Ethnic Issues

အစိုးရနှင့် အပစ်ရပ် လက်မှတ် မထိုးသည့် တိုင်းရင်းသားမဟာမိတ်အဖွဲ့ပေါ်ပေါက်လာနိုင်

This article has been converted from Zawgyi One to Unicode

“ဝ” အထူးဒေသ ပန်ဆန်းမြို့တွင် ကျင်းပပြီးစီးသွားခဲ့ပြီဖြစ်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ ထိပ်သီး အစည်း အဝေးမှ တဆင့် မြန်မာနိုင်ငံ၏ အကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ၂ ခုဖြစ်သည် ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နှင့် အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) တို့ အပါအဝင် တိုင်း ရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၏ မဟာမိတ်တပ်ပေါင်းစု အသစ်တခု ပေါ်ပေါက်လာနိုင်ကြောင်း သိရသည်။

အကယ်၍ သဘောတူညီချက်ရရှိခဲ့လျှင် ယခင်လက ပြုလုပ်ခဲ့သည့် တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) လက်မှတ်ထိုးရာတွင် ပါဝင်ခဲ့ခြင်းမရှိသော အဖွဲ့များ ပါဝင်သည့် မဟာမိတ်တပ်ပေါင်းစုက ၂၀၁၁ ခုနှစ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့သော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက် ဒရယ်ကောင်စီ (UNFC) ကို အဆုံး သတ်သွားစေဖွယ်ရှိသည်ဟု အစည်းအဝေး တက်ရောက်သူ အချို့၏ အဆိုအရ သိရ သည်။

“ဘယ်လို ဖွဲ့စည်းရမလဲဆိုတာ ကျနော်တို့ ဆွေးနွေးနေတုန်းပါပဲ။ ကျနော်တို့ရဲ့ UNFC က အင်အားနည်းလာခဲ့ပြီ။ ကျနော် တို့ရဲ့ မဟာမိတ်အဖွဲ့သစ်မှာ “ဝ” နဲ့ မိုင်းလား အဖွဲ့တွေလည်း ပါဝင်လာဖို့ ရည်ရွယ်ထားပါတယ်” ဟု မွန်ပြည်သစ်ပါတီ (NMSP) ၏ ဒုတိယ ဥက္ကဋ္ဌ နိုင်ဟံသာ ကပြောသည်။

အဖွဲ့သစ်၏ အမည်ကို ဆုံးဖြတ်ရခြင်းမရှိသေးသော်လည်း မဟာမိတ်အဖွဲ့တွင် အဖွဲ့တခုစီမှ ကိုယ်စားလှယ် ၂ ဦးစီ ခန့်အပ် တာဝန်ပေးသွားမည် ဟု သိရသည်။

“ကျနော်တို့ က နိုင်ငံရေးအရ အတူတကွ အလုပ်လုပ်ဖို့ ဦးတည်သွားမှာဖြစ်ပါတယ်။ မဟာမိတ်အဖွဲ့နဲ့ အလုပ်လုပ်ဖို့ ကျနော် တို့ အဖွဲ့ လူ၂ယောက် ခန့်အပ်သွားမှာပါ။” ဟု မိုင်းလား အခြေစိုက် NDAA မှ ဗဟိုကော်မတီဝင် တဦးဖြစ်သည့် ဦးစိုင်း မောက် ကပြောသည်။

ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နှင့် အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) ၂ ဖွဲ့လုံး က ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များ မဟုတ်ကြပေ။ UNFC တွင် ပါဝင်ရန် ဖိတ်ခေါ်ခဲ့ သော်လည်း ငြင်းဆန်ခဲ့ကြသည်။ UNFC က အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁ ဒါဇင် ကျော် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်စဉ်အတွင်း သမ္မတဦးသိန်းစိန်၏ အစိုးရနှင့် မြန်မာစစ်တပ်ကို ဝေဖန်ပြော ဆိုမှုများ တခါတရံ ပြုလုပ်ခဲ့သည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ထိုးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နေ့မတိုင်မီ UNFC က ကြေညာချက်တစောင် ထုတ်ပြန်၍ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် များ တွင် အစိုးရတပ်များက တိုင်းရင်းသားလက်နက်ကိုင် ဖွဲ့များကို ဆက်လက်တိုက်ခိုက်နေခြင်းများကြားတွင် နေပြည် တော် အစိုးရ၏ သဘောထားအပေါ် မေးခွန်းထုတ်ခဲ့သည်။

