ချမ်းအေးသည့် အငွေ့ဓာတ်များနှင့် အတူ အဝါရောင် ရှမ်းဝတ်စုံများ ဆင်တူဝတ်ဆင်၍ အိုးစည်ဒိုးပတ်သံများနှင့်အတူ အပြိုင်ကနေ ကြသည့် ရှမ်းအမျိုးသမီးများကို ရှေးဦးစွာမြင်ရသည်။
တချို့သော ရှမ်းလူငယ် အမျိုးသား၊ အမျိုးသမီးများက လက်ရှိ မိုင်းရှုးဒေသအတွင်း ဖြစ်ပွားနေသော စစ်ဘေးဒဏ်ခံနေရသည့် ရှမ်း လူထု အတွက် အလှူခံနေကြသည့် မဏ္ဍာပ်ကိုလည်း တွေ့ရသည်။
အောက်တိုဘာ ၂၆ရက်နေ့သည် ရှမ်းပြည်နယ် အတွင်း နေထိုင်သည့် တိုင်းရင်းသားများ ဖက်ဒရယ် ပြည်ထောင်စု ရရှိရန် ကြိုးစား နေသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)ဟု အများသိကြသော မြန်မာ ဘာသာဖြင့် “ကျားခေါင်း”၊ ရှမ်း ဘာသာဖြင့် “ဟိုဆေ” ၏ ၂၇ နှစ်ပြည့် အထိမ်းအမှတ်နေ့ ဖြစ်သည်။
SNLD ကို ၁၉၈၈ ခုနစ် အောက်တိုဘာ ၂၆ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
ပါတီ ၂၇ နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ရေအေးကွင်းရပ် ကမ္ဘောဇလမ်းရှိ မဟာယာန ဘုရားရှိခိုးကျောင်းတွင် ပြုလုပ်ခဲ့ဲပြီး ပါတီဝင်များ၊ လူမှုအဖွဲ့အစည်းများ၊ လက်ရှိ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေး ထိုး ထားသည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော်(RCSS/SSA) တို့ အပါအဝင် လူဦးရေ ၅၀၀ ကျော် တက်ရောက်ခဲ့သည်။
SNLD သည် “ ဝါ စိမ်း နီ” ရှမ်းအလံ တံဆိပ်တွင် “ ကျားခေါင်း” ပုံ ဖြင့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ရှမ်းပြည်နယ် အနှံ့ အဓိက ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။
SNLD သည် ၁၉၉၀ ရွေးကောက်ပွဲတွင် တနိုင်ငံလုံး ဒုတိယ မဲအများဆုံးဖြင့် အောင်နိုင်မှု ရရှိခဲ့သည့် အင်အားကြီး ပါတီ တခု လည်း ဖြစ်သည်။
“မဆုတ်မနစ် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးနဲ့ ၂၀၀၈ ဥပဒေ ပြင်ဆင်ရေးဟာ ကျနော်တို့အတွက် အရမ်းကို အရေးကြီးပါတယ်။ ကျနော်တို့ ပါတီဟာ အာဏာရရှိရေးအတွက် မဟုတ်ဘဲနဲ့ ဒီ ပြည်သူပြည်သားတွေ အတွက် စစ်မှန်တဲ့ ဖက် ဒရယ် ပြည်ထောင်စု ရရှိရေးအတွက် ကျနော်တို့ အခြေခံဥပဒေ ပြင်ဆင်ဖို့ ဆောင်ရွက်တာပါ”ဟု SNLD ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး က ပြောကြားသည်။
ရွေးကောက်ပွဲသည် ရတောင့်ရခဲဖြစ်သည့် အတွက် လက်ရှိ စစ်ဖြစ်နေတဲ့ နေရာဒေသများတွင် တဖက်သတ် ရွေးကောက်ပွဲ ရပ် ဆိုင်း မှုကို မလိုလားကြောင်း၊ အခွင့်အရေး ဆုံးရှုံးမှုများဖြစ်ပွားမည်ကို စိုးရိမ်ကြောင်းလည်း ဦးခွန်ထွန်းဦး က ဆက်ပြောသည်။
တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့အနေဖြင့်လည်း လက်မှတ် မထိုး ထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့ကို ငဲ့ညှာသင့်ကြောင်း၊ လက်မှတ်မထိုးသည့် လက်နက်ကိုင် ၁၃ ဖွဲ့သည် အင်အားကြီး အဖွဲ့များဖြစ်ကြောင်းကိုလည်း ဦးခွန်ထွန်းဦး၏ မိန့်ခွန်းတွင်ထည့်သွင်း ပြောကြားသည်။
SNLD ပါတီသည် ရှမ်းတိုင်းရင်းသားများ ကိုယ်စားပြုပြီး ရှမ်းတိုင်းရင်းသားများ အတွက် ရည်ရွယ်ဖွဲ့စည်းထားခြင်း မဟုတ်ကြောင်း၊ ရှမ်းပြည်သားမူဝါဒ ဖြစ်ပြီး ဒီမိုကရေစီရရှိရေးအတွက်၊ ဖက်ဒရယ် ရရှိရေးအတွက်၊ ရှမ်းပြည်နယ် အားလုံးအတွက် ဖြစ်ကြောင်း လည်း ဆိုသည်။
“ကျနော်တို့ ဒီပွဲလုပ်ရတာလည်း ပြည့်ပြည့်ဝဝ မပျော်နိုင်ပါဘူး။ ကျနော်တို့ သံယောဇဉ်ရှိနေတဲ့ ဘေးဒုက္ခရောက်နေတဲ့ ကျနော်တို့ လူမျိုးသားချင်းတွေ မိတ်ဆွေတွေ မဲဆန္ဒရှင်တွေရှိနေတော့ သံယောဇဉ်မပြတ်ဘူး”ဟု SNLD မှ တာဝန်ရှိသူ တဦးဖြစ်သော ဦးစိုင်းညွန့်လွင် ကလည်း ပြောဆိုသည်။
SNLD အနေဖြင့် အစိုးရ ဖွဲ့ခွင့်ရမည်ဆိုပါက တဖက်သတ် အပစ်အခတ် ရပ်စဲရေးများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုး တိုး တက်မှု အတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန်နှင့် လျှပ်စစ်မီးများ၊ ဆက်သွယ်ရေးများ၊ နေရာတိုင်းတွင် လုပ်ပေးပြီး စိုက် ပျိုးရေး၊ စက်မှုလက်မှု နည်းပညာကျောင်းများ တည်ထောင်ပေးပါက အလွန် ကြီးပွားလာမည် ဖြစ်ကြောင်းလည်း ဦးစိုင်းညွန့်လွင်က ပြောကြားသည်။
“ကျနော်တို့လူတွေဟာ အပင်ပန်းခံမရပ်မနား မဲဆွယ်မှုတွေ လုပ်နေပါတယ်။ ကျနော်တို့ တာဝန်ခံနိုင်တာကတော့ ကျနော်တို့ ပါတီ ကို အကြောင်းပြုပြီး စီးပွားရေးလုပ်မှာ မဟုတ်ဘူး။ ကိုယ်ကျိုးစီးပွားရေး လုပ်မှာမဟုတ်ဘူး။ ဒီပါတီပေါ်အကြောင်းပြုပြီးတော့ အမြတ် ထုတ်ဖို့မရှိပါဘူး”ဟု ဦးစိုင်းညွန့်လွင်က ၂၇ နှစ်ပြည့် ပါတီ အထိမ်းအမှတ်နေ့တွင် ထည့်သွင်း ပြောကြားခဲ့သည်။
ကိုယ့်မြေ ကိုယ့်ဒေသတွင် နေထိုင်ကြပြီး ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ရန် SNLD ကို ဝိုင်းဝန်းကြရန်လည်း ထပ်လောင်း ပြောကြား သည်။
ဆက်လက်၍ SNLD တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ်က လက်ရှိ နိုင်ငံရေးနှင့်ပတ်သက်ပြီး“အချင်းချင်းတိုက်ကြ၊ ပစ်ကြ၊ ခတ်ကြ ကျနော်တို့ ပြည်သူတွေ ပိုပြီး ဒုက္ခရောက်ကြတယ်။ ဆင်းရဲသထက် ဆင်းရဲကြတယ်။ အဲ့ဒီ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်း လမ်း နဲ့ ရှင်းကြပါ။ အားလုံးတော့ ငြိမ်းချမ်းရေးကို မျှော်လင့်တယ်”ဟု ပြောသည်။
