ရွေးကောက်ပွဲ နီးကပ်လာတာနဲ့ အမျှ နိုင်ငံရေးပါတီတွေက မဲဆွယ်စည်းရုံးမှုတွေ ပြုလုပ်တဲ့အခါ အနုပညာရှင်တွေ ဘက်ကလည်း ကိုယ်ယုံကြည်ရာ ပါတီဘက်ကနေ တတတ်တအား ပါဝင်ပြီး အောင်နိုင်ရေး အတွက် ဝိုင်းဝန်းမဲဆွယ် လာကြပါတယ်။
အခုချိန်မှာ အင်အားကြီး အတိုက်အခံပါတီ ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီအတွက် အနုပညာရှင် များစွာက မဲဆွယ်စည်းရုံးရေးမှာ ပါဝင်နေကြပါတယ်။ ပါတီအောင်နိုင်ရေး အတွက် အဓိကဦးဆောင် စည်းရုံးတဲ့ အဆိုတော်တွေထဲမှာ သျှီလည်း တယောက် အပါအဝင် ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ကနေ စပြီး ဒီနေ့အထိ NLD ပါတီအပေါ် ယုံကြည်စွာနဲ့ အောင်နိုင်ရေး အတွက် အဆိုတော်များစွာကို ချိတ်ဆက်ပေးတာ အပါအဝင် မဲပေးဖို့ အတွက် Voter Education အပါအဝင် တခြား အချက်အလက်များကို မျှဝေပြောကြားမှုများ ပြုလုပ်နေတဲ့ အဆိုတော်သျှီရဲ့ လက်ရှိ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး The Irrawaddy သတင်းထောက် ယုမွန်ကျော်က တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး။ ။ မသျှီတို့ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD အောင်နိုင်ရေး အတွက် ဘယ်အချိန် ကတည်းက စပြီး ပါဝင် ဆောင်ရွက် နေတယ်၊ ဘာတွေ ဆောင်ရွက်နေတယ် ဆိုတာ သိချင်ပါတယ်။ နောက်ပြီး NLD နဲ့ပတ်သတ်တဲ့ သီချင်းခွေ ထွက်ထားတာလည်း ပြောပြပေးပါ။
ဖြေ။ ။ သျှီတို့က ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ကတည်းက ပါထားကြတယ်။ မခိုင်ကြီး (ထွန်းအိန္ဒြာဗို)၊ အနဂ္ဂ၊ သံသာဝင်း၊ လင်းလင်းနဲ့ ချစ်သုဝေတို့ ပေါ့။ ကိုယ်တွေက ပါတီဝင်တွေ မဟုတ်ပေမယ့် အမာခံတွေ ပေါ့၊ ဘယ်သူမှ မရှိလည်း လုပ်မယ် ဆိုပြီး စိတ်ပိုင်းဖြတ်ထားတဲ့ လူတွေ လေ။ ဒီလူတွေက ရှိနေပြီးသားလေ။ အခုလည်း လုပ်မယ် ဆိုတော့ ဘယ်သူက ဘယ်အပိုင်းကို တာဝန်ယူမယ်၊ ဘယ်သူက ဘယ်အပိုင်းကို တာဝန်ယူမယ်ဆိုပြီး