မိုးအကုန် ဆောင်းအကူး တောင်ပေါ်ဒေသ ရာသီဥတုက အေးစိမ့်စိမ့်နှင့် အိပ်ရာထဲကွေးရန် ကောင်းသည့် အချိန်တွင် တောင်ပေါ်ဒေသ ရှမ်းပြည်သူများကတော့ လက်နက်ကြီးသံကြောင့် မအိပ်နိုင်ဘဲ ပြေးလွှားနေရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ် ဝမ်ဟိုင်း ကျေးရွာအတွင်း လက်နက်ကြီးကျသည့်နေ့ အောက်တိုဘာ ၂၉ ရက် ညသန်းခေါင် လူအိပ်မောကျချိန် တချက်ထိုး ဖြစ်သည်။ လက်နက်ကြီးကျသည့် ဝမ်ဟိုင်းကျေးရွာသည် မိုင်းရှူးမြို့နှင့် ၁၇ မိုင်ခန့်သာ ဝေးကွာသည့် နေရာတခုလည်း ဖြစ်သည်။
ထိုဝမ်ဟိုင်းကျေးရွာတွင် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA) စစ်ဌာနချုပ် တည်ရှိရာ နေရာလည်း ဖြစ်သည်။ လက်ရှိတွင် SSPP/SSA နှင့် အစိုးရ တပ်မတော်တို့ အပြင်းအထန် ထိုးစစ်ဆင်နေကြသည့် ဒေသလည်း ဖြစ်သည်။
လက်နက်ကြီး ကျတဲ့အချိန်တွင် ကျမ တည်းခိုသည့် အိမ်ရှင်က “အစ်မ ပစ္စည်းတွေသိမ်း၊ သွားရအောင်၊ ဘုန်းကြီးကျောင်းဘေးမှာ လက်နက်ကြီး ကျတယ်တဲ့။ ဒီကနေ ခဏရှောင်ရမယ်” ဟု ပြောသည်။
အားလုံးက အိပ်ချင်စိတ်ကို ဖျောက်ကာ သိမ်းစရာ ရှိသည့်ပစ္စည်းများ ကိုယ်စီ သိမ်းနေကြသည်ကို တွေ့ရသည်။
ထိုနေ့သည် ဗုဒ္ဓဘာသာဝင်များ၏ သီတင်းကျွတ်လပြည့်နေ့ ဖြစ်သည့်အလျောက် ဝမ်ဟိုင်းကျေးရွာ ဒေသခံများသည် ဝမ်ဟိုင်း ဘုန်းကြီးကျောင်းတွင် သွားရောက်ကာ ဆီမီးများ ပူဇော်ထွန်းညှိသည့် အချိန်ခါလည်း ဖြစ်သည်။
လက်နက်ကြီး ကျသည့်အတွက် ကားလမ်းတလျှောက်တွင် ကားများ၊ ဆိုင်ကယ်များ၊ ထော်လာဂျီကိုယ်စီနှင့် ခြေဦးတည့်ရာကို ထွက်ပြေးသွားနေကြတာကိုလည်း မြင်ခဲ့ရသည်။
လက်နက်ကြီးသံ တခါမျှ မကြားဖူးသူဖြစ်သည့် ကျမ အတွက် ထိတ်လန့်နေခဲ့သော်လည်း ရှမ်းပြည်နယ် ထိုဒေသတွင် နေထိုင်သည့် သူများအတွက် ထူးခြားမှုတခု မဟုတ်ပေ။
အိမ်ရှင်က စောင်များ အကျႌများကို ကားတွင်းသို့ ထည့်ကာပြီး ဝမ်ဟိုင်းကျေးရွာအနီးရှိ ပန်လော့ခ်ကျေးရွာသို့ မောင်းသွားကြသည်။ ပန်လော့ခ်ကျေးရွာသို့ ရောက်သည့်အခါ အသိမိတ်ဆွေ အိမ်တွင်သာ တည်းခိုခဲ့ရသည်။
လက်နက်ကြီးကျမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ကျမတို့ အုပ်စုထဲတွင် အသက် ၆၀ ဝန်းကျင် အဘွားအိုနှင့် အသက် ၇ နှစ်အရွယ် ကလေးမတဦးလည်း ပါလာသည်။
အသက် ၇ နှစ်အရွယ် မိန်းကလေးက ရှမ်းဘာသာစကားဖြင့် “ဗမာတွေက သမီးတို့နေတဲ့နေရာကို ဘာလို့ လိုချင်တာလဲ။ ဘာလို့ ဗုံးပစ်တာလဲ” ဟု သူ့မိခင်ကို မေးနေသည်။
ထိုမိန်းကလေးသည် သူမွေးထားသည့် ခွေးငယ်လေးကို လက်နက်ဖြင့် ပစ်ခတ်ခံရမည်ကို စိုးရိမ်သဖြင့် ခွေးလေးကိုပါ အပါခေါ်ခဲ့ကြောင်းလည်း ပြောပြသည်။
လိုက်ပါလာသည့် အသက် ၆၀ ဝန်းကျင် အဘွားကလည်း “လက်နက်ကြီးသံ ၅ချက် ကြားရတယ်။ ကြောက်လို့ ဘာမှတောင် မယူလာမိဘူး။ မနက်မိုးလင်းမှပဲ ပြန်ယူရတော့မယ်” ဟု ရှမ်းလို ပြောပြနေသည်။
