ဒီမိုကရေစီ စစ်စစ် ရတော့မလား

ကျော်စွာမိုး

This article has been converted from Zawgyi One to Unicode

မြန်မာပြည်သူတွေအတွက် လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနဲ့၊ ကြွယ်ဝမှုတွေကို ဆောင်ကြဉ်းပေးနိုင်မယ့် ဒီမိုကရေစီ အစိုးရတရပ်ကို ရရှိခဲ့သင့်တာတော့ တော်တော်ကြာနေပါပြီ။ တခြား ကမ္ဘာ့နိုင်ငံ တော်တော်များများ အတွက်ကတော့ ဒီမိုကရေစီ အခွင့်အရေးဆိုတာ အထူးအဆန်း မဟုတ်တော့ပါဘူး။ ဒါပေမဲ့ မြန်မာပြည်သူတွေကတော့ နှစ်ပေါင်းများစွာ စွန့်လွှတ်ကြိုးပမ်းမှုတွေ လုပ်ခဲ့ပေမယ့်လည်း ဒီမိုကရေစီနဲ့ ဝေးကွာနေဆဲ ဖြစ်ပါတယ်။

ရေပန်းစားနေတဲ့ လွှတ်တော် အမတ်လောင်းတွေနဲ့ နိုင်ငံတကာ အပါအဝင် တော်တော်များများက လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို မြန်မာနိုင်ငံအတွက် ကြီးမားတဲ့ အခွင့်အရေးတရပ်အဖြစ် ရှုမြင်နေကြပါတယ်။ ဒါပေမယ့် အတိတ်က ဖြစ်ရပ်တွေကို ပြန်ကြည့်လိုက်မယ် ဆိုရင်တော့ ရွေးကောက်ပွဲရလဒ်ဟာ ပြည်သူတွေရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့  ဘယ်သူတဦးတယောက်ကမျှ တထစ်ချ မပြောရဲတာကို တွေ့ရမှာဖြစ်ပါတယ်။

၂၀ ရာစုအစောပိုင်းက စတင်လို့ မြန်မာပြည်သူတွေဟာ ဗြိတိသျှတွေဆီက လွတ်လပ်ရေးရနိုင်ဖို့ သွေးတွေ၊ ချွေးတွေ အများကြီး စတေးပြီး တိုက်ပွဲဝင်ခဲ့ကြပါတယ်။ လွတ်လပ်ရေးခရီးကြမ်းမှာ ကျဆုံးခဲ့ရတဲ့ အသက်တွေကတော့ မရေမတွက်နိုင်အောင်ပါပဲ။

အဲ့ဒီလိုစတေးခဲ့ရတဲ့ အသက်ပေါင်းများစွာထဲကမှ ထင်ရှားသူတချို့ကို ပြောရမယ်ဆိုရင်တော့ တောင်သူလယ်သမား အရေးတော်ပုံကို ဦးဆောင်ခဲ့တဲ့ ဆရာစံနဲ့ သူ့ရဲ့အပေါင်းအပါတွေဟာ ၁၉၃၁ ခုနှစ်မှာ ဗြိတိသျှအစိုးရရဲ့ ကြိုးပေး ကွပ်မျက်ခြင်းကို ခံခဲ့ရပါတယ်။ အဲ့ဒီနောက် ၇ နှစ်အကြာမှာ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ဟာ အင်္ဂလိပ် ဂေါ်ရာတပ်က ဆန္ဒပြကျောင်းသားတွေအပေါ် အကြမ်းဖက်ဖြိုခွင်းမှုမှာ အသက်စတေးခံရပြန်ပါတယ်။ အဲ့ဒီနောက်မှာတော့ ၁၉၂၉ ခုနှစ်မှာ ဆရာတော် ဦးဝိစာရဟာ ထောင်ထဲမှာ ၁၆၆ ရက်ကြာ အစာငတ်ခံဆန္ဒပြရာမှ ပျံလွန်တော်မူခဲ့ပြန်ပါတယ်။

