၂၀၁၅ ရွေးကောက်ပွဲမှာ အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) မဲအပြတ်အသတ်နိုင်လို့ အစိုးရဖွဲ့နိုင်ခဲ့ရင် သမ္မတအဖြစ် ဘယ်သူ့ကို လျာထားသလဲ၊ ဘယ်သူ့ကို တင်မြှောက်မလဲဆိုတာကို ပြည်သူလူထုက စိတ်ဝင်စားလျက် ရှိပါတယ်။
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀ဝ၈ အခြေခံဥပဒေနဲ့ တားမြစ်ထားတဲ့အတွက် သမ္မတမဖြစ်နိုင်တော့တဲ့ နောက်ပိုင်းမှာ NLD က ဘယ်သူပဲ သမ္မတဖြစ်ဖြစ် အစိုးရအဖွဲ့ကို သူကိုယ်တိုင် ဦးဆောင်မှာ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုထားတဲ့အတွက် NLD ရဲ့ သမ္မတလောင်းဟာဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ပွားလို့ ပြောလို့ရမယ့်သူမျိုး ဖြစ်ဖို့ လိုပါတယ်။
NLD သမ္မတလောင်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည်စိတ်ချမှုကို ရရှိဖို့လိုတဲ့အပြင် နိုင်ငံတကာ အတွေ့အကြုံရှိသူ၊ တပ်မ တော်နှင့် ဆက်ဆံရေး အဆင်ပြေသူ၊ ပါတီအတွင်းမှာလည်း ပုံရိပ်ကောင်းရှိပြီး အများရဲ့ လေးစားမှုကို ခံရသူနဲ့ မဲဆန္ဒရှင် ပြည်သူ လူထုကလည်း သဘောကျမယ့်သူမျိုးကို စဉ်းစားတဲ့အခါမှာ နိုင်ငံရေးလေ့လာသူတချို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစု ဆရာဝန်ဖြစ်တဲ့ ဒေါက်တာတင်မျိုးဝင်းကို ထည့်သွင်း ခန့်မှန်းလာကြပါတယ်။
ပထမပိုင်းမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း NLD နာယက ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး အရာရှိ ဦးဝင်းထိန်တို့ကို ခန့်မှန်းခဲ့ကြပေမယ့် ဧရာဝတီက တွေ့ဆုံမေးမြန်းကြည့်တဲ့အခါ ကာယကံရှင်တွေ ကိုယ်တိုင်က ကျန်းမာရေး အကြောင်းပြချက်နဲ့ ငြင်းဆိုကြလို့ NLD သမ္မတလောင်း ဘယ်သူဖြစ်မလဲဆိုတာ စိတ်ဝင်စားမှု ပိုမြင့်တက်လာခဲ့ပါတယ်။
သမ္မတလောင်းအဖြစ် ခန့်မှန်းခြင်းခံထားရတဲ့ ဒေါက်တာတင်မျိုးဝင်းကတော့ တိုင်းပြည်ကောင်းဖို့ အတွက်တာဝန်ပေးလာရင် သမ္မတ ရာထူးကို လက်ခံသွားမှာ ဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကိုပဲ ခံယူသွားမယ်လို့ ဧရာဝတီကို ပြောပါတယ်။
NLDရဲ့ မူဝါဒတွေဖြစ်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ အထွေထွေ သဟဇာတဖြစ်ရေးနဲ့ အာဃာတ ကင်စင်းရေးစတဲ့ မူတွေကို ဆုပ်ကိုင်ထားသူ ဘယ်သူမဆို သမ္မတဖြစ်လာတာကို ကြိုဆိုပြီး တိုင်းပြည်တည်ဆောင်ရေးအတွက် အချိန်တိုအတွင်းမှာ အများနဲ့ လုပ် ဆောင်နိုင်တဲ့သူ ဘယ်သူမဆို လူမှန်၊ နေရာမှန်ဖြစ်တယ်ဆိုရင် ထောက်ခံသွားမယ်လို့ ဆိုပါတယ်။
