ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးလှမင်း ဝင်ရောက်ယှဉ်ပြိုင်သော ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်တွင် အောက်တိုဘာလ ၂၉ ရက်နေ့မှ စတင် ခွင့်ပြု ခဲ့သော ကြိုတင်မဲများ အားလုံး ပယ်ဖျက်လိုက်ပြီး ကြိုတင်မဲ ပြန်လည်ပေးခိုင်းမည်ဖြစ်ကြောင်း ရွှေကျင် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းရီ က ပြောသည်။
ရွှေကျင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်က ယနေ့ နံနက်ပိုင်းတွင် နိုင်ငံရေးပါတီစံှမှ လွှတ်တော် ကိုယ်စားလှယ် လောင်း များ၊ ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့ဝင်များ အပါအဝင် အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များကို ခေါ်ယူတွေ့ဆုံ၍ ကြိုတင်မဲ ပြန်လည်ပေးရန် ညှိနှိုင်းဆွေးနွေးခဲ့ပြီး ကြိုတင်မဲ ပြန်လည်ပေးရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ အောက်တိုဘာလ ၂၉ ရက်နေ့က ကြိုတင်မဲစတင်ပေးတယ်။ ကြိုတင်မဲ ပေးရမယ့်သူတွေက မဲရုံဝန်ထမ်းတွေပေါ့။ အရပ် သားတွေ မပါဘူးပေါ့။ အခုက အရပ်သားတွေကလည်း ကြိုတင်မဲ လာပေးတာတွေ ရပ်ကျေးရုံးတွေမှာ တွေ့ရတယ်။ အဲဒါ တွေ က တရားမဝင်ဘူးဆိုတော့ ကျနော်တို့က အသစ်ပြန်ပေးဖို့ လုပ်တာပေါ့။ မဲရုံတိုင်းတော့ မဟုတ်ပါဘူး။ ကြိုတင်မဲ ပေးတဲ့ ရုံတွေလောက်ပါပဲ” ဟု ဦးဝင်းရီက ဆိုသည်။
လက်ရှိတွင် ရွှေကျင်တမြို့နယ်လုံးတွင် ကြိုတင်မဲ ပေးထားသည့် အရေအတွက်ကို ရွှေကျင်ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ မေးမြန်းသော်လည်း အသေးစိတ် ထုတ်ပြန်နိုင်ခြင်း မရှိသေးဟု သိရှိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွှေကျင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစောသလေးစောက
ကြိုတင်မဲ ပြန်လည် ပေးခိုင်းမှုအပေါ် နားမလည်နိုင်ဖြစ်ရကြောင်း သိရှိရသည်။
“သူတို့ပြောတာတော့ ရိုးသားစွာမှားယွင်းတာလို့ ပြောပါတယ်။ သူတို့လူတွေက ဥပဒေကို မသိလိုက်ဘဲ ကောက်ခံ လိုက်တဲ့အတွက် အခု သိသိချင်း ဥပဒေနဲ့ အညီ ဖြစ်ဖို့ ဆောင်ရွက်တာလို့ ပြောပါတယ်။ ဒါပေမယ့် ကျနော်သိထားတာက လူတယောက်ဟာ မဲတခါပဲ ပေးရမယ်ဆိုတဲ့ ဥပဒေ ရှိနေတော့ အခုက လူတယောက် နှစ်ခါ မဲပေးရမလို ဖြစ်နေပြီ” ဟု ဦးစောသလေးစော က ဆိုသည်။
ရွှေကျင်မြို့နယ်တွင် မဲရုံပေါင်း ၇၈ ရုံ ရှိပြီး၊ မဲပေးခွင့် ရှိသူ စုစုပေါင်း ၆၇၁၅၅ ဦး ရှိပြီး တပ်မတော်တပ်ရင်း ၅ ခု ရှိကြောင်း ရွှေကျင်မြို့နယ်မဲဆန္ဒနယ်တွင် ယှဉ်ပြိုင်မည့် ပါတီ အရေအတွက်မှာ ၈ ပါတီ ရှိပြီး ကိုယ်စားလှယ် စုစုပေါင်း ၂၉ ဦး ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရှိရသည်။
ကြံ့ခိုင်ရေးပါတီ၏ ရွှေကျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလှမင်းသည် ကာကွယ်ရေးဝန်ကြီး ဟောင်း၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်းဖြစ်သည်။