ဆယ်စုနှစ်များစွာ အသက်၊ သွေး၊ ချွေးတွေကို ရင်းပြီး အားထုတ်ကြိုးပမ်းမှုတွေရဲ့ ရလဒ်အနေနဲ့ ၁၉၄၈ ခုနှစ် ဇန်န်ဝါရီလ ၄ ရက်နေ့မှာ မြန်မာနိုင်ငံဟာ ဗြိတိသျှတို့ထံမှ လွတ်လပ်ရေး ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီလို လွတ်လပ်ရေးရနိုင်ဖို့ ပေးဆပ်ခဲ့ရတဲ့ အရင်းအနှီးကလည်း ကြီးမားပါတယ်။ လွတ်လပ်ရေးမရမီ ၆ လအလိုမှာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ တခြားသော အစိုးရအဖွဲ့ဝင်တွေနဲ့အတူ လုပ်ကြံခံရခဲ့ပါတယ်။ လွတ်လပ်ရေးအတွက် တစိုက်မတ်မတ် ကြိုးပမ်းခဲ့တဲ့ ဗိုလ်ချုပ်ကတော့ လွတ်လပ်တဲ့မြန်မာနိုင်ငံကြီးကို မြင်ခွင့်မရသွားရှာပါဘူး။

လွတ်လပ်ရေး ရခဲ့ပေမယ့်လည်း ပြည်သူတွေအတွက် တည်ငြိမ်အေးချမ်းရေးကိုတော့ မတည်ဆောက်နိုင်ခဲ့ပါဘူး။  လွတ်လပ်ရေးရပြီး နောက် ၁ နှစ်အကြာမှာပဲ ပြည်တွင်းစစ် ဖြစ်ခဲ့ရပါတယ်။ လွတ်လပ်ရေးမရခင်မှာ ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသား လူနည်းစုအတွက် ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ဖို့ ကတိပေးခဲ့ပေမယ့် ဗိုလ်ချုပ် အောင်ဆန်း လုပ်ကြံခံရမှုနဲ့အတူ ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ဖို့ အစီအစဉ်ကလည်း ပျက်ပြယ်သွားတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရတို့အကြား တိုက်ပွဲတွေရဲ့ ရလဒ်ကတော့ နှစ်ဖက်စလုံး အကျအဆုံး တွေရှိခဲ့ပြီး ကြားက ပြည်သူတွေကလည်း မြေစာပင် ဖြစ်ခဲ့ရပါတယ်။ အထူးသဖြင့် ပြည်သူတွေက စစ်ရဲ့ ဒဏ်ကို ကောင်းကောင်းကြီး ခံခဲ့ရတာပါ။

၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်းလိုက်တဲ့ အခါမှာတော့ မြန်မာပြည်သူတွေဟာ စစ်အုပ်ချုပ်မှု အောက်မှာ နောက် နှစ် ၅၀ နီးပါး ဒုက္ခခံခဲ့ရပြန်ပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရက စီးပွားရေးလုပ်ငန်းတွေကို ပြည်သူပိုင်သိမ်းခဲ့ပြီး ပုဂ္ဂလိက သတင်းစာတွေကိုလည်း ပိတ်ပစ်လိုက်ပါတယ်။ “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်” အမည်ပေးထားတဲ့ အာဏာရှင်စနစ် တံခါးပိတ်စီးပွားရေး ပုံစံကို ကျင့်သုံးခဲ့ပြီးရလဒ်ကတော့ ပြည်သူတွေ အားလုံးအသိပဲ ဖြစ်ပါတယ်။

တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ အစိုးရ ဆန့်ကျင်သူတွေဟာ ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရရဲ့ ပစ်မှတ်တွေ ဖြစ်လာခဲ့ပြီး တချို့က အကျဉ်းကျခံခဲ့ရသလို တချို့ကလည်း ပြည်ပကို ထွက်ပြေးခဲ့ကြပါတယ်။ ကျောင်းသားဆန္ဒပြမှုတွေ အရှိန်ရလာတဲ့ နောက်မှာတော့ ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီး သိပ်မကြာခင်မှာပဲ ဗိုလ်ချုပ်ကြီးနေဝင်း စစ်အစိုးရဟာ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ဗုံးခွဲဖျက်ဆီးခဲ့ပါတယ်။ အဲ့ဒီနောက် ဆန္ဒပြမှုတွေကို အကြမ်းဖက် နှိမ်နင်းခဲ့ရာမှာတော့ အသက်တွေ ပိုမိုဆုံးရှုံးခဲ့ရပြန်ပါတယ်။

ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရဟာ ၁၉၇၄ ခုနှစ်နဲ့ ၁၉၇၆ ခုနှစ် အစိုးရ ဆန့်ကျင်ရေးဆန္ဒပြမှုတွေကိုလည်း အကြမ်းဖက် နှိမ်နင်းခဲ့ပြီး တက်ကြွလှုပ်ရှားသူ ရာနဲ့ချီကာ ထောင်သွင်းအကျဉ်းချခဲ့ပါတယ်။ ချင်းတိုင်းရင်းသား ကျောင်းသား ခေါင်းဆောင် ဆလိုင်းတင်မောင်ဦးဟာ ၁၉၇၆ ခုနှစ် ဆန္ဒပြမှုတွေမှာ ဦးဆောင်ပါဝင်ခဲ့တာမို့ ကြိုးပေးကွပ်မျက်ခြင်း ခံခဲ့ရပြန်ပါတယ်။

ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရဟာ တိုင်းပြည်ကို ၂၆ နှစ်တိုင်တိုင် ဖိနှိပ်အုပ်ချုပ်ခဲ့ပါတယ်။

၁၉၈၈ ခုနှစ်မှာ မြန်မာပြည် တနံတလျား ဒီမိုကရေစီအရေး ဆန္ဒပြမှုတွေကြောင့် အာဏာရှင်အစိုးရ ပြုတ်ကျသွားတဲ့ အချိန်မှာတော့ နိုင်ငံဟာ အကောင်းဘက်ကိုများ ဦးတည်သွားလေမလားဆိုတဲ့ မျှော်လင့်ချက်ကလေး ပေါ်ထွက်လာပြန်ပါတယ်။ ဒီမိုကရေစီအရေး ဆန္ဒပြမှုတွေအတွင်း ၁၉၈၈ ခုနှစ်မတ်လမှာ တက္ကသိုလ်ကျောင်းသား  ကိုဘုန်းမော်ဟာ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေရဲ့ ကျည်ဆံအောက်မှ အသက်ပေးခဲ့ရပါတယ်။ အသက် ၁၆ နှစ်ပဲရှိသေးတဲ့ ကျောင်းသူ မဝင်းမော်ဦးဟာလည်း ဆူးလေဘုရားအနီး စစ်တပ်ရဲ့  အကြမ်းဖက်နှိမ်နင်းမှုအောက်မှာ အသက်စတေးခဲ့ရပြန်ပါတယ်။

စစ်တပ်က ၁၉၈၈ ခုနှစ် စက်တင်ဘာလမှာ အာဏာသိမ်းခဲ့ပြီး အဲ့ဒီမတိုင်ခင်နဲ့ အဲ့ဒီနောက်မှာ ကျောင်းသားနဲ့ အခြား ဆန္ဒပြသူ ထောင်ပေါင်းများစွာဟာ အသက်ဆုံးရှုံးခဲ့ရပါတယ်။ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေး သမားတွေ အများအပြားဟာ နှစ်ရှည်လများ ထောင်သွင်းအကျဉ်းချခြင်း ခံခဲ့ရပါတယ်။ သူတို့ထဲကမှ နိုင်ငံရေးအကျဉ်းသား ၂၀၀ လောက်က ထောင်ထဲမှာ အသက်သေဆုံးခဲ့ရပါတယ်။

ဒီမိုကရေစီ ရတော့မလားဆိုတဲ့ မျှော်လင့်ချက် ရောင်ခြည်ကလေး သန်းသွားမှု၊ နိုင်ငံရေး ကမောက်ကမဖြစ်မှုနဲ့ သွေးထက်သံယိုဖြစ်မှုတို့ အပြီးမှာတော့ နိုင်ငံဟာ စစ်အုပ်ချုပ်ရေးအောက်ကို တဖန် ပြန်ရောက်ရှိသွားပြန်ပါတယ်။

