အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံအား ညစ်ညမ်းစွာ ပြင်ဆင် ပြုလုပ်ထားသည့်ပုံကို Facebook လူမှုကွန်ရက်၌ လွှင့်တင်ခဲ့သည်ဟုဆိုကာ အီလက်ထရောနစ် ဥပဒေဖြင့် ဖမ်းဆီးခံထားရသည့် ကန်ကြီးထောင့်မြို့နယ်မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ခေါင်းဆောင် ဦးသန်းထွန်းအား ရဲတပ်ဖွဲ့က အာမခံဖြင့် ယမန်နေ့က လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။
ဦးသန်းထွန်းအား ကန်ကြီးထောင့်မြို့နယ် တရားရုံးချုပ်ရက် ရမာန်ပြည့်ပြီး ဆက်လက် အရေးယူရန် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး ဦးမြတ်ဟိန်းနှင့် ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့က မှတ်ချက် မပေးသေးသဖြင့် ကန်ကြီးထောင့်မြို့မ ရဲစခန်းက အာမခံဖြင့် ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။
“ဦးသန်းထွန်းကို နိုဝင်ဘာ ၂ ရက် မနက်မှာ အာမခံနဲ့ ပြန်လွှတ်လိုက်ပါတယ်။ ရမာန်ယူထားပြီး ရဲလုပ်ငန်းတွေ လုပ်တဲ့အခါမှာ ရမာန်ပြည့်တဲ့နေ့အထိ တရားစွဲဆိုနိုင်ဖို့ တပ်ဖွဲ့အတွင်း အဆင့်ဆင့် တင်ပြတဲ့ အမှုတွဲ မှတ်ချက် ပြန်မရောက်သေးလို့ပါ” ဟု ကန်ကြီးထောင့်မြို့မ ရဲစခန်းမှူး ဒုရဲမှူး ရဲလွင်က ပြောသည်။
ဦးသန်းထွန်းအား ကျင့်ထုံးဥပဒေပုဒ်မ ၁၇၀ (၁) အရ လုံလောက်သည့် ခံဝန်ပေးနိုင်သူ ၂ ဦး၏ အာမခံဖြင့် ပြန်လွှတ်ပေးခြင်းဖြစ်ပြီး အထက်အဆင့်ဆင့်မှ မှတ်ချက်ပြန်ကျလာပါက ဥပဒေအတိုင်း ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုရဲမှူး ရဲလွင်က ဆက်ပြောသည်။
အဝတ်အစားမဲ့ ခန္ဓာကိုယ်တွင် ဒေါ်အောင်ဆန်းစုကြည် မျက်နှာ ဖြတ်ညှပ်ကပ်လုပ်ပြီး ညစ်ညမ်းစာ ရေးသားထားသော ဒီဇိုင်းတခုကို ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်နေ့ ညနေပိုင်းက Thu Thu အမည်ရှိ Facebook အကောင့်တွင် ပို့စ်အဖြစ် တင်ထားခဲ့သည်။ ယင်းအကောင့် ပိုင်ရှင်မှာ ကန်ကြီးထောင့်မြို့နယ် ကြံ့ခိုင်ရေးပါတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းထွန်းဟုဆိုကာ Hand to Hand အခမဲ့ပညာ ဒါနကွန်ရက်မှ ကိုစည်သူအောင်က တရားလိုပြုလုပ်၍ အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ကိုစည်သူအောင်၏ တိုင်ကြားမှုကို စခန်းမှူး ဒုရဲမှူး ရဲလွင် ကိုယ်တိုင် အမှုစစ်အဖြစ် တာဝန်ယူ၍ လက်ခံခဲ့ပြီး ဦးသန်းထွန်းအား ပြစ်မှုနံပါတ် ၁၅၇/၂၀၁၅၊ အီလက် ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။ အဆိုပါအမှုမှာ ပြည်သူတဦးက ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်တဦးကို အီလက်ထရောနစ် ပုဒ်မဖြင့် ပထမဆုံးအကြိမ် အမှုဖွင့် တရားစွဲဆိုသည့်အမှုအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။
ဦးသန်းထွန်းအား အောက်တိုဘာလ ၁၇ ရက်နေ့က အမှုဖွင့် တရားစွဲဆို ခဲ့ပြီးနောက် ၃ ရက်အကြာ အောက်တိုဘာလ ၂၀ ရက်နေ့တွင် ကန်ကြီးထောင့်မြို့မ ရဲစခန်းက ဖမ်းဆီးခဲ့ပြီး ဦးသန်းထွန်းက ကျန်းမာရေး မကောင်းဟုဆိုကာ ကန်ကြီးထောင့် ဆေးရုံတွင် ၂ ရက်နှင့် ပုသိမ်မြို့ရှိ တိုင်းဆေးရုံတွင် ၄ ရက် အချုပ်ခန်းပြင်ပ၌ ရဲအစောင့်အရှောက်ဖြင့် ဆေးကုသမှု ခံယူခဲ့သည်။
