ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီက ၂၀၁၄ ခုနှစ်အတွင်းထုတ်ဝေခဲ့သည့် စာအုပ် များထဲမှ စိစစ်ရွေးချယ်ပြီး အမျိုးသားစာပေဆုချီးမြှင့်ရန် ရွေးချယ်ခြင်းခံရသော စာအုပ်များနှင့် စာရေးသူများကို ထုတ်ပြန် ကြေညာလိုက်ပြီ ဖြစ်သည်။
အဆိုပါဆုများထဲမှ ဝတ္ထုရှည်စာပေဆုတွင် စံပယ်ဖြူနုရေးသားသည့် မြောက်ဖျားက အလွမ်းရာသီ၊ ဝတ္ထုတိုပေါင်းချုပ် စာပေဆုတွင် ကြူးနှစ်ရေးသားသည့် မာရ်နတ်ရဲ့စည်းစိမ်၊ ကဗျာပေါင်းချုပ် ဆုတွင် မောင်လင်းကြည် ရေးသားသည့် မိုးဦး လေဦး ကဗျာများ၊ စာပဒေသာဆုတွင် တက္ကသိုလ် ခင်မောင်ဇော် ရေးသားသည့် တက္ကသီလာမြကျွန်းသာ (ရန်ကုန် တက္က သိုလ်သမိုင်း)၊ ဘာသာပြန် ရသစာပေဆုတွင် ဟိန်းလတ် ရေးသားသည့် ကျွန်မ မာလာလာ၊ သုတပဒေသာ (ဝိဇ္ဇာဘာသာရပ်) စာပေဆုတွင် ဒေါက်တာတိုးလှ ရေးသားသည့် လယ်ယာမြေ သက္ကရာဇ်တွေထဲက သမိုင်း၊ နိုင်ငံရေး စာပေဆုတွင် ဒေါက်တာ ကျော်ဝင်း ရေးသားသည့် နိုင်ငံရေးအတွေးအခေါ်သမိုင်း စသည့်စာအုပ်များကို ချီးမြှင့်ကြောင်း အောက်တိုဘာ ၃၁ ရက်နေ့က ကြေညာထားသည်။
အမျိုးသားစာပေ ဝတ္ထုရှည်ဆုရှင် ဆရာမစံပယ်ဖြူနုက “မြောက်ဖျားက အလွမ်းရာသီ ဝတ္ထုရှည်ကို ၂၀၁၃ အောက်တိုဘာမှာ ကျမ စရေးပါတယ်။ ဝတ္ထုရှည် မရေးခင်မှာ တကယ့် ဒုက္ခသည်စခန်းတွေ ရှိတဲ့နေရာကို ကျမ သွား တယ်။ ကချင်ပြည်နယ်မှာပဲ ရှိတဲ့ မိုင်ဂျာယန်ပါ။ မိုင်ဂျာယန်မှာ နှစ်ပတ်လောက်နေပြီး ဒုက္ခသည်စခန်းတွေကို လေ့လာ တယ်။ စခန်းမှာ နေသူတွေနဲ့ စကားပြောတယ်။ ရောက်ခဲ့တဲ့ စခန်းသုံးခုက ပါကထောင်၊ အင်ခေါင်းပါနဲ့ ခါခယ်ပါ။ ဇာတ်က တော့ အစ်မကနေပြီး အဖေတူ အမေကွဲညီမလေး စစ်ပြေးတဲ့နောက် စခန်းတခုပြီးတခု လိုက်ရှာတဲ့ ဇာတ်ပါ။ ညီအစ်မနှစ်ဦး ရဲ့ ချစ်ခြင်းမေတ္တာရယ်၊ စစ်ကြောင့် ထိခိုက်ခံစားကြသူတွေရဲ့ ဘဝရယ်ကို ဒီဝတ္ထုရှည် ထဲမှာ ကျမ ရေးဖွဲ့ခဲ့ပါတယ်။ ရေးပြီးတော့ ထုတ်ဝေလိုက်တဲ့အခါ စာဖတ်သူတွေဆီက တုံ့ပြန်မှုက ကျမ ထင်မထားလောက်အောင် ပြန်ကြားရတယ် ပေါ့လေ။ ဒီလောက်နဲ့တင် ကျမ ကျေနပ်ပြီလို့ တွေးခဲ့တယ်။ အမျိုးသားစာပေဆု ရမယ်ထင်တယ် ပြောသူတွေ ရှိတာ တောင် မမျှော်မှန်းရဲခဲ့ဘူး။ အခုလိုမျှော်လင့်မထားဘဲ ဆုချီးမြင့်ခံရတဲ့အခါ အိပ်မက်မက်နေတယ်တောင် ထင်ရ လောက် အောင် မယုံနိုင်စိတ်နဲ့ ကျမ ဝမ်းသာခဲ့ရပါတယ်” ဟု ဧရာဝတီကို ပြောသည်။
၂၀၁၄ ခုနှစ် အမျိုးသားစာပေ တသက်တာဆုအတွက် ဆရာဦးဝင်းဖေ (မြဇင်)၊ ဆရာဦးခင်မောင်စိုး (မောင်ပေါ်ထွန်း) ဆရာဦး ကိုလေး (ကိုလေး-အင်းဝဂုဏ်ရည်) တို့ကို ရွေးချယ်ထားသည်။
အမျိုးသားစာပေ တသက်တာဆု ရရှိခဲ့သည့် ဦးကိုလေး (ကိုလေး-အင်းဝဂုဏ်ရည်) က “ဒီဆုဟာ ကျနော့်ဆု မဟုတ်ပါဘူး၊ ကျနော့်အမေ၊ ကျနော့်ဦးလေး၊ ကျနော့်အစ်ကိုတိ့ု ရစေချင်တာပါ။ အမေဖြစ်တဲ့ လူထု ဒေါ်အမာ၊ ဦးလေးဖြစ်တဲ့ ဒဂုန်တာရာ၊ အစ်ကိုဖြစ်တဲ့ တင်မိုး ရစေချင်တယ်။ အခုဘယ်လိုမှ မနေပါဘူး။ ဝမ်းလည်းမသာဘူး၊ စိတ်လည်း မကောင်းဘူး။ သူတို့ကို ပိုလွမ်းပြီး ပိုစိတ်မကောင်းတာ” ဟု ဆိုသည်။
အမျိုးသားစာပေ တသက်တာဆုကို ၂၀၁၁ ခုနှစ်မှ စတင်ချီးမြှင့်ခဲ့ပြီး ဆုရရှိပြီးသော ဆရာ-ဆရာမကြီးများမှာ ဆရာမောင် ထင်၊ ဆရာပါရဂူ၊ ဆရာဌေးမောင်၊ ဆရာလေးမြိုင်၊ ဆရာမစောမုံညင်း၊ ဆရာမဒေါ်ကြန်၊ ဆရာ ဆင်ဖြူကျွန်းအောင်သိန်း၊ ဆရာဒေါက်တာကျော်စိန်၊ ဆရာဒေါက်တာသော်ကောင်း၊ ဆရာမင်းယုဝေ၊ ဆရာမခင်ဆွေဦး၊ ဆရာအောင်သင်း၊ ဆရာသိပ္ပံမှူးတင်၊ ဆရာမောင်ခင်မင် (ဓနုဖြူ)၊ ဆရာလယ်တွင်းသားစောချစ်၊ ဆရာမြတ်စိုးတို့ဖြစ်သည်။
အဆိုပါဆုများကို လာမည့် ဒီဇင်ဘာ ၁၂ ရက်တွင် ရန်ကုန်မြို့မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံ၌ ကျင်းပမည့် အမျိုးသား စာပေဆုနှင့် တသက်တာစာပေဆု ချီးမြှင့်ပွဲအခမ်းအနားတွင် ပေးအပ် ချီးမြင့်သွားမည်ဟု သိရသည်။