ပါကစ္စတန်နိုင်ငံ Shaheen လေကြောင်းလိုင်းမှ လေယာဉ်တစီး စက်ချို့ယွင်းသဖြင့် လာဟိုလေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့စဉ် ပြေးလမ်းချော် သွားသည့်အတွက် ခရီးသည် ၁၀ ဦ ဒဏ်ရာရရှိသွားကြောင်း ပါကစ္စတန် မြို့ပြလေကြောင်း အာဏာပိုင်များ၏ ပြောဆိုချက်ကို ကိုးကား၍ CNN သတင်းတွင် ဖော်ပြထား သည်။
လေယာဉ်ပျံသန်းမှုကို စောင့်ကြည့်နေသည့် FlightRadar24 အဆိုအရ ယင်းလေယာဉ်သည် Airbus A320-232 လေယာဉ်ဖြစ်ကြောင်း သိရသည်။
ခရီးသည် စုစုပေါင်း ၁၁၂ ဦးလိုက်ပါလာသည့် အဆိုပါလေယာဉ်သည် ကရာချိနှင့် လာဟိုသို့ ပြေးဆွဲနေသည့် လေယာဉ်ဖြစ်ပြီး ဘီးပေါက်ခြင်းဖြစ်နိုင်ကြောင်း ၊ ပျက်စီးသွားသည့် လေယာဉ်၏ အခြေအနေကို လတ်တလောမပြောနိုင်သေးကြောင်း လေကြောင်း အာဏာပိုင်တို့ကဆိုသည်။
Shaheen လေကြောင်းလိုင်းတွင် ဘိုးရင်းနှင့် Airbus လေယာဉ်များ အသုံးပြုလျှက်ရှိသည်။
ပါကစ္စတန်နိုင်ငံတွင် ၂၀၁၂ခုနှစ် ဧပြီလ အစ္စလာမ်မာဘတ်မြို့အနီး ဖြစ်ပွားခဲ့သည့် လေယာဉ်ပျက်ကျမှုမှာ အဆိုးဆုံးဖြစ်ပြီး လူပေါင်း ၁၂၇ ဦးသေဆုံးခဲ့သည်။