ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်(ဗကသ) ကျောင်းသားခေါင်းဆောင် တဦးဖြစ်သည့် ကိုလင်းထက်နိုင် သည် နိုဝင်ဘာ ၃ ရက် ညနေပိုင်း၌ ရန်ကုန်မြို့ အင်းစိန် ပန်းခြံရှေ့တွင် ဖမ်းဆီးခံခဲ့ရကြောင်း မိခင်ဖြစ်သူ ဒေါ်ကြည်မြင့် က ဧရာဝတီ ကို ပြောသည်။
ယနေ့ နေ့လယ်ပိုင်းတွင် ကမာရွတ်မြို့နယ် တရာရုံး၌ ရုံးထုတ် စစ်ဆေးပြီးနောက် အင်းစိန် အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပြီဖြစ် ကြောင်းလည်း ၎င်းက ပြောပြသည်။
“သူ့ကို ကမာရွတ် ရဲစခန်းက အမှုဖွင့်ထားတဲ့ အမှုတွဲအရ ဒီနေ့ ရုံးထုတ်တယ်။ နောက်အမှုတွဲ ၁ ခု ဖြစ်တဲ့ ပုဒ်မ ၁၈ နဲ့ဖွင့် ထား တဲ့ အမှုလည်းရှိတယ်လို့ ပြောတယ်။ အဲဒီအမှုအတွက် လာမယ့် နိုဝင်ဘာ ၁၁ ရက်မှာ ရုံးထုတ် စစ်ဆေးဦးမယ်လို့ ပြောပါတယ်” ဟု ကိုလင်းထက်နိုင်၏ မိခင်ဖြစ်သူက ပြောသည်။
ယနေ့ နံနက်ပိုင်းကလည်း ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ ကိုလင်းထက်နိုင်၏ အဒေါ်ဖြစ်သူနေအိမ်သို့ ရဲ အထူး သတင်း တပ်ဖွဲ့ (SB) မှ တာဝန်ရှိသူများ ရောက်ရှိလာပြီး ကွန် ပျူတာနှင့် စာရွက်စာတမ်းများအား မေးမြန်းရှာဖွေခဲ့ပြီးနောက် ကိုလင်းထက်နိုင်နှင့် ဇနီးဖြစ်သူ မဖြိုးဖြိုးအောင် တို့၏ မင်္ဂလာ လက်ဖွဲ့ရငွေ စုဆောင်းထားသည့် ဘဏ်စာအုပ်အား ပြန်လည် ပေးအပ်မည်ဟု ပြောဆိုကာ ယူဆောင်သွားကြောင်းလည်း သိရသည်။
ကိုလင်းထက်နိုင်သည် ဗကသ အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်၏ ခင်ပွန်းဖြစ်ပြီး မဖြိုးဖြိုးအောင် သည် ပြီးခဲ့သည့် မတ်လ ၁၀ ရက်က လက်ပံတန်းတွင် ဒီမိုကရေစီ ပညာရေး ပင်မသပိတ်စစ်ကြောင်း ဖြိုခွင်းခံခဲ့ရမှုတွင် ဖမ်းဆီးခံခဲ့ရကာ လက်ရှိအချိန်အထိ သာယာဝတီ အကျဉ်းထောင်၌ ထိန်းသိမ်းခံထားရပြီး တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။
လက်ပံတန်းမြို့၌ ကျောင်းသားများ အကြမ်းဖက်ဖြိုခွင်းခံရမှုအပြီး ကိုလင်းထက်နိုင်သည် နောက်တရက် မတ်လ ၁၁ ရက်တွင် ရန်ကုန်မြို့ လှည်းတန်းမှတ်တိုင်အနီး ပြည်လမ်းပေါ်၌ ကျောင်းသားများဆန္ဒပြရာ၌ ဦးဆောင်ပါဝင်မှုဖြင့် ရန်ကုန်မြို့ ကမာရွတ် မြို့နယ် ရဲစခန်း က အမှုဖွင့်ခဲ့သည့် ဗကသ ကျောင်းသားခေါင်းဆောင် ၆ ဦးတွင် တဦး အပါအဝင် ဖြစ်သည်။
အမှုဖွင့်ခံထားသူ ဗကသ ကျောင်းသားခေါင်းဆောင် ၆ ဦးမှာ ကိုကျော်ကိုကို၊ ကိုဝင်းကျော်မိုး၊ ကိုနန္ဒာစစ်အောင်၊ ကိုလင်းထက်နိုင်၊ ကိုထက်ခိုင်စိုးနှင့် မပိုပိုတို့ ဖြစ်ကြပြီး ၎င်းတို့ကို ကမာရွတ် ရဲစခန်းက ပုဒ်မ ၁၄၃၊ ပုဒ်မ ၁၄၅၊ ပုဒ်မ ၁၄၇ နှင့် ပုဒ်မ ၅၀၅(ခ) တို့ဖြင့် အမှုဖွင့် တရားစွဲဆိုထားသည်။
ကမာရွတ်ရဲစခန်က ဖမ်းဝရမ်းထုတ်ခံခဲ့ရသည့် ကျောင်းသားခေါင်းဆောင် ၆ ဦးအနက် ဗကသ ဥက္ကဋ္ဌ ကိုကျော်ကိုကို သည်လည်း ပြီးခဲ့သည့် အောက်တိုဘာ ၂၉ရက်က အာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။