ရန်ကုန်မြို့၏ ထင်ရှားသည့် ရှေးဟောင်း အဆောက်အအုံများထဲတွင် တခုအပါအဝင်ဖြစ်သည့် ရန်ကုန်မြို့တော်ခန်းမ အား ပုဂ္ဂလိ ကသို့ လွှဲပြောင်းပေးမည် ဆိုသော သတင်းထွက်ပေါ်နေခြင်းသည် မမှန်ကန်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော် မတီဝင် ဦးခင်လှိုင် (ဇောတိက) က ပြောသည်။
ရှေးဟောင်းအဆောက်အအုံ စာရင်းတွင် တခုအပါအဝင်ဖြစ်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးရုံး ပြုလုပ်ထားသော မြို့တော် ခန်းမအား ပြခန်းများ ပြုလုပ်ပြသနိုင်ရန်အတွက် ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုမည့်ဆိုသော သတင်းများ ထွက်ပေါ်နေ မှုနှင့် ပတ်သက်ပြီး ဦးခင်လှိုင်က အထက်ပါအတိုင်း ပြန်လည်ပြောဆိုခြင်း ဖြစ်သည်။
“ကျနော်ရဲ့ တင်ပြချက်ပေါ်မှာ မူတည်ပြီးတော့ လူတွေက စကားတွေ ကားသွားကြတာ။ ပုဂ္ဂလိကကို ပေးစရာ အကြောင်း မရှိပါဘူး”ဟု ဦးခင်လှိုင်က ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမအပတ်တွင် ပြုလုပ်ခဲ့သည့် မြို့တော်စည်ပင်ကော်မတီ အစည်းအဝေး၌ မြို့တော်ခန်းမအား အများပြည်သူများ လာရောက်လေ့လာနိုင်ရန်၊ လွတ်လပ်စွာ သွားလာနိုင်ရန်၊ ပြည်တွင်းဧည့်သည်များ သာမက နိုင်ငံခြားသားများကိုလည်း လာရောက် လေ့လာနိုင်သည့်နေရာအဖြစ် ပြုလုပ်မည် ဆိုပါက နိုင်ငံခြားဝင်ငွေလည်း ရရှိနိုင်မည်ဖြစ်ကြောင်း ဦးခင်လှိုင်က တင်ပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။