နိုဝင်ဘာလ ၈ ရက်နေ့ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ရက်ပိုင်းသာ လိုတော့ချိန်မှာ ဒေါ်အောင်ဆန်းစုကြည် က ရန်ကုန်မြို့၊ သုဝဏ္ဏမြို့ဦးစေတီမှာ လူထုဟောပြောပွဲ တရပ် နိုဝင်ဘာလ ၁ ရက်နေ့က ကျင်းပခဲ့ပြီး လူထု သိန်းချီ တက် ရောက် တဲ့ ဒီဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က သမ္မတဦးသိန်းစိန်နဲ့ ကာချုပ် မင်းအောင် လှိုင်ကို ပူးပေါင်း ဆောင်ရွက်ဖို့ သတင်းစကားပါးလိုက်ပါတယ်။
နိုဝင်ဘာလ ၁ ရက်နေ့ ကျင်းပတဲ့ ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းမှာ ကျင်းပတဲ့ လူထုဟောပြောပွဲက ဒေါ်အောင်ဆန်း စုကြည်ရဲ့ နောက်ဆုံး မဲဆွယ်ပွဲလို့ ဆိုနိုင်သလို “နောက်ဆုံးပိတ် အိတ်နဲ့လွယ်” သလို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ထောက်ခံမှု အင်အား ခိုင်ခိုင်မာမာ ရှိနေတယ်ဆိုတာ ပြသလိုက်တဲ့ လူထုဟောပြောပွဲလည်း ဖြစ်ပါ တယ်။
နောက်ဆုံးပိတ် လူထု ဟောပြောပွဲမှာ နိုင်ငံအတွက် အရေးကြီး သတင်းစကားတွေကို ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်ပြီး အထူးသဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ သမ္မတဦးသိန်းစိန်ထံကိုလည်း လူထု ဟောပြောပွဲ ကတဆင့် အရေးကြီးတဲ့ အမှာစကားတွေ ပါးလိုက်တာ တွေ့ရပါတယ်။
ပထမဆုံးအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့ရင်တောင် အားလုံးနဲ့ လက်တွဲလုပ်မယ်ဆိုတာ ပွင့်ပွင့် လင်းလင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
“အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က စတင်ဖွဲ့စည်းစဉ်ကတည်းက အမျိုးသား ရင်ကြားစေ့ရေးအတွက်ဆိုပြီးတော့ ကျမတို့ ပြောခဲ့ပါတယ်။ အာဃာတကင်းစင်ရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ တချို့ကပြောတယ် တချို့ဆိုတာက ကျမတို့နဲ့ အမြင် ချင်းမတူတဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေက အာဃာတ ကင်းစင်တယ်ဆိုတာ မယုံဘူးတဲ့။ အဲဒီတော့ ကျမ စဉ်းစား တယ်၊ ဘာဖြစ်လို့ မယုံပါလိမ့်လို့ သူတို့စိတ်နဲ့ သူတို့နှိုင်းလို့ မယုံတာလားလို့၊ ကျမတို့ဟာ အာဃာတ မထားဘူးဆိုတာ တနည်း အားဖြင့်လည်း မာနလို့ ပြောလို့ရပါတယ်။ ကျမတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သိက္ခာလို့လည်း ဒီလိုကြည့်တယ်။ တချို့ကလည်း မာနလို့ ထင်ရင်လည်း ကျမ လက်ခံပါတယ်။ မာနလို့ပဲပြောပြော၊ သိက္ခာလို့ပဲပြောပြော၊ ကျမတို့ဟာ အားလုံးကို ကျောသားရင်သားမခွဲ ဆက်ဆံရေးဟာ တကယ့်ကို သိက္ခာရှိတဲ့၊ အဆင့်ရှိတဲ့ နိုင်ငံရေး အဖွဲ့အစည်းများရဲ့ တာဝန်ဖြစ်လို့ ဘယ်သူ့ကိုမှ အာဃာတမထားဘဲနဲ့ အဖွဲ့ချုပ် ၁၀၀ ရာခိုင်နှုန်း နိုင်လို့ရှိရင်တောင်မှ လက်ကမ်းကြိုဆိုပြီး အတူတွဲပြီးတော့ လုပ်ချင်တဲ့စိတ် ရှိပါတယ်လို့ ကျမ ပြောနိုင်ပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