NLD ကျန်းမာရေး ကွန်ရက်မှ ဒေါက်တာကျော်စွာဦးက“ဆရာကြီးက လူတန်းစားမရွေးဘူး။ အားလုံးကို စောင့်ရှောက်တယ်။ ကျနော် တို့ကိုဆိုရင်လည်း သားသမီးတွေလိုပဲ သဘောထားတယ်။ သူ့အနေနဲ့ တိုင်းပြည်မှာ ဦးဆောင်သူတဦး ဖြစ်လာမယ် ဆိုရင်လည်း ဦးဆောင်နိုင်မယ်လို့ ထင်တယ်။ သူ့မှာ Capacity ရှိပါတယ်။ နောက်ပြီး နိုင်/ကျဉ်းတွေနဲ့ ပတ်သက်ပြီး ခေတ်ဆိုးခေတ်ကျပ်ထဲမှာ အနစ်နာခံကူညီပေးခဲ့တဲ့ လူတယောက်ပါ”လို့ ဧရာဝတီကို ပြောပါတယ်။
ဒေါက်တာတင်မျိုးဝင်း ဘယ်သူလဲ
ဒေါက်တာ တင်မျိုးဝင်းလို့ပြောရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဆရာဝန်အဖြစ် အားလုံးက မြင်ကြပါတယ်။
ဒေါက်တာတင်မျိုးဝင်းဟာ ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဖြစ်သလို NLD ကျန်းမာရေးကွန်ရက် ဥက္ကဋ္ဌ၊ ကရုဏာလရိပ်အဖွဲ့ ဥက္ကဋ္ဌ၊ လွှတ်တော်ရေးရာ ကော်မတီအဖွဲ့ဝင်၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အဖွဲ့ဝင်၊ မွတ်စလင် ကုသိုလ်ဖြစ် ဆေးရုံ ခွဲစိတ်ကုဌာန တာဝန်ခံ ဆရာဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရန်ကုန် ဆေးရုံကြီး အဆင့်မြင့်ရေး ကော်မတီမှာလည်း ဘဏ္ဍာငွေ ရှာဖွေရေး တာဝန်ခံ အဖြစ် တာဝန်ယူထားသူပါ။
၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီ အောင်နိုင်ရေးအတွက် တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယား ပြည်နယ်တို့အတွက် တာဝန်ယူထားရတဲ့ NLD ဗဟိုအောင်နိုင်ရေးအဖွဲ့ဝင် တဦးလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ဇနီးဖြစ်သူ ဒေါက်တာပြုံးမိုအိနဲ့အတူ ရန်ကုန်မြို့ ပုဇွန်တောင်မှာ နေပါတယ်။
၁၉၅၁ ခုနှစ်က တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ မွေးဖွားခဲ့တဲ့ ဒေါက်တာတင်မျိုးဝင်းဟာ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီး မပေါ်ပေါက် လာခင်အထိ ရန်ကုန်ဆေးရုံကြီးမှာ ဆရာဝန်တဦးအဖြစ် တာဝန်ထမ်းဆောင်နေသူပါ။ ဒါပေမယ့် ၈ လေးလုံး အရေးတော်ပုံကြီး ပေါ်ပေါက်လာတဲ့အခါ ရန်ကုန်ဆေးရုံကြီးမှာသပိတ်ကြီးကြပ်မှု ကော်မတီကို ဦးဆောင်ဖွဲ့စည်းခဲ့ပြီး အဲဒီကော်မတီမှာ ဆရာဝန်နဲ့ ဆေးရုံဝန်ထမ်းတွေ အပါအဝင် အဲဒီကာလတုန်းက ပေါ်ပေါက်လာတဲ့ ကျောင်းသား အခြေပြုတဲ့ သမဂ္ဂမျိုးစုံလည်း ပါဝင်ခဲ့ပါတယ်။
