မန္တလေးတိုင်းဒေသကြီးအတွင်း ရွှေတူးဖော်ရေးလုပ်သားများအနေဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အသိပညာအားနေပြီး တချို့မှာ ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကိုပင် မသိကြကြောင်းသိရသည်။
“ရွေးကောက်ပွဲ ဘယ်နေ့ လုပ်မယ်ဆိုတာ မသိပါဘူး။ ပါတီတွေကလည်း ကုမ္ပဏီကို လာတာ မတွေ့ပါဘူး”ဟု ရွှေ့ပြောင်းလုပ်သား ၇၀၀ ခန့် ရှိသည့် သပိတ်ကျင်းမြို့နယ် ဝက်သေရွာရှိ ထာဝရ ရွှေတူးဖော်ရေးကုမ္ပဏီမှ ကွင်းဆရာ ကိုအိုက်မောင်က ပြောသည်။
သပိတ်ကျင်းမြို့နယ်သည် မန္တလေးတိုင်းဒေသကြီးအတွင်း တည်ရှိပြီး ရွှေတူးဖော်ရေးလုပ်ကွက်များစွာ ရှိသည့် ဒေသတစ်ခုဖြစ်ရာ ရွှေ့ပြောင်းလုပ်သားအများအပြားရှိနေသည့် မြို့နယ် တစ်ခုလည်း ဖြစ်သည်။
သပိတ်ကျင်းမြို့နယ်တွင် မဲဆန္ဒရှင် စုစုပေါင်း ၉၀၀၀၀ ကျော်ရှိရာ ရွှေ့ပြောင်း လုပ်သားများ အပါအဝင် ရက်ပေါင်း ၁၈၀ အတွင်း နေ ထိုင်သူများ လျှောက်ထားနိုင်သည့် ပုံစံ (၃-က) ဖြင့် လျှောက်ထားသူ အရေအတွက် ၁၅၀၀ ခန့် ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ မဲစာရင်းအရ သိရသည်။