အခု အောင်နိုင်ရေး အတွက် သူ့တာဝန်၊ ကိုယ့်တာဝန် ခွဲပြီး ချိတ်တဲ့ သူချိတ်ပေါ့။ အမေစုကို ချစ်တဲ့သူက ကိုယ် တယောက်တည်း မဟုတ်ဘူးလေ။ မပြောတဲ့ သူလည်း ရှိမှာပဲ၊ ပြောတဲ့သူလည်း ရှိမှာပဲ။ မေးကြည့်လိုက်တယ် လုပ်ပေးနိုင်တဲ့ သူတွေ အကြောင်းကြောင်းကြောင့် ဝင်လာတဲ့အခါ အခွေကလည်း ပိုပြီး မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ဖြစ်သွားတယ်။ ကိုယ်တွေက အခွေမှာ အပုဒ်တိုင်းမှာ ပါနေတာက အကြောင်းကြောင်းကြောင့် မပါဝင် ဖြစ်တော့တဲ့ သူတွေ နေရာမှာ ဆိုဖြစ်သွားတာ။
မေး။ ။ အခုရော အောင်နိုင်ရေး အတွက် ဘယ်နှပွဲ သီဆိုပြီးသွားပြီလဲ၊ အဲဒီ အတွေ့အကြုံတွေကို သိချင်ပါတယ်။
ဖြေ။ ။ အခုက မခိုင်ကြီးက နိုင်ငံခြားမှာ ရန်ပုံငွေ ဖျော်ဖြေပွဲသွားတယ်၊ လင်းလင်းကလည်း အမေစုနောက်ကို လိုက်နေတယ်။ အခုက သျှီ၊ အနဂ္ဂ၊သံသာဝင်း ကျန်ခဲ့တယ် ပေါ့။ ဒီသုံးယောက်က အဓိကလို ဖြစ်နေတာပေါ့။ ကြည်ဖြူသျှင် ကတော့ ပါတီဘက်က၊ သူက ပါတီဝင်လည်း ဖြစ်နေတာကိုး။ သူက တာဝန်နဲ့ အစစအရာရာ သွားတဲ့ လာတဲ့ ခရီးစဉ်တွေကို လုပ်တယ်။ ကိုယ်တွေ ကတော့ ဒီဘက်ကနေ အဆိုတော်တွေနဲ့ လှမ်းပြီး ချိတ်ဆက်တာပေါ့။ ပွဲတွေက တောက်လျှောက်ပါတယ်။ အခုကြားဖောက် ပေါ်လာတဲ့ ဘားအံ၊ မြဝတီ တပွဲပဲ သျှီ မပါတာ။ သွားတဲ့ အခါမှာလည်း ကားပေါ်မှာ အိပ်၊ ကားပေါ်မှာ စား၊ အဲဒီလို ဖြစ်နေတာလေ။ အမေစုက အကုန်လုံးကို အဲဒီလောက် မသွားခိုင်း ပေမယ့် မနေနိုင်တာလေ။ တချို့ အားနည်းနေတဲ့ မြို့တွေရှိနေတယ် ဆိုရင် ကိုယ်က မနေနိုင် တော့ဘူး လေ။ အဲဒါဆိုရင်လည်း ချဟာ၊ ငါတို့ ပင်ပန်းလည်း ပြီးသွားရင် နားလို့ ရတာပဲ ဆိုပြီး တခုပြီး တခု လုပ်လာတာ အခုထိတော့ မလဲသေးဘူး။
မေး။ ။ မသျှီက အဆိုတော်ဘက်တွေ အနုပညာရှင်တွေဘက်ကို ချိတ်ဆက်တဲ့ အခါ သူတို့ရဲ့ စိတ်အားထက်သန် မှု၊ ပါဝင်လိုမှုကရော ဘယ်လိုမျိုးတွေ့ရလဲ။