နိုင်ငံရေး ဆွေးနွေးပွဲမှ ရလာသည့် ရလဒ်ကို ပြည်ထောင်စုလွှတ်တော်ကို တင်ရမည်ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်တွင် ရောက်ရှိနေသည့် ဒီမိုကရေစီကို မြတ်နိုးသော လွှတ်တော်အမတ်များက ဥပဒေပြုရန် ပြုပြင် ရေးသားရမည်ဟုလည်း ဆိုသည်။
ထို့ကြောင့် လက်ရှိ ပြည်သူအကြိုက် မဟုတ်သည့် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ ပြုပြင်နိုင်ရန် လွှတ်တော်တွင်း လွှတ်တော်ပြင်ပ ဟန်ချက် ညီညီ ကြိုးစားနိုင်ရန် အတွက် ဒီမိုကရက်တစ် အမတ်လောင်းများများ လွှတ်တော်ထဲရောက်မှသာလျှင် ပြုလုပ်နိုင်မည် ဖြစ်ကြောင်း ကိုလည်း စိုင်းလိတ်က ထည့်သွင်းပြောဆိုသည်။
လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံရွေးကောက်ပွဲ၌ SNLD ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် ၁၅၈ ဦး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ရှမ်းပြည်နယ် အနှံ့၊ ကယားပြည်နယ်တွင် ၁၄ ဦး၊ ကချင်ပြည်နယ်တွင် ၁၁ ဦး နှင့် မန္တလေးတိုင်းတွင် ၄ ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။
“လွှတ်တော် ကိုယ်စားလှယ်လောင်းတွေဟာ ပြီးခဲ့တဲ့လမှာ ပင်လုံမှာ ညီလာခံကျင်းပပါတယ်။ ပင်လုံကျောက်တိုင်ကို သက်သေ ထားပြီး လွှတ်တော် ကိုယ်စားလှယ်လောင်အားလုံးဟာ ကတိသစ္စာဆိုရပါတယ်။ အဲ့ဒီကတိ သစ္စာကတော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ဖို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မဖြစ်မနေ ကြိုးပမ်းပြင်ဆင်သွားမယ်။ လိုအပ်ရင် အသစ် ရေး ဆွဲသွားမယ်လို့ သစ္စာပြုခဲ့ပါတယ်”ဟု ဦးစိုင်းလိတ်က ပြောကြားခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံနှင့် ပတ်သက်၍လည်း ဦးစိုင်းလိတ်က “ပြည်ထောင်စု တခုလုံးမှာ မှီတင်း နေထိုင်တဲ့ လူထုဆန္ဒနဲ့ တထပ်တည်း ကျတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ မပေါ်ပေါက်သေး သရွွေ့ကတော့ ခင်ဗျားတို့ ကျနော်တို့ရဲ့ တိုင်းရင်းသားတွေ သွေးအလိမ်းလိမ်း နဲ့ တိုက်ပွဲဝင် ရဦးမယ်။ တိုက်ပွဲ ဒဏ်ရာ ဒဏ်ချက်ကိုခံစားရဦးမှာ၊ စစ်ဘေးဒဏ်တွေ ခံစားရဦးမှာ၊ တွေ့ကြဦးမှာ”ဟုလည်း ပြောဆိုသည်။
