သတင်းတို

ကျောင်းသားခေါင်းဆောင် ကျော်ကိုကို ကို နိုဝင်ဘာ ၅ ရက် ရုံးထုတ်မည်

This article has been converted from Zawgyi One to Unicode

ကျောင်းသားသပိတ်, ကျော်ကိုကို,အောင်မှိုင်းဆန်း
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်က ပညာရေးဥပဒေ သပိတ်မှောက်ကျောင်းသားများ မကွေးမြို့သို့ ရောက်ရှိပြီး မကွေးနည်း ပညာ တက္ကသိုလ်တွင် ဆန္ဒပြနေသည်ကို တွေ့ရစဉ်(ဓာတ်ပုံ – ဂျေပိုင်/ဧရာဝတီ)

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသ) ဥက္ကဋ္ဌ ကိုကျော်ကိုကိုအား လာမည့် နိုဝင်ဘာ ၅ ရက်တွင် ရန်ကုန်မြို့ ကမာရွတ် တရားရုံးတွင် ရုံးထုတ် စစ်ဆေးမည် ဖြစ်ကြောင်း ဗကသ အဖွဲ့ချုပ်မှ ကိုအောင်နေပိုင်က ပြောကြားသည်။

ယမန်နေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် စံပြဈေးအနီးတွင် အာဏာပိုင်များက ကိုကျော်ကိုကိုအား ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ပြီး ယနေ့တွင် ကမာရွတ် တရားရုံးတွင် ရမန်ယူပြီး အင်းစိန် အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၀ ရက်က လက်ပံတန်းမြို့၌ ကျောင်းသားများ အကြမ်းဖက် ဖြိုခွင်းခံရမှုအပြီး မတ်လ ၁၁ ရက်တွင် ရန်ကုန်မြို့ လှည်းတန်းမှတ်တိုင်အနီး ပြည်လမ်းပေါ်၌ ကျောင်းသားများ ဆန္ဒပြရာ၌ ဦးဆောင်ပါဝင်မှုဖြင့် ကမာရွတ်ရဲစခန်းက အမှုဖွင့်ခဲ့သော ကျောင်းသား ၆ ဦးတွင် ဗကသ ဥက္ကဋ္ဌ ကိုကျော်ကိုကိုလည်း တဦးအပါအဝင် ဖြစ်သည်။

အမှုဖွင့်ခံထားသူ ၆ ဦးမှာ ကိုကျော်ကိုကို၊ ကိုဝင်းကျော်မိုး၊ ကိုနန္ဒာစစ်အောင်၊ ကိုလင်းထက်နိုင်၊ ကိုထက်ခိုင်စိုးနှင့် ပိုပိုတို့ ဖြစ်ကြပြီး ၎င်းတို့အား ကမာရွတ် ရဲစခန်းက ပုဒ်မ ၁၄၃၊ ပုဒ်မ ၁၄၅၊ ပုဒ်မ ၁၄၇ နှင့် ပုဒ်မ ၅၀၅(ခ) တို့ဖြင့် အမှုဖွင့် တရားစွဲထားခြင်း ဖြစ်သည်။

Loading