ထွက်ပြေးတိမ်းရှောင်လာသည့် ကျမတို့ အုပ်စုထဲသည် စိတ်ညစ်မှုကို ဖြေဖျောက်သည့်အနေဖြင့် “ ဒီလက်နက်ကြီး ကျတဲ့အချိန်က ငါတို့ ရွာစောင့်နတ် ခဏတဖြုတ် ငိုက်နေတဲ့အချိန် ဖြစ်မယ်။ ရွာစောင့်နတ်ငိုက်နေလို့ လက်နက်ကြီးက ရွာထဲကျတယ်” ဆိုပြီး ပြောဆိုကာ ရယ်မောနေကြပြန်သည်။
လက်နက်ကြီး မကျခင်က ကျမ တည်းခိုသည့် အိမ်ရှင်ကို “ဒီမှာ အေးအေးဆေးဆေးပဲလား။ ဘာမှ မဖြစ်ဘူးလား” ဟု မေးမြန်းတော့ အိမ်ရှင်အမျိုးသမီးက “ ဘာမှတော့မဖြစ်ဘူး။ အေးဆေးပဲ။ ဖြစ်ရင်တော့ ရှောင်ရမှာပေါ့။ ၂၀၁၃ ခုနစ်တုန်းကတော့ ရှောင်ခဲ့ရဖူးတယ်” ဟု ပြောပြသည်။
လက်နက်ကြီး မကျမီ ၄ နာရီ အလိုတွင် အိမ်ရှင်အမျိုးသမီးက ကလေးများနှင့်အတူ ဝမ်ဟိုင်း ဘုန်းကြီးကျောင်း၊ ဝမ်ဟိုင်း နတ်စင်တို့ထံ သွားရောက်ပြီး ဆီမီး ပူဇော်ခဲ့သည်။
ယခုရက်ပိုင်း ဝမ်ဟိုင်း ကျေးရွာအတွင်းရှိ ပြည်သူများကို ရွာတွင်း၌ မနေရန်နှင့် အချိန်မရွေး လက်နက်ကြီး ကျနိုင်ကြောင်းနှင့် ရွာသူရွာသားများ ခေတ္တခဏ ပြောင်းရွှေ့နေကြရန် SSPP/SSA ဌာနချုပ်က အကြောင်းကြားထားသည်ဟု သိရသည်။
ထိုနေ့တွင် SSPP/SSA ဌာနချုပ်ရှိရာ ဝမ်ဟိုင်းကို အစိုးရတပ်ဘက်က လက်နက်ကြီး ၈ လုံးဖြင့် ပစ်ခတ်ခဲ့ရာ ဝမ်ဟိုင်း ကျေးရွာ ဘုန်းကြီးကျောင်းဘေးရှိ ဒေသခံ အိမ်၊ ကားများကို ထိမှန်ခဲ့ပြီး လူထိခိုက်မှု မရှိခဲ့ပေ။
ကျေးရွာအတွင်းသို့ လက်နက်ကြီးတလုံးသာ ကျခဲ့ပြီး ကျန် ၇ လုံးမှာ လယ်ယာထဲသို့ ကျရောက်ခဲ့သည်ဟုလည်း သိရသည်။
ဝမ်ဟိုင်း လက်နက်ကြီး ကျသည့်ကိစ္စနှင့် ပတ်သက်ပြီး “ကျနော်တို့ အဖွဲ့အစည်းအားလုံး ကျနော်တို့ လူကြီးတွေ သုံးသပ်တာကတော့ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ထိုးဖို့ အဆင်သင့်မဖြစ်လို့ ဖိအားပေး လက်မှတ် ထိုးချင်လာအောင် အနေအထားမျိုးလို့ ကျနော်ယူဆပါတယ်” ဟု SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဒု ဗိုလ်မှူးကြီး စိုင်းလက ဧရာဝတီသို့ ပြောသည်။
ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်သော သီတင်းကျွတ်လပြည့်အခါသမယတွင် မြန်မာနိုင်ငံရှိဒေသ တော်တော်များများ ကုသိုလ်ကောင်းမှုများ ပြုလုပ်နေကြချိန် မိုင်းရှူးဒေသ ကျေးရွာတချို့ကတော့ ကျီးလန့်စာစား စစ်ဘေးရှောင်နေကြရသည်။
တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသဖြင့် မိုင်းရှူးမြို့နယ်အတွင်း စစ်ဘေးရှောင် ဒုက္ခသည်များ ၃ ထောင်ကျော် ရှိလာပြီဖြစ်ကြောင်း သိရသည်။
သတင်းယူရန် ခရီးသွားရင်း သီးတင်းကျွတ်လပြည့်နေ့တွင် ကိုယ်တိုင် စစ်ဘေးရှောင်တဦး ဖြစ်ခဲ့ရသည့်ညအဖြစ် မမေ့နိုင်စရာ ညတည ဖြစ်ခဲ့ရပါသည်။