အောက်တိုဘာ ၂၆ ရက်က ကျင်းကသော SNLD ၂၇ နှစ်ပြည့် အမှတ်တရပွဲကို တောင်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများက ရှမ်းပြည်သူများ တက်ရောက်ချီးမြှင့် ကြသကဲ့သို့ ရှမ်းပြည်မှ နာမည်ကျော် ရှမ်းအဆိုတော်များဖြစ်သည့် စိုင်းလှိုင်းဟန်၊ စိုင်းဆိုင်စွမ်ဖ၊ စိုင်းအောင်ထီးခမ်း နှင့် စိုင်းလိတ် တို့က လာရောက် ဖျော်ဖြေခဲ့သည်ကိုလည်း တွေ့ရသည်။
ထိုဖျော်ဖြေရေး ကဏ္ဍတွင်လည်း “ဟိုဆေ” မြန်မာဘာသာဖြင့် “ကျားခေါင်း” ဆိုသည့် အသံ ခန်းမတခုလုံး လွှမ်းမိုးခဲ့ပါသည်။
ပွဲအတွင်း မိုင်းရှူးမြို့နယ် စစ်ဘေးရှောင် ဒုက္ခသည်များအတွက် အလှူငွေ ကျပ် သိန်း ၄၀ ခန့် ကောက်ခံရရှိခဲ့ကြောင်းလည်း သိရ သည်။
မိုင်းပြင်မြို့မှ ပွဲကို တက်ရောက်လာသည့် ဒေါ်နန်းမြအေး က “ကျမတို့ ဘက်မှာ NLD ပါတီနဲ့ SNLD ပါတီက အင်အားကြီးပါတယ်။ ဒီပါတီ ၂ ခုကတော့ ရွာတွေထိ ဆင်းပြီး မဲဆွယ်မှုတွေ မဲပေးပုံတွေကို ပညာပေးမှုတွေ လုပ်ပါတယ်။ ကျမကတော့ အပြောင်းအလဲ လိုချင်ပြီ။ ကျမတို့ဘက်မှာ အရမ်းကို ဖွံ့ဖြိုးမှု မရဘူး”ဟု ဧရာဝတီကို ပြောပြသည်။
ရှမ်းပြည်နယ် အတွင်းတွင် SNLD နှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) (ကျားဖြူပါတီ)၊ NLD ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(USDP)၊ လားဟူ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီ၊ ကိုးကန့် ဒီမိုကရေစီ နှင့် ညီညွတ်ရေး ပါတီ၊ ပအို့ဝ် အမျိုးသား အဖွဲ့ချုပ် (PNO)၊ ကယန်း အမျိုးသားပါတီ၊ အင်း အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ အားလုံးစုပေါင်း ၁၃ ပါတီ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
တောင်ကြီးဒေသခံ ရှမ်းအမျိုးသား စိုင်းဟတ်ခေး က “တောင်ကြီးမှာ ၂၀၁၀ ကတည်းက ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ ကျားဖြူ ကို လူသိ များတယ်။ ကျားခေါင်းကို သိတာ နည်းတယ်။ ကျနော်တို့ ရှမ်းပြည်နယ် အစိုးရက စီးပွားဆန်တဲ့ အစိုးရ မဖြစ်စေချင်ဘူး။ ပြည်သူ တွေ လိုလားပြီး ပြည်သူ့အရေးကို ကြည့်ပေးတဲ့သူကိုပဲ ဖြစ်စေချင်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမည့် ရွေးကောက်ပွဲအတွက် SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ကိုယ်တိုင် ဦးဆောင်ပြီး SNLD လွှတ်တော် ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ် အနှံ့၊ ကချင်ပြည်နယ် တို့ကို သွားရောက်၍ လူထု တွေ့ဆုံပွဲများ ပါတီ ဆိုင်းဘုတ် တင်ပွဲများ ယခုကာလ အတွင်း ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။ ။