ဖြေ။ ။ ပြောသလောက်တော့ ငြင်းတဲ့သူ ရှားပါတယ်။ ကြားထဲမှာသူတို့ အကြောင်းကြောင်းလေးတွေ ပေါ်လာရင် တော့ ကိုယ်က အတင်း မလုပ်ချင်ဘူးလေ။ ကိုယ်က မရဘူးနော် လိုက်ရမှာပဲ နော် လို့ ပြောရင်လည်း သူတို့လိုက်မှာပဲ လေ။ ဒါပေမယ့် သူတို့မှာ ပေါ်လာတဲ့ ဟာလေးတွေ ကျတော့လည်း ကိုယ်က နားလည်ပေးရမှာပဲလေ။ ဒီဘက် မှာက မေတ္တာနဲ့ လုပ်တဲ့ ကိစ္စကိုး။ အဖွဲ့တွေကလည်း တွေ့တဲ့အတိုင်းပဲလေ၊ အင်အားနည်းသွားတယ် ဆိုတာက ရှိမှမရှိတာပဲကို။ အဲဒီတော့ အားလုံးက လိုက်ချင်ကြပါတယ်။
မေး။ ။ တခုကြားရတာက မသျှီဆီကို ဖုန်းဆက်ပြီး ပြောတယ်၊ သတိပေးတယ်ဆိုတာလည်း သိရပါတယ်။ အဲဒီအကြောင်းကိုလည်း သိချင်ပါတယ်။
ဖြေ။ ။ အဲဒါက ပုသိမ်မှာ အောင်နိုင်ရေးပွဲလုပ်ပြီးတော့ ဖုန်းတခုဝင်လာတယ်။ ပုသိမ်မှာက အရမ်းလှုပ်ခတ် သွားတာလေ။ ပုသိမ်မှာက သွေးအေးတယ်လို့ ထင်ရပေမယ့် ပထမဆုံး အင်အား အများဆုံး ဖြစ်သွားတာ။ အဲဒီမှာ စဟော့ လိုက်တာ ဝက်ဝက်တွေ ကွဲပြီး နောက်တော့ ဖုန်းဝင်လာတာပေါ့။ ဆက်တဲ့သူက ယောက်ျားအသံ ဘယ်သူလဲ ဆိုတော့လည်း သူက ကျနော့်ကို ပြောလည်း သိမှာ မဟုတ်ပါဘူး တဲ့၊ ဒါပေမယ့် ကျနော်က စေတနာနဲ့ပါ တဲ့၊ ကျနော် ကိုယ်တိုင်လည်း လျှို့ဝှက် လှုပ်ရှားနေတဲ့ သူပါပဲတဲ့၊ လှုပ်ရှားတဲ့သူ အချင်းချင်း စိတ်ပူလို့ပါ တဲ့၊ မသျှီက ရှေ့ကို ထွက်နေတယ် ပေါ့လေ။ အခု ကျနော်ကြားတာက မသျှီနဲ့ ကိုဗေ (ဗေလုဝ) ကို ပစ်မှတ်လို့ သတ်မှတ်ထားတယ်လို့ ကြားတယ်၊ သတိထားစေချင်တယ် ပေါ့။
ကိုယ်ကတော့ ဟုတ်ကဲ့ ကျေးဇူးပါပဲလို့၊ ကျမတို့ကလည်း ဘောင်ထဲမှာပဲ နေနေတာပါလို့၊ မဟုတ်တာလည်း ဘာတခုမှ ပြောတာ မဟုတ်ပါဘူးလို့လေ။ ကိုယ်သွားနေတဲ့ လမ်းကြောင်းက အမေစုက ကိုယ့်ခေါင်းဆောင်လေ။ ကိုယ့် ခေါင်းဆောင်က ဘယ်သူ့ကိုမှ တိုက်ခိုက်နေတာမှ မဟုတ်တာ။ ကိုယ့်ခေါင်းဆောင်ရဲ့ လမ်းကြောင်းက ကိုယ်လုပ်နိုင်တာ၊ ကိုယ် မလုပ်နိုင်တာကိုပဲ ရှင်းပြတာလေ။ အမှန်ကိုပဲ သူပြောသွားတာ၊ ကိုယ်ကလည်း အဲဒီလမ်းကြောင်းကိုပဲ လိုက်တာလေ။ ကိုယ်က ဘယ်သူ့ကိုမှလည်း ပုတ်ခတ်မှာ မဟုတ်ဘူး။ ဒါပေမယ့် ငါတို့ ရပိုင်ခွင့်ကတော့ ဒါ၊ ဒါလေးကတော့ ဖြစ်သင့်တယ်။
