ရွေးကောက်ပွဲ အကြိုကာလအတွင်း မဲဆန္ဒရှင် ပညာပေးလုပ်ငန်းများ အားနည်းမှုကြောင့် မဲပေးရာတွင် ပယ်မဲ များလာနိုင်သည်ဟု ရွေးကောက်ပွဲလုပ်ငန်းစဉ် လေ့လာ စောင့်ကြည့်ရေးအဖွဲ့ တခုဖြစ်သည့် ဒါန – ရှေ့ဆောင် မြန်မာအဖွဲ့က ထုတ်ပြန်သည်။
ဒါန – ရှေ့ဆောင် မြန်မာအဖွဲ့က ရွေးကောက်ပွဲအကြို လေ့လာစောင့်ကြည့်မှု အစီအစဉ်ဖြင့် တနိုင်ငံလုံး အတိုင်းအတာအရ မြို့နယ် ၂၈ မြို့နယ်အတွင်း လေ့လာစောင့်ကြည့်ခဲ့မှု အစီရင်ခံစာအရ မဲဆန္ဒရှင် ပညာပေးလုပ်ငန်းများ လွန်စွာနည်းပါးနေကြောင်း၊ တချို့မြို့နယ် များတွင် ပညာပေးမှု လုံးဝမရှိကြောင်း သိရသည်။
လေ့လာ စောင့်ကြည့်ခဲ့သည့် အုပ်စုအမျိုးအစား ၄ မျိုးတွင် မဲဆန္ဒရှင် အသိပညာပေး လုပ်ငန်းများနှင့် ပတ်သက်သည့် သတင်းအချက် အလက်များ ရရှိမှုသည် မသန်စွမ်းသူများအနေဖြင့် လုံးဝမရရှိသလောက် ဖြစ်နေပြီး ပြည်တွင်းရွှေ့ပြောင်း အလုပ်သမားများသည် ထိုအခက်အခဲကို အကြုံတွေ့ရဆုံးသူများဖြစ်ကြောင်း ထိုအစီအရင်ခံစာတွင် ဆက်လက် ဖော်ပြထားသည်။
ယခုထုတ်ပြန်သည့် အစီအရင်ခံစာ၌ ပါဝင်သော ၂၈ မြို့နယ်မှာ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခုမှ မြို့နယ်တချို့နှင့် နာဂ ကိုယ် ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်းမှ မြို့နယ် ၂ မြို့နယ်တို့ ပါဝင်ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော် ကောင်စီနယ်မြေ၊ ချင်းပြည်နယ်နှင့့် မွန်ပြည်နယ်များ အတွင်းမှ မြို့နယ်များ မပါဝင်သေးကြောင်း သိရသည်။