ရန်ကုန်မြို့ တွင် ပါရမီ ၁၇၄ ခရီးသည်တင်ယာဉ်လိုင်းနှင့် အမျိုးအစားစုံစမ်းဆဲ အိမ်စီးကား ပိုင်ရှင် တို့ စကားများရာမှ အုပ်စုဖွဲ့ အကြမ်းဖက်ရိုက်နှက်မှု နိုဝင်ဘာလ ၂ ရက်နေ့ည ၉ နာရီ ခန့်က ဖြစ်ပွားခဲ့ရာ ကျူးလွန်သူများနှင့် အရိုက်ခံရသူ စုံစမ်းနေကြောင်း အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ မှ သိရသည်။
အဆိုပါ ကား ၂ စီး မှာ မရမ်းကုန်းမြို့နယ် ၈ မိုင်လမ်းဆုံအနီး တွင် အပြိုင်အဆိုင် မောင်းနှင်ကြရာမှ စကားများ ရန်ဖြစ်ခဲ့ ကြောင်း၊ ထိုကိစ္စ ကို အိမ်စီးကားပိုင်ရှင် ဖြစ်သူ က မကျေနပ်သဖြင့် လူစုဖွဲ့ပြီး ၁၇၄ ခရီးသည်တင်ယာဉ် မောင်းနှင် ရာ နောက် သို့ တောက်လျှောက်လိုက်ပါလာကာ တာမွေအဝိုင်း ရှိ Ocean ဈေးဝယ်စင်တာနား အရောက်တွင် ခရီးသည် တင်ယာဉ် ပေါ် တက်၍ ယာဉ်မောင်း၊ ယာဉ်အကူများနှင့် ခရီးသည် များကို အကြမ်းဖက်ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး ကျော်ထွဋ် က “စုံစမ်းလိုက်တော့ ကျူးလွန်သူ ၆ ဦး လို့ပြောတယ်။ အိမ်စီး ကားလည်းဖြစ်ပြီး Wish ဒါမှမဟုတ် Honda fit အမျိုးအစားလို့တော့ ပြောနေကြတယ်။ ကားလမ်းလုရင်း နဲ့ ၈ မိုင်လမ်း ဆုံလောက်မှာကတည်းက ပြဿနာတက်လာတာ။ ဒါကိုမကျေနပ်တာနဲ့ လူစုပြီး နောက်ကနေလိုက်လာပြီး ကျူးလွန်တာ။ အခုထိတော့မဖမ်းမိသေးဘူး။ စုံစမ်းမှုတွေတော့လုပ်နေပါပြီ။ မီးရှို့တယ်ဆိုတာက ကျူးလွန်သူတွေက သူတို့ပါ လာတဲ့အဝတ်စ ကို ဓာတ်ဆီလောင်းမီးရှိုှု့တာ ။ ၁၇၄ ယာဉ်မောင်းကို ရှို့တာမဟုတ်ဘူး”ဟု ဧရာဝတီသို့ ပြောသည်။
အကြမ်းဖက်မှုဖြစ်နေချိန်တွင် ယာဉ်ပေါ်တွင် ခရီးသည် ၃၀ ကျော် ၄၀ ခန့် လိုက်ပါလာပြီး ယာဉ်ပေါ်ပါ အမျိုးသမီး ခရီးသည် ၂ ဦး ပွန်းပဲ့ဒဏ်ရာတချို့ ရရှိသွားသည့် အတွက် ရန်ကုန်ဆေးရုံကြီးတွင် ကုသမှုခံယူခဲ့ကာ ယနေ့ နံနက်ပိုင်း ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကြောင်း အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ ထံမှ သိရှိရသည်။
အကြမ်းဖက်မှုဖြစ်ပွားခဲ့သည့် ပါရမီ ၁၇၄ ခရီးသည်တင်ယာဉ်လိုင်းမှာ မြောက်ဒဂုံနှင့် တာမွေ အသွားအပြန်ပြေးဆွဲနေသည့် ယာဉ်ဖြစ်ပြီး အခင်းဖြစ်ရာနေရာမှ ယာဉ်မောင်းနှင့် ယာဉ်အကူများမှာ ရှောင်တိမ်းသွားသည့်အတွက် စုံစမ်းနေရကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ အကြမ်းဖက်မှုဖြစ်စဉ်ကို ဘေးအန္တရာယ်ဖြစ်စေရန် ပြုလုပ်မှု ပုဒ်မ ၄၄၀ ဖြင့် ဗဟန်းမြို့နယ် ရဲစခန်းမှ အမှုဖွင့်အရေးယူထားပြီး အကြမ်းဖက်ရိုက်နှက်မှု ကျူးလွန်ခဲ့သူ ၆ ဦးကို ရှာဖွေ စုံစမ်းမှုများ ပြုလုပ်နေကြောင်း သိရသည်။