ကိုယ်ကတော့ NLD ကို ဆွယ်တာ ဖြစ်တဲ့အတွက် NLD က ကောင်းတဲ့ စံနှုန်းတွေကို ချပြတာလေ။ ဘယ်သူကိုမှ မပုတ်ခတ်သော နည်းလမ်းနဲ့ ကိုယ့်လမ်းကိုယ် လျှောက်နေတာ ဖြစ်တဲ့ အတွက် ကိုယ်ကတော့ ဆက်လျှောက်တာပဲ။ ဆက်လျှောက်လိုက်တာ အခုအထိပါပဲ။ အဲဒီကာလတွေမှာပဲ ဖုန်းမဟုတ်ဘဲ သတင်းစကားတွေလည်း ကြားရပါတယ်။ ခိုင်လုံရတဲ့ သုံးလေး နေရာလောက်ကနေလည်း တချို့သတင်းတွေ ကြားရပါတယ်။ ထားပါတော့ အဓိကကတော့ ကိုယ်က ဒီလို သတင်းတွေ ကြားတိုင်း တွန့်ကြေး ဆိုရင် လုပ်စရာ မရှိတော့ဘူးလေ။ ကိုယ့်ယုံကြည်မှုနဲ့ ကိုယ် ဘယ်သူမှ မပုတ်ခတ်သော လမ်းကြောင်းနဲ့ သွားတယ်။ ဒါကိုမှ တခုခု ညိစွန်းတယ် ဆိုရင်လည်း မတတ်နိုင်ဘူး ပေါ့။ မှတ်တမ်း ဝင်ရင်လည်း ဝင်ပေါ့၊ ကိုယ်ကတော့ ဘာမှ အမှား မလုပ်ထားဘဲလေ။
ကိုယ်ကလေ ဒီလုပ်ငန်းကို လုပ်တယ် ဆိုကတည်းက ကိုယ့်မှာ ပြင်ဆင်ပြီးသား။ နံပါတ်တစ်၊ စိတ်ကို ပြင်ဆင်ရတာပေါ့ လေ။ စိတ်က ဘာ မဆိုဖြစ်နိုင်တယ်၊ အဲဒါကို လက်ခံနိုင်လား၊ လက်ခံနိုင်ရင် အိုကေ။ နောက်ပြီး ကိုယ့်အသိုင်းအဝိုင်း၊ ကိုယ့်မိဘတွေ ကိုလည်း ဒီလိုဒီလို ဖြစ်နိုင်တယ်၊ သူတို့ကလည်း အိုကေ။ ဒါဆို ပြင်ဆင်ပြီးမှ လုပ်တဲ့ အတွက် ဒါမျိုးတွေ လာမယ် ဆိုတာလည်း ကိုယ့်ဘာသာ တွေးပြီးသားလေ။ အဲဒီအတွက် အထူးတလည်တော့ မတုန်လှုပ် ပါဘူး။ ပြင်ဆင်ပြီးသားပါ။
နောက်တခုက အမှန်အတိုင်းပြောရရင် လူဆိုတာ ကိုယ့်ကို ထိခိုက်မှာတော့ မလိုလားကြဘူး လေ။ ဒါပေမယ့် ကိုထူးအိမ်သင် သီချင်းထဲကလို ယုံကြည်ပါ အမှန်တရား ဆိုတာလေ။ ကိုယ်က အမှန်တရားကို ဦးတည်ပြီး သွားတာ ဖြစ်တယ်။ နိုင်ငံရေးသမားတော့ မဟုတ်ဘူး။ ဒါပေမယ့် နိုင်ငံရေးနဲ့ နွှယ်တဲ့ အလုပ်ကို လုပ်နေတာ ပေါ့လေ။ နိုင်ငံရေး ဆိုတာကလည်း ဗိုလ်ချုပ်ပြောတဲ့အထဲမှာ ရှိပြီးသား။ တကယ့် ပရဟိတ၊ အကြီးဆုံး ပရဟိတခုပဲ။ ဆိုတော့ ဒီဟာကို