတန်းလိုက် စီထားပြီးတော့ လက်နက်တမျိုးကို အလက် ၅၀ဝ လောက် တန်းစီထားတာ ရှိတယ်။ ကျနော် မှန်းမိသလောက်ဆိုရင် AK-47 ရှိမယ်။ လက်နက်အတို ပစ္စတိုရှိမယ်။ အာပီဂျီ (ငှက်ပျောဖူး) ရှိမယ်။ ပြီးတော့ အမ် ၁၆ လိုပဲ၊ အဲဒါရှိတယ်။ တာဝေးပစ် အမြောက်လက်နက်ကြီး ရှိတယ်။ ပြီးတော့ လေယာဉ်ပစ် လက်နက် နောက်ထိုင်ခုံရှိတဲ့ဟာ အဲဒီလက်နက် ရှိတယ်” လို့ ပြန်ပြောပြပါတယ်။
“သူတို့မှာ စနိုက်ပါရိုင်ဖယ် လက်နက်တွေတောင် ရှိတယ် ဗျာ။ ဒါပေမယ့် အဲဒီ စနိုက်ပါတွေက အရမ်းရှည်တော့ အိတ်နဲ့ မဆန့်လို့ မဝယ်ခဲ့ရဘူး” ဟု ဇိုဝင်းက ဆိုသည်။
ပစ္စည်း မဝယ်ယူခင်တွင် တောင်ထိပ်ပေါ်သို့ တက်၍ ဝယ်ယူမည့် လက်နက်များကို စမ်းသပ်ခဲ့ကြသည်။ စမ်းသပ်ပြီး နောက် သဘောကျသောကြောင့် “စုစုပေါင်း သေနတ်အလက် ၃၅၀ ဝယ်ခဲ့တယ်” ဟု ဇိုဝင်းက ပြောသည်။
နှစ်အနည်းငယ် ကြာပြီ ဖြစ်သောကြောင့် လက်နက်ဝယ်ယူသည့် ကုန်ကျစရိတ်ကို မမှတ်တော့ပါ။ သို့သော် အေကေ ၄၇ တလက်ကို လက်ရှိ ပေါက်ဈေး အဖြစ် တလက်ကို ၂၅ သိန်းရှိကြောင်း ပြောသည်။
ဝယ်ပြီးသော လက်နက်များကို “ဝ” လက် နက်ကိုင်အဖွဲ့က ကားဖြင့် သယ်ဆောင်လာပြီး တာချီလိတ်သို့ ပြန်ခဲ့ကြ သည်။ လက်နက်များကို လေယာဉ်ပေါ်သို့ တင်ဆောင်ရန် ဘေထုပ်အဝတ်အထည် အဟောင်းအိတ်များဖြင့် တာချီလိတ် လေဆိပ်တွင် အလုပ်လုပ်သည့် ဒေသခံများအား လာဘ်ထိုးပြီး လက်နက်ကို ဝှက်ခိုင်းထားခဲ့သည်။ ထို့နောက် မန္တလေးသို့ ပြန်လာခဲ့ကြသည်။ ထို့နောက် နာဂလက်နက်ကိုင် အခြေစိုက် ချင်းပြည်နယ်နှင့် အရှေ့မြောက် အိန္ဒိယနယ်စပ်သို့ လက်နက်ပစ္စည်းများကို အောင်မြင်စွာ ပို့ဆောင် နိုင်ခဲ့သည်။
အဆိုပါ လက်နက်အရောင်း အဝယ် ကိစ္စဖြင့် ၂၀ဝ၇ မှ ၂၀ဝ၉ အထိ လုပ်ကိုင်ခဲ့ပြီး ကရင်ပြည်နယ်နှင့် ထိုင်းနိုင်ငံတို့သို့ လက်နက် မှောင်ခို ရောင်းဝယ်သည့် လမ်းကြောင်းကိုလည်း သွားခဲ့ဖူးသည် ဟု ဆိုသည်။
လက်နက် အရောင်းအဝယ်နှင့် ပတ်သက်၍ ရပ်တန့်ရသည့် အကြောင်းအရင်းမှာ “ဝ” ခရီးစဉ်တွင် သိန်း ၃၀ဝ၀ ပေးမည် ဟု ကတိပေးထားသော နာဂခေါင်းဆောင် တယောက်က အမှန်စင်စစ်သိန်း ၃၀ သာ ပေးခဲ့သောကြောင့် ဖြစ်ပါသည်။
“ကျနော် တော်တော် စိတ်ပျက်သွားတယ်ဗျာ၊ ဘာဖြစ်လဲ ဆိုတော့ မှန်းထားတဲ့ အတိုင်း ပိုက်ဆံကို မရတော့ မုန်းလည်းမုန်းတယ် အဲဒီလူတွေကို။ အဲဒါပဲ။ ကျနော် ဆက်ပြီး အဲဒီအလုပ် မလုပ်တော့ဘူး။ သူတို့က ကတိမတည်ဘူး ဗျာ။ ကျနော်က တွေးထားတယ်၊ အဲဒီပိုက်ဆံရရင်တော့ ကိုယ့်ရဲ့ကိုယ်ပိုင်စီးပွားရေး တခုအနေနဲ့ ဈေးဆိုင်တခု ဖွင့်မယ်၊ အိမ်မှာ။ ကိုယ့်စီးပွားနဲ့ကိုယ ်အေးအေးဆေးဆေး လုပ်မယ်လို့ တွေးထားတယ်။ ဒါပေမယ့် မဖြစ်ခဲ့ပါဘူး” ဟု သူက ဆိုသည်။ (အမည်ကိုလွှဲ၍ ဖော်ပြထားပါသည်။)
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော လဝီဝမ်၏ Memories of an Arms Smuggler in Burma’s Far Northwest ကို ဘာသာပြန်ဆိုသည်။)