တပ်မတော်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဦးတည်တဲ့ သတင်းစကားတွေလည်း ဒေါ်အောင် ဆန်း စုကြည်က ပြောဆိုခဲ့ပြီး အထူးသဖြင့် တပ်မတော်နဲ့သူ့အကြားမှာ အာဃာတမရှိဘူးဆိုတာ ထပ်လောင်း ပြောဆို သွားပါတယ်။ တပ်မတော်အနေနဲ့ လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်း ရှိနေတာက ဒီမိုကရေစီနဲ့မညီဘဲ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အမိန့်နဲ့ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ ရပ်တည်နေကြတာကလည်း မဖြစ်သင့်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြပြောဆိုပါတယ်။
“တပ်မတော်ကို မလိုလားလို့ မဟုတ်ဘူး၊ ကျမ ခဏခဏပြောတယ်၊ ဒီတပ်မတော်ဟာ ဖေဖေထူထောင်ခဲ့တဲ့ တပ်မတော်၊ အင်မတန်မှ မွန်မြတ်ပြီးတော့ သိက္ခာရှိတဲ့ ပြည်သူက လေးစားရတဲ့ထောက်ခံတဲ့ တပ်မတော်ဖြစ်စေချင်တယ်။ ဒါပေမယ့် ကျမတို့က ဒီတပ်မတော် ၂၅ ရာခိုင်နှုန်းကို ကန့်ကွက်တယ်ဆိုတာ ဒီမိုကရေစီစံထုံးစံထားနဲ့ မကိုက်ညီလို့ ကန့်ကွက်တာပါ။ နောက်ပြီးတော့လည်း သိက္ခာရှိတဲ့ တပ်မတော်အနေနဲ့ နိုင်ငံရေးမှာ မပါဝင်သင့်ဘူးလို့ ယူဆလို့ ကန့်ကွက်တာပါ။ တပ်မတော်သား ၂၅ ရာခိုင်နှုန်းဟာ တယောက်ချင်းတယောက်ချင်း လွှတ်တော် ထဲမှာ ကိုယ့်ဆန္ဒအရ မဲပေးမယ်ဆိုလို့ရှိရင် ကျမသိပ်ပြီးတော့မပြောလိုပါဘူး၊ ဒါကတော့ အခုအခြေအနေအရ ၂၅ ရာခိုင်နှုန်းဟာ အမိန့်အရ တပုံတည်းပဲ မဲပေး ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။
NLD နာယက သူရဦးတင်ဦးလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တဦးရှိခဲ့တာ တိုင်းပြည်အတွက် ကောင်းမွန်လှပြီး ဦးတင်ဦးလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တွေ ထပ်ပြီး ပေါ်ထွန်းလာဖို့ မျှော်လင့်တယ်ဆိုပြီး ဒေါ်အောင်ဆန်း စုကြည်က ပြောဆိုပါတယ်။ ဒီပြောဆိုချက်ကတော့ လက်ရှိ ကာချုပ် မင်းအောင်လှိုင်ဆီကို တိုက်ရိုက် ရည်ရွယ် ပြောဆို လိုက်တဲ့ အမှာစကားလည်းဖြစ်ပါတယ်။