တခုခု လုပ်တော့မယ်ဆို ကိုယ့်ဆီမှာ အင်အားတွေက ပြန်ဝင်လာတယ်။ ငါတယောက်တည်း အတွက် ငါလုပ်နေတာ မဟုတ်ဘူး။ အကုန်လုံး အတွက် ငါလုပ်တာပဲ ဆိုပြီး ခုနက ရှိတဲ့ ကြောက်စိတ်ထက် ရှိတဲ့ စွမ်းအင်တွေက ဖုံးသွားတယ်။ ငါမှန်တာ လုပ်တာ ဖြစ်ချင်ရာဖြစ်၊ အဲဒီလိုပေါ့။
မေး။ ။ မသျှီတို့ အဲဒီလို သွားတဲ့အခါ Voter Education အတွက်ကိုရော ဘယ်လိုမျိုး ပြောပြဖြစ်လဲ၊ နယ်တွေမှာရော ဘယ်လိုပြောဆိုဖြစ်ပါလဲ။
ဖြေ။ ။ နေရာတိုင်းမှာတော့ လိုအပ်တဲ့ အချက် ၈ ချက်ပဲ ထားပါတော့။ အဲဒီ ၈ ချက်စလုံးကို နားဝင်အောင် ပြောတယ်။ တမြို့မှကို ချန်မထားခဲ့ဘူး။ နောက်ပြီး ပြောနေရင်းနဲ့လည်း ကိုယ်က လူတွေကို ကြည့်နေတာပေါ့။ တချို့ကျတော့ လုံးဝမသိတဲ့ မျက်နှာမျိုးနဲ့ သူတွေ ရှိတယ်။ ထပ်ခါထပ်ခါ ပုံတိုပတ်စ လေးတွေနဲ့ သူတို့ကို ပြောရတာ ပေါ့။ နောက်ပြောင်ပြီး ဟာသလေးတွေနဲ့ စွက်ပြီးပြောရတာပေါ့။ အဲဒီအခါ ပိုပြီးတော့ နားဝင်တာပေါ့။ တမြို့မှတော့ မလျော့ခဲ့ဘူး။ မြို့တိုင်းမှာ အချက်တိုင်း ပြောခဲ့တယ်။ ပိုပြောသင့်တဲ့ နေရာမှာ ပုံသဏ္ဍန် တမျိုးနဲ့ ပြောတယ်။ ၆ ရက်နေ့ ကစပြီး စတစ်ကာတွေက အစ မသုံးရတော့တဲ့ အကြောင်းတွေ၊ ကိုက် ၅၀၀ ဧရိယာအတွင်း ဘာတွေ ဖြစ်နိုင်တယ်၊ ဘယ်လိုတွေ ဖြစ်နိုင်တယ် ဆိုတာတွေ ပြောပြတယ်။ မနက် ၈ နာရီကနေ ညနေ ၄ နာရီအတွင်း အဲဒီပရဝဏ် အတွင်းမှာ ရှိနေတဲ့ သူတိုင်း အချိန်ကျော်နေပေမယ့် မဲပေးလို့ ရတယ် ဆိုတာကို ပြောပြတယ်။ တချိန်လုံး ပင်ပန်းလာပြီး ဒီတရက်လေးတော့ အဲဒီလို ရင်းဖို့၊ စင်ကာပူမှာ ဆိုရင်လည်း ဘယ်လို တန်းစီကြတယ် ပြောပြတယ်။ အင်တာနက်က လူတိုင်း မသုံးဘူးလေ။ မသုံးတဲ့သူတွေ သိအောင်လည်း ပြောပြတယ်။
မေး။ ။ မသျှီတို့ပွဲတွေကို အဓိက လူငယ်၊ လူလတ်ပိုင်းတွေ အများဆုံး လာတာ တွေ့ရတယ်။ လူကြီးပိုင်း မလာနိုင်တဲ့ သူတွေ အတွက် သူတို့အနေနဲ့လည်း မဲ ဘယ်လိုပေးရမယ် ဆိုတာ မသိကြသေးတာ အများကြီး တွေ့ရတယ်။ အဲဒီလိုတွေ အတွက်ရော ဘယ်လို စီစဉ်ဖြစ်လဲ။