လွတ်လပ်ရေးရတဲ့ အချိန်မှာ နိုင်ငံရေးအရရော၊ စီးပွားရေးအရပါ မြန်မာနိုင်ငံဟာ အာရှရဲ့ကြယ်တပွင့် ဖြစ်ခဲ့တာပါ။ ဒါပေမယ့် ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုနဲ့ အစိုးရအဆက်ဆက်ရဲ့  အကျင့်ပျက်ခြစားမှုတွေက မြန်မာနိုင်ငံကို ချောက်ကမ်းပါး နက်နက်ထဲ တွန်းပို့ခဲ့ပါတယ်။

နိုင်ငံရဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစနစ်တွေဟာ တရှိန်ထိုး နိမ့်ဆင်းသွားခဲ့ပြီး ဒါဟာ မြန်မာပြည်သူ အားလုံးအပေါ် အဆိုးသက်ရောက်မှု ရှိခဲ့ပါတယ်။ စစ်အာဏာပိုင်တွေ၊ ခရိုနီတွေနဲ့ တခြား အခွင့်ထူးခံ လူနည်းစုက လွဲရင်ပေါ့။

၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးအခင်းကို အကြမ်းဖက် နှိမ်နင်းပြီးတဲ့နောက်မှာတော့ စစ်အစိုးရဟာ ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ရွေးကောက်ပွဲတရပ်ကို ကျင်းပပေးဖို့ ကတိပေးခဲ့ပါတယ်။ ၁၉၉၀ မှာ ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး လူသန်းပေါင်းများစွာက သူတို့ရဲ့ ဆန္ဒမဲကို ပေးခဲ့ကြပါတယ်။ ရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အတိုက်အခံ  NLD ပါတီဟာ မဲအများစုကို အနိုင်ရခဲ့ပြီး မြန်မာပြည်သူတွေ အနေနဲ့ နှစ်ပေါင်းများစွာ သူတို့ကြိုးပမ်းလာခဲ့တဲ့ ရွေးကောက်ခံ အစိုးရတရပ်ကို ရလုနီးပါး ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် တကယ်တမ်းမှာ အစိုးရက ဗြောင်လိမ်ခဲ့ပြီး ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် မပြုခဲ့ပါဘူး။ ပြည်သူတွေရဲ့ ဆန္ဒဟာ စစ်တပ်ရဲ့ အကျိုးစီးပွားနဲ့ ဆန့်ကျင်ဖက်ဖြစ်သွားတဲ့ အခါမှာတော့ ချောင်ထိုးထားခြင်း ခံလိုက်ရပါတယ်။ စစ်အစိုးရ အဆက်ဆက် လက်ထက်မှာ မြန်မာပြည်သူတွေ ခံစားခဲ့ရတဲ့ ဒုက္ခတွေထဲမှာတော့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုမှုက အဆိုးဆုံး ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

၂၀၀၈ ခုနှစ်မှာတော့ စစ်အစိုးရက ရွေးချယ်စေလွှတ်ထားသူတွေက ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အတည်ပြုခဲ့ပါတယ်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဒီမိုကရေစီနည်းလမ်း မကျတဲ့အပြင် စစ်တပ်ကို နိုင်ငံရေး အာဏာကို ဆက်လက် ဆုပ်ကိုင်ထားနိုင်စေတယ်ဆိုတဲ့ အကြောင်းတွေကြောင့် လူအများအပြားက ဆန့်ကျင်ခဲ့ကြတာပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၂၀၁၀ မှာ ရွေးကောက်ပွဲတရပ် ကျင်းပခဲ့ပြီး ဒီရွေးကောက်ပွဲဟာ စစ်တပ် ကျောထောက်နောက်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ကို ဘက်လိုက်မှုတွေ ရှိလိ့မ်မယ်ဆိုတဲ့ သံသယ ဖြစ်မှုတွေကြောင့် NLD အပါအဝင် အများအပြားက သပိတ်မှောက်ခဲ့ကြပါတယ်။ ထင်ထားတဲ့အတိုင်း ကြံ့ခိုင်ရေးပါတီက မဲ ၇၅ ရာခိုင်နှုန်းကျော် အနိုင်ရသွားတဲ့အခါမှာတော့ ဒီသံသယတွေကို ပိုသေချာသွားစေခဲ့ပါတယ်။