ဒီသပိတ်ကြီးကြပ်မှု ကော်မတီမှာ ဒေါက်တာတင်မျိုးဝင်းက ဥက္ကဋ္ဌ တာဝန်ယူပြီး ဆောင်ရွက်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ နိုင်ငံရေးအရ ပိုအမြော်အမြင်ရှိတဲ့ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖိတ်ခေါ်ပြီး ခေါင်းဆောင်တင်ခဲ့တယ်လို့ သူက ဆိုပါတယ်။
“နောက်ပိုင်းကျ ၈၈ စက်တင်ဘာမှာ NLD ဖွဲ့တဲ့အခါကျတော့ အန်တီစုက ဆရာ့ကို ခေါ်တာပေါ့၊ ဆရာ့ကို ပေးပါပေါ့။ သူတို့ NLD အ တွက် ဆိုပြီးတော့ ဆရာရယ်၊ ဦးအောင်လွင်ရယ်၊ ဒါရိုက်တာမောင်မိုးသူ၊ သက်မင်းရယ် ၄ ယောက်။ တချို့က CC ၊ တချို့က CEC အ နေနဲ့ ဝင်ခဲ့ကြတယ်။ အဲဒီအချိန်ကစပြီးNLD ကို ရောက်သွားတာပဲ”လို့ ဒေါက်တာတင်မျိုးဝင်းက ဧရာဝတီကို ပြောပါတယ်။
၁၉၈၈ ခုနှစ်မှာ NLD စတင်ဖွဲ့စည်းတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် NLD မှာပါဖို့ ဖိတ်ခေါ်ခဲ့တာဖြစ်ပြီး အဲဒီနှစ်မှာပဲ ဒေါက်တာ တင်မျိုးဝင်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဆရာဝန် ဖြစ်လာခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်မှာတော့ အင်းစိန်ထောင်မှာ ၄ နှစ်ကြာ ထိန်းသိမ်းခံရပြီး ၁၉၉၂ ခုနှစ်မှာ ပြန်လည် လွတ်မြောက်လာပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် နေခဲ့ရတဲ့ ကာလတွေအတွင်းမှာလည်း မိသားစု ဆရာဝန်ဖြစ်တဲ့ ဒေါက်တာ တင်မျိုးဝင်း ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန် တွေ့ဆုံခွင့်ရခဲ့တဲ့အတွက် နိုင်ငံရေးနဲ့ ပါတီတွင်း သတင်းအချက်အလက်တွေအတွက် ပေါင်းကူး ပေးခဲ့ရသူလို့ ဆိုနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်မှုရှိပြီး ယုံကြည်စိတ်ချမှုလည်းခံရသူ ဖြစ်တယ်လို့ နိုင်ငံရေး အသိုင်း အဝိုင်းက ဧရာဝတီကို ပြောပါတယ်။
နိုင်ငံရေးလောကမှာလည်း လူလုံးထွက်မပြဘဲ ခပ်ရှိုရှိုသာနေတတ်တဲ့ ဒေါက်တာတင်မျိုးဝင်းက နိုင်ငံရေးအလုပ်တေ ွထက်စာရင် အခု လက်ရှိ သူတာဝန်ယူထားတဲ့ NLD ကျန်းမာရေး ကွန်ရက် လုပ်ငန်းတွေ လုပ်ရတာ ပိုသဘောကျတယ်လို့ ဆိုပါတယ်။