ဖြေ။ ။ ကိုယ်ကကျတော့ ပြောတယ်။ ပြောတဲ့ အပြင်ကို လာတဲ့သူတွေ အားလုံးကို ဘယ်လိုပြောခဲ့လဲ ဆိုတော့ ကျမတို့ ကလည်း ဒီကို Volunteer လာလုပ်သလို အားလုံးကလည်း ဒီကို တူညီသော စိတ်နဲ့လာတာ ဖြစ်တဲ့အတွက် ယုံကြည်ပါတယ်။ အဲဒီအတွက် အခု မလာနိုင်တဲ့ သူတွေကိုလည်း ဆက်ပြီးတော့ သတင်းစကားပါးပေးဖို့ အားလုံးကို ကျမတို့ ယုံကြည်စွာနဲ့ အပ်နှံခဲ့ပါတယ် လို့ ပြောပြတယ်။
မေး။ ။ အဲဒီလိုသွားရင်းနဲ့ မျက်ရည်ကျတဲ့ အထိ ခံစားခဲ့ရတယ် လို့လည်း ကြားရပါတယ်။ ဘယ်လို အခြေအနေမျိုး တွေ့ကြုံရလို့ပါလဲ။
ဖြေ။ ။ အားလုံးက တူညီတဲ့ ဆန္ဒရှိတယ်။ Feel တွေက တူတူပေါ့၊ အကုန်လုံးက တူညီတဲ့ လှိုင်းထဲကို ဝင်သွားတာ။ လူတွေက သူတို့ရဲ့ မျှော်လင့်ချက်တွေက အပြည့်၊ ကိုယ်တွေကလည်း သူတို့ကို မျှော်လင့်နေတာလေ။ ဒီလူတွေ ကလည်း ငါတို့နဲ့ ပူးပေါင်းမှာလား ဆိုတာလေ။ အဲဒီအချိန်မှာ အားလုံးက လာပြီး အတူတူ ဆုပ်လိုက်ကြတဲ့ သဘော မျိုးပေါ့။ အဲဒီအခါ ရင်ထဲမှာလေ လှပ်လှပ်ကြီး ဖြစ်နေတာ။ သူတို့ကလည်း ကျမတို့လည်း ဝမ်းသာ ဝမ်းနည်းကြီး ဖြစ်တယ်တော့ လို့ ပြောကြတယ်။ အဲဒီအခါ သူတို့ကလည်း မျက်ရည်တွေကျ၊ ကိုယ်ကလည်း နှစ်သိမ့်ပေါ့။ သွားရင်းသွားရင်းနဲ့ကို အကုန်လုံးက ကိုယ့်ဆွေမျိုးတွေလို ဖြစ်နေတာလေ။ ကိုယ့်ယုံကြည့်မှုတွေရော၊ ကိုယ်ခံစားမှု တွေရောက အကုန်လုံးနဲ့ စည်း မခြားတော့ဘူး လေ။ အဲဒီတသားတည်း ဖြစ်တဲ့ ဖီလင်ကတော့လေ တဘဝစာမှာ မမေ့စရာ ပါပဲ။ မမေ့နိုင်မယ့် ခံစားချက်တွေ ပေါ့။
တချို့မြို့တွေ ဆိုရင် လူကြီးတွေက အတိတ်နိမိတ်ပေါ့၊ အောင်သပြေနဲ့ ကြိုတယ်။ အောင်သပြေနဲ့ ကြိုပြီးတော့ ထွက်ကတယ်။ အဘိုးကြီးတွေ၊ အဘွားကြီးတွေကအစ ကလေးတွေ အထိပေါ့။ အရွယ်စုံရဲ့ ပျော်ရွှင်မှုတွေ၊ အပြုံးတွေ ကို မြင်ရတာပေါ့ နော်။ အဲဒီအခါကျတော့ လုပ်ရတာလည်း အမောပြေတယ်။ ကိုယ်ကလည်း အဲဒီလိုလေး ဖြစ်ချင်တာ ကိုး။ မျှော်လင့်ထားတာလေ။ သူတို့ မျှော်လင့်ချက်တွေလည်း ရောင်နီသန်းသလို၊ ကိုယ့်အတွက်လည်း အားဖြစ်တယ်။ အဲဒီလိုနဲ့ အားတွေ ရှိရှိပြီးတော့ ပိုကျယ်ပြန့် လာတာပေါ့။