ဒီတခါမှာတော့ စစ်တပ်က ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုခဲ့ပါတယ်။ သူ့အနေနဲ့ အရပ်ဘက်အစိုးရ တရပ်အဖြစ် အာဏာကို တရားဝင် ဆက်လက်ဆုပ်ကိုင်ခွင့် ရသွားလို့ပါပဲ။

ဆယ်စုနှစ်ပေါင်းများစွာ ဒီမိုကရေစီရေးအတွက် ရုန်းကန်လာရပြီးတဲ့နောက်မှာ ဒီနေ့မြန်မာနိုင်ငံရဲ့ အခြေအနေက ဘယ်လိုရှိနေပါသလဲ။

လက်ရှိအစိုးရကတော့ ယခင်အစိုးရနဲ့ သိသိသာသာ ကွာခြားပါတယ်။ ယခင်အစိုးရကတော့ လုံး၀ စစ်အာဏာရှင် သက်သက်ပါ။

ဒါပေမယ့် တကယ်လို့ ၂၀၁၀ ရွေးကောက်ပွဲကသာ တရားမျှတမှု ရှိခဲ့မယ်ဆိုရင်တော့ အခုလက်ရှိ အစိုးရမှာ စစ်ဗိုလ်ချုပ်ကြီးဟောင်းတွေ အများကြီး ပါဝင်နေမှာတော့ မဟုတ်ပါဘူး။

သိပ်မကြာခင်မှာတော့ ဒီအတွက် အဖြေကို ရှာတွေ့လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ရပါတယ်။

လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲကို နောက်ဆုံးကျင်းပခဲ့တာ လွန်ခဲ့တဲ့ ၂၅ နှစ်က ဖြစ်ပါတယ်။ ဒီအချက်က လာမယ့်နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲပြီးနောက် ကာလတွေမှာ စိုးရိမ်ပူပန်မှုတွေ ဖြစ်စေနိုင်ပါတယ်။

မဲဆန္ဒရှင်တွေရဲ့ ဆန္ဒနဲ့ ခေတ်အဆက်ဆက် ပြည်သူတွေရဲ့  စွန့်လွှတ်အနစ်နာခံမှုတွေဟာ ဒီတကြိမ်မှာလည်း စစ်တပ်ရဲ့ အကျိုးစီးပွားနဲ့ ဆန့်ကျင်ဖက် ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ အကြောင်းကတော့ စစ်တပ်အနေနဲ့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီအတွက် အသင့်ဖြစ်နေခဲ့တာ ကြာပြီဆိုတဲ့ အချက်ကို လက်မခံချင်ပုံ ပေါ်နေလို့ပါပဲ။

တရုတ်ကွန်မြူနစ်ခေါင်းဆောင် မော်စီတုံး ပြောခဲ့ဖူးတဲ့ “အာဏာဆိုတာ သေနတ်ပြောင်းက လာတယ်” ဆိုတဲ့ စကားဟာ မြန်မာနိုင်ငံမှာ လက်တွေ့ဖြစ်နေခဲ့တာတော့ တော်တော်ကြာနေပြီ ဖြစ်ပါတယ်။

လက်ရှိအစိုးရနဲ့ တပ်မတော် ခေါင်းဆောင်တွေ အနေနဲ့ နိုင်ငံရေးအာဏာဆိုတာ တကယ်တမ်းမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတယ် ဆိုတာကို သက်သေပြဖို့ အခွင့်အရေး တရပ်ကတော့ လာမယ့်နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲ ပြီးဆုံးချိန်မှာ ရောက်လာမှာဖြစ်ပြီး ဒီရွေးချယ်မှုကို သူတို့ လုပ် မလုပ်ဆိုတာကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Loading