Ethnic Issues

ရခိုင်တွင် ALP စစ်ချီတေး ဖွင့်မှုဖြင့် ရွာသား ၂ ဦး အဖမ်းခံရ

This article has been converted from Zawgyi One to Unicode

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပြိန်းချောင်းကျေးရွာ ရွှေပါရမီ ဘုန်းကြီးကျောင်းအတွင်း အောက်တိုဘာလ ၂၈ ရက်နေ့က ဒေသခံ ရွာသားများ၏ စုပေါင်း ဆွမ်းအလှူတခုတွင် ရခိုင်ပြည် လွှတ်မြောက်ရေး တပ်မတော်(ALP/ALA) စစ်ချီတေး သီချင်းခွေကို ဖွင့်ခဲ့ရာမှ ရွာသား ၂ ဦးကို တပ်မတော်မှ ဖမ်းဆီးသွားကြောင်း သတင်း ရရှိသည်။

ပြိန်းချောင်းကျေးရွာအနီးတွင် အခြေစိုက်ထားသည့် အမှတ် ၃၇၇ အမြောက်တပ်ရင်းမှ တပ်ရင်းမှူးသည် ပြိန်းချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ မုန့်လှူရန် လာရောက်စဉ် ရွေပါရမီကျောင်းတိုက်မှ (ALP/ALA) စစ်ချီတေး သီချင်းသံကိုကြားရာ တပ်ဖွဲ့ဝင် စစ်သည် ၂၀ ခန့်ဖြင့် ဝါယာကြိုးများကို ဆွဲဖြုတ်ပြီး Sound Box များ၊ ရုပ်မြင်သံကြားစက်နှင့် ဗီဒီယိုစက်များကို သိမ်းဆည်းခဲ့ကြောင်း၊ ရွာသား ၂ ဦးကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း ရွှေပါရမီ ကျောင်းတိုက် ဆရာတော် ဦးဝရသာမိက ဧရာဝတီသို့ မိန့်သည်။

ဦးဝရသာမိက“ရွာက ကလေးတွေက ALP သီချင်းခွေကို ဖွင့်မိတယ်ပေါ့။ ဒါကို အမြောက်တပ်က တပ်ရင်းမှူးက လာပြီး အကြမ်း ဖက် တဲ့ အတိုင်းပဲ။ Sound Box တွေကိုလာပြီးတော့ ကြိုးတွေကို ဆွဲငင်ပစ်တယ်။ Sound Box တွေကိုလည်း ယူတယ်။ ရွာကကလေး ၂ ယောက်ကိုလည်း ဖမ်းသွားကြတယ်။ ကိုယ်တော်နဲ့ ဒကာကြီး ၆ ယောက် သွားပြီး မေတ္တာရပ်ခံတော့ လုံးဝမရဘူး။ တရားစွဲမယ်ဆိုပြီး ရဲကို အမှုစွဲတင်ဖို့ ပြောတယ်။ ကလေး ၂ ယောက်ကိုလည်း အချုပ်ထဲမှာ ထည့်ထားတယ်။ အမှန်က ကလေးတွေကို မင်းတို့ နောက်တခါ မလုပ်နဲ့။ ဒီအခွေကို မဖွင့်နဲ့ဆိုပြီး အခွေကို သိမ်းသွားလည်း ဖြစ်တာပဲ”ဟုလည်း မိန့်ကြားသည်။

ALP/ALA စစ်ချီတေး သီချင်းခွေ ဖွင့်ခဲ့ခြင်းနှင့်ပတ်သက်ပြီး ပြိန်းချောင်းကျေးရွားသား ၂ ဦးကို အပေါက်၀ ရဲစခန်းတွင် ခေတ္တချုပ်နှောင် ထားခဲ့ရာ လက်ရှိအချိန်တွင် အာမခံနှင့် ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ကြောင်း သိရသည်။

ALP/ALA သည် အစိုးရနှင့် အပစ်ရပ်စဲကြောင်း သဘောတူ လက်မှတ်ထိုးထားသော တရားဝင် အဖွဲ့တဖွဲ့ ဖြစ်သည့်အတွက် စစ်ချီတေး သီချင်းဖွင့်သော အမှုသည် နှစ်ဘက် ပြေလည်သွားပြီ ဖြစ်ကြောင်း၊ ယခုကဲ့သို့ စစ်တပ်မှ လုပ်ဆောင်ရခြင်းသည် အစိုးရနှင့် ငြိမ်းချမ်းရေး သဘောတူညီမှု မရရှိသေးသည့် ရက္ခိုင့် တပ်မတော်(AA)၏ စစ်ချီတေးသီချင်းနှင့် မှားယွင်း၍ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ALP/ ALA အဖွဲ့၏ အတွင်းရေးမှူး အဖွဲ့ဝင်တဦး ဖြစ်သူ ခိုင်အောင်ဇံဖြူက ပြောသည်။

ခိုင်အောင်ဇံဖြူက“အဲဒီအမှုက ပြေလည်မှု ရရှိသွားပြီလို့ သိရတယ်။ သူတို့က AA တေးသီချင်း ဘုန်းကြီးကျောင်းမှာ ဖွင့်နေတယ်ဆိုပြီး လုပ်တာ။ နောက်မှ ALP သီချင်းမှန်းသိတော့ ALP ဆိုတော့ ဘာမှ မလုပ်တော့ဘူးပေါ့။ ပြန်သွားလိုက်ပါ၊ ဆိုပြီးတော့ လွှတ်လိုက်ပြီ လို့ သိရပါတယ်”ဟု ပြောပြသည်။

ALP/ALA သည် ၂၀၁၂ ခုနှစ် ဧပြီလအတွင်း အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ကို ပြည်နယ်အဆင့် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ကျောက်တော်မြို့ တွင်ဆက်ဆံရေးရုံးတခုကို ဖွင့်လှစ်ထားကြောင်း၊ လက်ရှိ အချိန်တွင် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်(NCA)ကို သဘောတူ လက်မှတ်ရေးထိုး ထားသော အဖွဲ့အစည်းတခု ဖြစ်ကြောင်း သိရသည်။

ALP ပါတီကို ၁၉၆၇ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ကရင်အမျိုးသား အစည်းအရုံး (KNU) နယ်မြေ၌ စတင် တည်ထောင်ခဲ့ပြီး ၎င်း၏ လက်အောက်တွင် ရခိုင် ပြည်လွတ်မြောက်ရေး တပ်မတော် ALA ရှိသည်။

ALA ကို ၁၉၇၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ထူထောင်ခဲ့ပြီး မြန်မာ-အိန္ဒိယ နယ်စပ်၊ ဘင်္ဂလားဒေ့ရှ် နယ်စပ် ထိုင်း နယ်စပ်တို့တွင် အခြေစိုက် လှုပ်ရှားလျက် ရှိကြောင်း သိရသည်။

Loading