မြို့တွေ တမြို့ တမြို့မှာ ကလည်း အခုက အင်တာနက်တွေ သုံးနေတဲ့ အခါကျတော့ ဒီမြို့က အပြတ် ဟော့တယ် ဆိုရင် ငါတို့မြို့ ကျရင်လည်း ဟော့ရမယ် ဆိုပြီးတော့လေ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ့်အမေ အတွက် ဆိုတော့ ကျေနပ် ပါတယ်။ ဒီလို ယှဉ်ပြိုင်တာ ကလည်း ပျော်ဖို့ကောင်းတဲ့ ယှဉ်ပြိုင်မှုမျိုးပဲလေ။ အားလုံးကလည်း ဒီခေါင်းဆောင် အပေါ် ကို ယုံကြည်မှု ပြင်းထန်တော့လေ။ ဒီလိုယုံကြည်မှု မပြင်းထန်ရင်လည်း ဘယ်လိုမှ ဒီလိုခရီးစဉ်ကို မလိုက်နိုင်ဘူး။ သုံးလေး နာရီလောက်ပဲ အိပ်ရင် အိပ်ရ၊ ပြီးရင် သီချင်း ပြန်ဆိုရင် ပြန်ဆိုရတာလေ။ နောက်ပြီး အခု ဒီမှာ ထူးခြားမှုက တယောက်တည်း စင်ပေါ် မတက်ဘူး။ အားလုံး အတူတူ စင်ပေါ်တက်တယ်၊ ဆိုတယ်။ Unity ကို ပြတယ်။ အားလုံး ဆင်တူဝတ်တယ်။ အတူတူ သီချင်းတွေဆိုတယ်၊ အားလုံး တက်ကြွနေအောင် တယောက် ဆိုရင်လည်း အားလုံးက ဝိုင်းဆိုပေး ကြတယ်။ အဲဒီလိုမျိုး ဆိုတော့ ပိုပြီးတော့ ပျော်ဖို့ကောင်းတယ်။ Team work ပုံစံပေါ့။
မေး ။ ။ ရှေ့ဆက်သွားမယ့် ပွဲတွေမှာ ဘယ်သူတွေ ထပ်ပါလာဦးမလဲ၊ ဘယ်လိုအစီအစဉ်နဲ့ သွားဖြစ်နေတာလဲ။
ဖြေ။ ။ ပါမှာပါမှာ၊ အခုဟာက အလဲအလှယ်နဲ့ သွားနေတာပါ။ အဓိကကတော့ သျှီရယ်၊ အနဂ္ဂ၊ သံသာဝင်း ရယ် ပေါ့။ နောက် ထက်လှိုင်ထွန်း ဆိုတဲ့ အဆိုတော်လေးလည်း ပါမယ်။ သူက Melody world 2012 တုန်းက ဆုရထား တဲ့ ကလေးလေ။ သူလည်း တော်တယ်၊ သူကလည်း အမေစု သီချင်းလေးတွေ ဆိုတာလေ။ စင်ပေါ်မှာ စကားတွေလည်း ကောင်းကောင်း ပြောနိုင်တယ်။ နောက်ပြီး အဆိုတော် လင်းနစ်တို့လည်း အမြဲလိုလိုပါတယ်။
မေး။ ။ မသျှီတို့ ဒီလိုဖျော်ဖြေရေး လုပ်တဲ့အခါမှာ ရောက်တဲ့မြို့တိုင်းမှာ ဘယ်လို အခက်အခဲတွေ တွေ့ရသေးလဲ။ အားလုံး အဆင်ပြေပြေပဲလား။