“ဘဘဦးတင်ဦးနဲ့ ကျမဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ၁၉၈၈ ခုနှစ် စတင်တည်ထောင်ကတည်းက ကျမတို့ အတူလက်တွဲပြီးတော့ လုပ်ခဲ့တာပါ။ ကျမတို့ဟာ တပ်မတော်နဲ့ပြည်သူ ကြည်ဖြူရေးရဲ့ သင်္ကေတဖြစ်ပါတယ်လို့ ကျမ ပြောချင်ပါတယ်။ ဘဘဦးတင်ဦးဟာ တချိန်တခါတုန်းက တပ်မတော်ကကော၊ ပြည်သူလူထုကကော အင်မတန်မှ လေးစားချစ်ခင်ခဲ့ရတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျမတို့ရဲ့ အဖွဲ့ချုပ်အတွင်းမှာ ဒီမိုကရေစီအရ တာဝန်ထမ်းဆောင်တဲ့နေရာမှာ တခါမှ ဒီမိုကရေစီ စံနှုန်းစံထားကနေပြီးတော့ မတိမ်းစောင်းခဲ့ပါဘူး။ တခါမှ လမ်းမလွဲခဲ့ပါဘူး။ တခါမှ ငါက ကာကွယ်ရေး ဦးစီးချုပ်ဟောင်းမို့လို့ ငါက ဒီလိုအာဏာနဲ့ ဆက်ဆံမယ်ဆိုတာ တခါမှမရှိခဲ့ပါဘူး။ ကျမတို့ အဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်တွေ၊ မူဝါဒတွေကို ဒီမိုကရေစီ ဘက်တော်သားတယောက်ပီပီ အမြဲပဲလိုက်နာခဲ့ပါတယ်။ အဲ့ဒီလို ကာကွယ်ရေးဦးစီးချုပ်တယောက် ကျမတို့ နိုင်ငံမှာ ရှိခဲ့တယ်ဆိုတာ ဒီနိုင်ငံအတွက် အင်မတန်မှ ဂုဏ်ယူစရာ ဖြစ်ပါတယ်။ နောင်လည်း ဒီလိုဂုဏ်ယူစရာကိစ္စတွေ ရှိပါစေလို့ ကျမက ဆုတောင်းပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။
သမ္မတဦးသိန်းစိန်က တပ်မတော်အစိုးရ အုပ်ချုပ်တဲ့ စနစ်ကနေပြီးတော့ ပြည်သူလူထု ရွေးချယ်တင်မြှောက်တဲ့ အစိုးရစနစ်နဲ့ လွှတ်တော်တို့ အစိုးရ ပြောင်းပြီးပြီဖြစ်လို့ နောက်ထပ် ပြောင်းစရာ ကွန်မြူနစ်စနစ်ပဲ ရှိတယ်လို့ ငပုတောမြို့နယ်မှာ အောက်တိုဘာလ ၂၉ ရက်နေ့ကေ ပြာဆိုခဲ့တဲ့အပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် တုံ့ပြန်ပြောဆိုခဲ့ပါသေးတယ်။ ပြောင်းစရာမရှိတော့ဘူးလို့ ပြောဆိုနေသူတွေဟာ အမှန်တကယ်ပြောင်းလဲချင်သူတွေ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။
“တကယ့်ပြောင်းလဲခြင်းကို လိုနေတယ်ဆိုတာ ကျမတို့ အသိအမှတ်ပြုတယ်။ ပြောင်းလဲပြီးပြီပါပြီ၊ ပြောင်းလဲဖို့ မလို တော့ပါဘူး လို့ ပြောတဲ့လူတွေက တကယ် အမှန်တကယ် မပြောင်းလဲချင်တဲ့လူတွေ ဖြစ်ပါတယ်ဆိုတာ ပြည်သူတွေ သဘောပေါက်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲနေ့မှာ နိုင်ငံတည်ငြိမ်အေးချမ်းဖို့၊ အပြောင်းအလဲတွေ အေးအေးချမ်းချမ်းဖြစ်စေဖို့ အားလုံး သတိနဲ့ နေထိုင်ကြဖို့၊ သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင် အနိုင်ယူကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုသွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ဆုံးပိတ် ရန်ကုန်ဟောပြောပွဲက NLD လူထုထောက်ခံမှု ကျဆင်းနေပြီဆိုတဲ့ ပြောဆို ချက်တွေ ဖယ်ရှားနိုင်ခဲ့သလို NLD က လာမယ့် ရွေးကောက်ပွဲအပြီး တရားဝင်အုပ်ချုပ်ရေး အစိုးရ ဖြစ်လာမယ့် အခြေအနေတွေကို ညွှန်းဆိုနေတယ်လို့ နိုင်ငံရေးသုံးသပ်သူတွေက တညီတညွတ်တည်း သုံးသပ်ပြောဆို နေကြ ပြီဖြစ်ပါတယ်။