“တကယ်လို့ အစိုးရက ဟန်ပြသက်သက် ငြိမ်းချမ်းရေး တည်ဆောက်မှု အတုအယောင်လှုပ်ရှားမှုတွေ အတိုင်းဆက် သွား ပြီးတော့ အရင်အစိုးရတွေ အသုံးပြုခဲ့ပြီး ခေတ်မမီတော့တဲ့ လူမျိုးကြီးဝါဒကို အခြေခံတဲ့ အားလုံး သုတ်သင်ရေး မူဝါဒကို ဆက်လက် အသုံးပြုမယ် ဆိုရင်တော့ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးက ဆက်လက်ဝေးကွာနေဦးမှာ ဖြစ်ပါတယ်။” ဟု မဟာ မိတ် အဖွဲ့က သတိပေးခဲ့သည်။

နှစ်ပေါင်းများစွာ အတွင်း မြန်မာနိုင်ငံမှ တိုင်းရင်သားလက်နက်ကိုင် အဖွဲ့များက မဟာမိတ် အဖွဲ့အစည်း အမျိုးမျိုးဖွဲ့စည်းခဲ့ ကြသည်။ ယခု အခါတွင် UWSA နှင့် NDAA တို့ ပါဝင်လာခြင်းက သိသာသည့် တိုးတက်မှု ဖြစ်သည်ဟု ပလောင် (တ အာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)မှ အထွေထွေ အတွင်းရေးမှူး ဒုဗိုလ်မှူးကြီး တာဘုန်းကျော် ကပြောသည်။

“ကျနော်တို့ လက်နက်ကိုင် အဖွဲ့တွေအားလုံး ဒီ မဟာမိတ် အဖွဲ့အစည်းသစ်မှာ ပါဝင်ကြ မှာဖြစ်ပါတယ်။ ထူးခြားတာက တော့ “ဝ” အဖွဲ့နဲ့ မိုင်းလား အဖွဲ့တို့ ပါဝင်လာတာပါပဲ” ဟု သူကဆိုသည်။

ပန်ဆန်း ထိပ်သီး အစည်းအဝေးသို့ တက်ရောက်လာသူများသည် ပြီးခဲ့သည့်လက တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အ ခတ် ရပ်စဲရေး (NCA) လက်မှတ်ထိုးရာတွင် မပါဝင်ခဲ့သည့် အဖွဲ့ ၁၁ဖွဲ့မှ ခေါင်းဆောင်များ ဖြစ်ကြသည်။ နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ (The National Socialist Council of Nagaland -Khaplang) ကိုလည်း ဖိတ်ကြားခဲ့သော်လည်း တက်ရောက် နိုင်ခဲ့ခြင်း မရှိပါ။

အဆိုပြုထားသည့် မဟာမိတ် အဖွဲ့တွင် ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA)၊ (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့ အပြင် ကချင် လွတ်မြောက်ရေးတပ်မတော် (KIA)၊ ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDO)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)၊ ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း (SSA-N)၊ ရခိုင်တပ်မတော် (AA) နှင့် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့လည်း ပါဝင်ကြမည် ဖြစ်သည်။ ပန်ဆန်း အစည်းအဝေးသို့ အဆိုပါ အဖွဲ့ အားလုံးက ကိုယ်စားလှယ်များ စေလွှတ်ခဲ့ကြသည်။

အစည်း အဝေးသို့ တက်ရောက်လာသူများသည် NCA လက်မှတ်မထိုးသည့် အဖွဲ့များကြား ပူးပေါင်းဆောင် ရွက် မှု တည်ဆောက်ရန် နှင့် ၂၀၁၆ ခုနှစ် အလွန်တိုင်းပြည်၏ နိုင်ငံရေး အခင်းအကျင်းနှင့် ပတ်သက်၍ ဆွေးနွေးကြမည် ဖြစ်သည်ဟု UWSA က ယခင်အပတ်က ပြောကြားခဲ့သည်။

အစည်းအဝေး ပထမနေ့တွင် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပရန်ရှိနေသည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း လွတ်လပ်၍ တရားမျှတပြီး ကောင်းစွာ ပွင့်လင်း မြင်သာမှုရှိသော ရွေးကောက်ပွဲ တခုကျင်းပရေးကို ထောက်ခံကြောင်း UWSA ၏ ပြောရေးဆိုခွင့် ရှိသူကပြောခဲ့သည်။

တက်ရောက်လာသည့် အဖွဲ့ ၁၁ ဖွဲ့ထဲတွင် တချို့က ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များဖြစ်ပြီး အချို့က အဖွဲ့ဝင် မဟုတ်ကြပေ။ (UNFC) အဖွဲ့ဝင်များထဲက အချို့က အောက်တိုဘာလ အတွင်းက NCA လက်မှတ်ထိုးရာတွင် ပါဝင်ခဲ့ကြပြီး အချို့က လက်မှတ် မထိုးခဲ့ကြပေ။

Loading