ဖြေ။ ။ အဆင်ပြေပါတယ်။ ဒါပေမယ့် တခုရှိတာက၊ ရောက်လေရာမှာ မတူညီသော စက်တွေ ပေါ့။ တီးဝိုင်းတွေ ကလည်း တိုက်ထားတာ မဟုတ်ဘဲ အဆင်ပြေသလို ဆိုရတာ။ စက်တွေက သိပ်မကောင်းတဲ့ နေရာတွေက ပိုများတယ်။ ရှိတဲ့ စက်နဲ့ လုပ်ရတာလေ။ နောက်ပြီး မီးအားမနိုင်တာ တွေလည်း ရှိတယ်။ အဲဒီအခါ လူတွေက လည်ပင်းတွေ ပိုနာတယ်။ ကိုယ့်ရှိတဲ့ အင်အားထက် ပိုပင်ပန်းတယ်။ ပိတ်ပင်တာတွေ ဘာတွေတော့ မရှိပါဘူး။ သွားရင်းနဲ့ လူတွေများပြီး လမ်းပိတ်သွားလို့ ကိုယ်က ပထမကြော်ငြာထားတာက တနေရာ၊ ဒါပေမယ့် နောက် တနေရာ သွားလုပ်ရင် လုပ်ရတာ၊ ဘာဖြစ်လို့လဲ ဆိုတော့ လမ်းပိတ်ဆို့မှုတွေ ဖြစ်မှာ စိုးလို့လေ။ အဲဒီတော့ ဒီမှာ လာစောင့်တဲ့ သူတွေက ပြဿနာတက်ရော။ ကြော်ငြာထားတာ ဒီမှာ မလာလို့ ဆိုတော့၊ အဲဒီမှာတခါ အဲဒီကို ပြန်လာရတယ်။ အဲဒီလိုမျိုးတွေတော့ ရှိတယ်။ လူအင်အားက ထင်တာထက်ကို များများသွားတယ်။ အဲဒါက တော့ အရမ်း ဝမ်းသာစရာ ကောင်းတယ်။ ပြည်သူ့ပံ့ပိုးမှုပေါ့။
မေး။ ။ မသျှီရဲ့ အနုပညာအလုပ်တွေကို နားထားရတာ ဆိုတော့ ဘယ်တော့မှ ပြန်လုပ်မှာလဲ။
ဖြေ။ ။ အဲဒါကတော့ ရွေးကောက်ပွဲ ပြီးတော့မှပဲ ပြန်လုပ်ရတော့မှာ ပေါ့။ အခုဆိုရမယ့် ပွဲငါးပွဲ ရှိပြီ၊ ဖျက်ထားတာ။ ကိုယ်က ရည်စူးထားတာ အစကတည်းက လေ၊ ဒါကို လုပ်မှာ ဖြစ်တဲ့ အတွက် လုံးဝဖျက်ထားတာ။ Show တွေဆိုတဲ့ အခါမှာလည်း မသျှီက ပရိသတ်ကို စကားတခွန်းခွန်းတော့ အမြဲ ပြောလေ့ရှိတယ်လေ။ အဲဒါကလည်း အမှန်တရားကို ပြောတာပဲလေ။ အမှန်တရားက လူတိုင်းနဲ့ ဆိုင်တယ်။ အမှန်တရားက အချိန်တိုင်း မှန်တယ်။ အဲဒါက အချိန်မရွေး ပြောလို့ရတဲ့ စကားဖြစ်တယ်လေ။ သဘောက ရဲရင့်ဖို့ ပြောတာ၊ ဘာမှားလဲ။ မျှမျှတတ လိုတယ်လို့ ပြောရင်ရော ဘာမှားမလဲ၊ ဘာမှမမှားဘူး၊ အဲဒါက အချိန်တိုင်း ပြောလို့ရတယ်။
မေး။ ။ မသျှီ တကိုယ်တော်ခွေကရော ဘယ်တော့ ထွက်လာဖြစ်ဦးမလဲ။
ဖြေ။ ။ နေပါဦးလေ။ ရွေးကောက်ပွဲက အရေးကြီးလား၊ အခွေက အရေးကြီးလား။ မဟုတ်ဘူးလား။