၂၀၁၅ ရွေးကောက်ပွဲ အလွန်ကာလတွင် တိုင်းရင်းသားများ အနေဖြင့် စုစည်းညီညွတ်ကြရန် “ဝ” ပြည် သွေးစည်း ညီညွတ်ရေးတပ်မတော်(UWSA) က နိုဝင်ဘာလ ၁ ရက်နေ့က ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း ၀ အထူးဒေသ၏ မြို့တော် ပန်ဆန်းတွင်ပြုလုပ်သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များ၏ ထိပ်သီး အစည်းအဝေး တွင် တောင်းဆိုလိုက်သည်။
UWSA ဥက္ကဋ္ဌ ဦးပေါက်ယူချန်း၏ ပြောရေးဆိုခွင့် ရှိသူက ဖတ်ကြားခဲ့သည့် ကြေညာချက်တွင် လက်ရှိအစိုးရက တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) ကို လက်မှတ်ရေးထိုးရာတွင် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးပါဝင်လာအောင် မပြုလုပ်နိုင်ခဲ့ဟု UWSA က ယူဆကြောင်း ဖော်ပြခဲ့သည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ထိုးစစ်အားလုံးကို ရပ်ဆိုင်းပေးရန် နေပြည်တော်တွင် တောင်းဆိုခဲ့သော် လည်း အစိုးရ တပ်ဖွဲ့များ၏ ဆက်လက်တိုက်ခိုက်နေမှုနှင့် လတ်တလောတွင် အရပ်သားပြည်သူများ တိမ်းရှောင်ထွက်ပြေးနေရ ခြင်းတို့က အထူးပင် စိုးရိမ်စရာ ဖြစ်ကြောင်း၊ နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပရန်ရှိနေသည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း လွတ်လပ်၍ တရားမျှတပြီး ကောင်းစွာ ပွင့်လင်း မြင်သာမှုရှိသော ရွေးကောက်ပွဲ တခုကျင်းပရေးကို ထောက်ခံကြောင်း UWSA တာဝန်ရှိသူများက ပြောသည်။
ယခင်လက NCA လက်မှတ်ရေးထိုးရာတွင် ပါဝင်ခြင်း မရှိခဲ့သည့် ပန်ဆန်း ထိပ်သီး အစည်းအဝေးသို့ UWSA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။ နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ (The National Socialist Council of Nagaland -Khaplang) ကိုလည်း ဖိတ်ကြားခဲ့သော်လည်း တက်ရောက် နိုင်ခဲ့ခြင်း မရှိပေ။
အစည်း အဝေးသို့ တက်ရောက်လာသူများသည် NCA လက်မှတ်မထိုးသည့် အဖွဲ့များကြား ပူးပေါင်းဆောင် ရွက် မှု တည်ဆောက်ရန် နှင့် ၂၀၁၆ ခုနှစ် အလွန်တိုင်းပြည်၏ နိုင်ငံရေး အခင်းအကျင်းနှင့် ပတ်သက်၍ ဆွေးနွေးကြမည် ဖြစ်သည်ဟု UWSA က ထုတ်ပြန်ပြောဆိုခဲ့ပြီးဖြစ်သည်။
အောက်တိုဘာလ ၃၁ရက်နေ့တွင် ဦးပေါက်ယူချန်းက တိုင်းရင်းသား ခေါင်းဆောင်များကို ၎င်း၏ နေအိမ်သို့ ညစာစားပွဲ ဖိတ်ခေါ်၍ စကားပြောခဲ့ပြီး UWSA အနေဖြင့် NCA လက်မှတ်ထိုးခဲ့သော အဖွဲ့ ၈ဖွဲ့ကို ထောက်ခံဆဲဖြစ် ကြောင်း၊ သို့သော်လည်း အစိုးရက လက်မှတ်ထိုးခဲ့သော အဖွဲ့များကိုသာ တရားမဝင်အဖွဲ့အစည်း စာရင်းမှ ပယ်ဖျက်ပေး ခြင်း အားဖြင့် သွေးခွဲအုပ်ချုပ်မှု နည်းဗျူဟာကို ပြန်လည်အသုံးပြုနေသည်ဟု ညစာ စားပွဲတွင် ဦးပေါက်ယူချန်းက သတိပေးခဲ့သည်ဟု UWSA ၏ ပြောရေးဆိုခွင့် ရှိသူ ဦးအောင်မြင့် ကဆိုသည်။
နောက်လာမည့် အစိုးရ၏ ပုံစံအနေအထားက ရေရာခြင်း မရှိသေးသည့် အတွက် တိုင်းရင်းသား လူနည်းစုအဖွဲ့အစည်းများ အနေဖြင့် ဟန်ချက်ညီမျှမှုရရှိရန် အတူတကွလုပ်ဆောင်သင့်ကြောင်း ဦးအောင်မြင့်က ပြောခဲ့သော်လည်း အနာဂတ်တွင် ပဋိပက္ခများ လျော့နည်းသွားရန် မျှော်လင့်သည်ဟု ဆိုသည်။
“ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ အနာဂါတ် နိုင်ငံရေး စိန်ခေါ်မှုတွေကို ဘယ်လို ဖြစ်ရှင်းရမလဲ ဆိုတာအတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။ နိုင်ငံရေး အရ အငြင်း အခုံဖြစ်ရတာတွေ တိုက်ခိုက်တာတွေ အများကြီး ရှိလာပါလိမ့်မယ်။ ဒါပေမယ့် နိုင်ငံရေး တိုက်ပွဲကြောင့် သွေးထွက်သံယိုတော့ ရှိမှာမဟုတ်ပါဘူး။ ကျနော်တို့ တိုင်းရင်းသား လူနည်းစုအဖွဲ့တွေ အနေနဲ့ စည်းလုံးဖို့ လိုပါတယ်။ ဒါမှသာ အဲဒီနိုင်ငံရေး စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။” ဟု ဦး အောင်မြင့်ကပြောသည်။
UWSA သည် မြန်မာနိုင်ငံတွင် အင်အား အတောင့်တင်းဆုံး တိုင်းရင်းသား လက်နက်ကိုင် ဖွဲ့ဖြစ်ပြီး အင်အား ၂၀၀၀၀ သို့ မဟုတ် ၂၀၀၀၀ ကျော်ရှိမည် ဟုခန့်မှန်းရသည်။ ၁၉၈၉ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး အပြန်အလှန် သဘော တူညီချက် ရရှိခဲ့သည်။
မဲမပေးရသည့် နယ်မြေ
မြို့နယ် ၆ ခုဖြင့် ဖွဲ့စည်းထားသော “ဝ” အထူးဒေသသည် မြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေအရ တစိတ်တပိုင်း ကိုယ် ပိုင် အုပ်ချုပ်ခွင့်ရသည့် နေရာတခုဖြစ်သည်။
“ဝ” တိုင်းရင်းသားများသည် ၎င်းတို့၏ ဒေသသုံး ဘာသာစကား နှင့် တရုတ်စကားကို ပြောဆိုကြပြီး များသောအားဖြင့် မြန်မာ စကား ကို ကျွမ်းကျင်စွာ မပြောနိုင်ကြပါ။ ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် အုပ်ချုပ်ရေး အဆောက်အအုံများ၏ အပြင် ဘက်တွင် တရုတ်ဘာသာ ဖြင့် ရေးသားထားသည့် ဆိုင်းဘုတ်များက အဆိုပါ ဒေသတွင် ဒေသသုံးစကားသာ လွှမ်း မိုး ကြောင်း ဖော်ပြနေကြသည်။
မြန်မာနိုင်ငံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) က ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိသည့် ရာနှင့် ချီသော ကျေးရွာများ စာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာတွင် “ဝ” အထူးဒေသမှ မြို့နယ် ၄ခု လည်း အပါအဝင်ဖြစ်သည်။ “ဝ” အထူးဒေသမှ ကျန် မြို့ နယ် ၂ ခုတွင်လည်း ရွေးကောက်ပွဲကို တစိတ်တပိုင်းသာ ကျင်းပနိုင်မည် ဖြစ်သည်။
ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်တွင် အဆိုပါ ဧရိယာများ၌ ရွေးကောက်ပွဲကို လွတ်လပ်၍ မမျှတစွာ ကျင်းပရန် ဖြစ်နိုင်မည် မဟုတ်ဟု ဖော်ပြထားသည်။
ရွေးကောက်ပွဲကို ပယ်ဖျက်ခြင်း မပြုခဲ့လျှင်ပင် ဝတိုင်းရင်းသား အများစုမှာ နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ကိုင်ဆောင် ထားနိုင်ခြင်း မရှိသည့် အတွက် မဲပေးခွင့်ရမည် မဟုတ်ဟု UWSA ခေါင်းဆောင်များက ပြောသည်။
မြန်မာ အစိုးရက နိုင်ငံသားဖြစ်ခွင့်ကို စေ့စေ့စပ်စပ် စစ်ဆေးပြီး အကန့်အသတ်ဖြင့်သာ လုပ်ဆောင်ပေးသည်ဟု ပန်ဆန်း ဒေသခံများက ဧရာဝတီသို့ပြောသည်။ နိုင်ငံသား စိစစ်ရေး ကတ်များ ထုတ်ပေးခဲ့သည့်တိုင် ကန့်သတ်မှုများ ရှိနေသည်ဟု ဆိုသည်။
“သူတို့လာပြီးတော့ နိုင်ငံသား ကတ် တချို့ ထုတ်ပေးခဲ့တယ်။ ဒါပေမယ့် ကတ်တွေက ဒီဧရိယာ ကနေ ခရီးသွားတာကို ကန့်သတ်ထားတယ်။ တချို့ကတော့ ခရီးသွားတဲ့အခါ အတားအဆီးဖြစ်မှာစိုးလို့ နိုင်ငံသား ကတ် ရဖို့ မကြိုးစားတော့ဘူး။” ဟု ပန်ဆန်းတွင်နေထိုင်သူ ဦးရင်နိုင် ကပြောသည်။
နိုင်ငံသား အထောက်အထား ရယူထားသူများကိုလည်း အစိုးရက အိမ်ထောင်စု စာရင်း များ ထုတ်ပေး ခြင်းမရှိဘဲ ဥပေက္ခာပြု ထားခဲ့သည်ဟုလည်း သူက ဆိုသည်။