ဦးသန်းထွန်းဆေးရုံမှ ပြန်ဆင်းခဲ့ပြီးနောက် ကန်ကြီးထောင့်စခန်းမှ ရဲတပ်ဖွဲ့က ဦးသန်းထွန်းကို အချုပ်ခန်းထဲ၌ ၆ ရက်ခန့် ဖမ်းဆီးထိမ်းသိမ်းခဲ့ပြီး ယမန်နေ့ နံနက် ၉ နာရီခန့်က ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။
“မြို့နယ်ဥပဒေ အရာရှိကတော့ တရားစွဲဆိုဖို့ ပြန်ချပေးထားတယ်လို့ ကျနော်တို့ သိရတယ်။ ဒါပေမယ့် ရဲပြောတာကတော့ ဆက်သွယ်ရေး ဝန်ကြီးမှတ်ချက်ရမှ ဒီအမှုက တရားစွဲတင်လို့ ရမယ်လို့ပြောတယ်။ အမှုက တရားစွဲမတင်နိုင်တဲ့အတွက် ကျနော်တို့ကို ရုံးချိန်းရက်ပေးထားတာ မရှိဘူး” ဟု နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တရားလို ကိုစည်သူအောင်က ပြောသည်။
ကန်ကြီးထောင့်မြို့နယ်၊ ကြံ့ခိုင်ရေးပါတီခေါင်းဆောင် ဦးသန်းထွန်းအမှု၌ ဆက်သွယ်ရေးဝန်ကြီး မှတ်ချက်မရသဖြင့် တရားစွဲတင်နိုင်ခြင်း မရှိဟု အာဏာပိုင်များက အကြောင်းပြထားသော်လည်း အလားတူ ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ဖြင့် ဖမ်းဆီးတရားစွဲခံနေရသည့် မအူပင်မြို့မှ မချောစန္ဒီထွန်း (ခ) ချစ်သမီးနှင့် ရန်ကုန်မြို့မှ ဦးပက်ထရစ်ခွန်ဂျာလီတို့ကို သက်ဆိုင်ရာ မြို့နယ်တရားရုံးများ၌ ရုံးတင်စစ်ဆေးနေခြင်းမှာ တရားဥပဒေအရ မျှတမှုမရှိကြောင်း တရားလို ကိုစည်သူအောင်က ဝေဖန် ပြောဆိုသည်။
“ပုဒ်မ ၆၆ (ဃ) ချင်းအတူတူမှာ မချောစန္ဒီထွန်းနဲ့ ဦးခွန်ဂျာလီတို့ကျတော့ ဖမ်းဆီးထောင်ချပြီး တရားရုံးတင် စစ်ဆေးနေတယ်။ ကြံ့ခိုင်ရေးပါတီက လူကျတော့ အာမခံပေးတဲ့အပြင် အမှုတောင် အထမမြောက်တဲ့ ပုံစံမျိုးနဲ့ ဆက်သွယ်ရေးဝန်ကြီးက မှတ်ချက်မပေးလို့ တရားစွဲမတင်နိုင်တဲ့ အခြေအနေ ဖြစ်နေတာဟာ တရားဥပဒေအရ ကြံ့ခိုင်ရေးပါတီနဲ့ ပြည်သူက တန်းတူညီတူ မဖြစ်ဘူး၊ မမျှတဘူးလို့ပဲ ပြောချင်တယ်” ဟု သူက ပြောသည်။
တပ်မတော်၏ အသစ်ပြောင်းလဲလိုက်သည့် စစ်ဝတ်စုံအသစ်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ အဝတ် အစားအရောင်တို့ကို လူမှုကွန်ရက်တွင် နှိုင်းယှဉ် ပြောဆိုသည်ဟုဆိုကာ ပုဒ်မ ၆၆ (ဃ) ဖြင့် ဖမ်းဆီး တရားစွဲဆိုခံနေရသည့် မချောစန္ဒီထွန်းအား အောက်တိုဘာလ ၂၇ ရက်နေ့က မအူပင်မြို့နယ် တရားရုံး၌ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပြီး ရန်ကုန်တိုင်း လှိုင်မြို့နယ်နေ ဦးပက်ထရစ် ခွန်ဂျာလီအား အောက်တိုဘာလ တတိပတ်အတွင်းက ရုံးထုတ်စစ်ဆေးခဲ့သည်။
စစ်တပ်အပေါ် ဝေဖန်ပြောဆိုမှုဖြင့် အဖမ်းခံနေရသည့် ပက်ထရစ်ခွန်ဂျာလီနှင့် မချောစန္ဒီထွန်းတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးရန် အမေရိကန်အစိုးရက မြန်မာအစိုးရထံ တောင်းဆိုထားသည်။
အီလက်ထရောနစ် ဆက်သွယ်ရေးဆောင်ရွက်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) မှာ အာဏာသိမ်း စစ်အစိုးရဖြစ်သည့် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီလက်ထက် ၂၀၀၄ ခုနှစ်တွင် ပြဌာန်းခဲ့ခြင်းဖြစ်ပြီး ဆက်သွယ်ရေး ကွန်ရက်တခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တဦးဦးအား ခြောက်လှန့် တောင်းယူခြင်း၊ အနိုင့်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ကျူးလွန်ပါက ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။