“အမျိုးသား ကျန်းမာရေးကွန်ရက်က အန်တီက တာဝန်ပေးတာ။ ဆရာတို့က တိုင်း ၄ တိုင်းနဲ့ ပြည်နယ် ၃ ခုကိုသွားပြီးပြီ။ နောက်တခုက ဘာပဲပြောပြော ဆရာတို့က အတိုက်အခံပါတီအနေနဲ့ ကျန်းမာရေးမူဝါဒ ရေးဆွဲပြီးပြီ။ နောက်ပြီးတော့ ကျန်းမာရေး ကွန်ရက်ဆိုပြီး ဆရာတို့မသွားနိုင်တဲ့ ပြည်နယ်တွေ တိုင်းတွေမှာလည်းကျန်းမာရေးကွန်ရက်နဲ့ ချိတ်ဆက်ပြီးတော့ ဆေးကုတာတွေ ဆေးခန်း ဖွင့်တာတွေ လုပ်တယ်”လို့ သူက ဆိုပါတယ်။
နောက်တခုကတော့ ၁၉၉၂ ခုနှစ်မှာ သူထောင်က လွတ်လွတ်ပြီးချင်းမှာပဲ ရန်ကုန်မြို့ မဟာဗန္ဓုလလမ်း(ဘားလမ်း)မှာရှိတဲ့ မွတ်စလင် ကုသိုလ်ဖြစ် ဆေးရုံမှာ စေတနာ့ဝန်ထမ်း ဆရာဝန်အဖြစ် ဝင်ရောက်လုပ်အားပေးခဲ့တာ အခုဆိုရင် ၂၃ နှစ် ရှိပြီလို့ သိရပါတယ်။
ဒေါက်တာ တင်မျိုးဝင်း ဝင်ရောက် လုပ်အားပေးခဲ့တဲ့ မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံဟာ လူနာတွေကို အခမဲ့ ဆေးဝါး ကုသပေး ရုံသာမက အစားအသောက်ပါ ထောက်ပံ့ပေးတဲ့အတွက် အခြေခံလူတန်းစားတွေ အားကိုးတဲ့ ဆေးရုံတခု ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အဲဒီခေတ် ကာလတွေတုန်းက“စရိတ်မျှပေးကျန်းမာရေး”လို့ ခေါ်တဲ့ အစိုးရဆေးရုံ၊ ဆေးခန်းတွေက လူနာတွေကို ဆေးကုသ၊ ဝန်ဆောင်မှုတွေ ပေးခဲ့ပေမယ့် လူနာအတွက် လိုအပ်တဲ့ ပတ်တီးကအစ ဂွမ်းအဆုံး အကုန်ဝယ်သုံးရတာ ဖြစ်လို့ အခြေခံ လူတန်းစားတွေဟာ အစိုးရဆေးရုံ၊ ဆေးခန်းဆိုရင် မသွားချင်ကြပါဘူး။
မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံကတော့ ဘဏ္ဍာငွေလည်း အထိုက်အလျောက် တောင့်တင်းတဲ့အတွက် အဲဒီမှာ ဒေါက်တာတင်မျိုးဝင်း လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်ချက်ကတော့ စစ်အစိုးရရဲ့ဖိနှိပ်မှုအောက်က နိုင်ငံရေးအကျဉ်းသားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို အခမဲ့ ဆေးကုသပေးပြီး စောင့်ရှောက်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒေါက်တာတင်မျိုးဝင်းက“NLD က လွတ်လာတယ်။ တိုင်းရင်းသားတွေ လွတ်လာတယ်။ ဦးအေးသာအောင်တို့ ဦးခွန်ထွန်းဦးတို့ပါ ဆရာ့ ဆေးရုံမှာ ကုခဲ့တယ်။ တိုင်းရင်းသားတွေရော၊ သံဃာတွေရော၊ သီလရှင်တွေရောဗုဒ္ဓဘာသာမက နိုင်ငံရေးအကျဉ်းသားတွေ အားလုံး မိသားစုတွေပါ လုပ်ပေးနိုင်ခဲ့တယ်။ ဆရာတို့ဆေးခန်းက အကုန်လုံး အခမဲ့အပြင် လူနာအတွက် အစားအသောက်က အစ အကုန် တာဝန်ယူ လုပ်ပေးတာ”လို့ ဆိုပါတယ်။
စစ်အစိုးရ လက်အောက်မှာ ဖိနှိပ်ခံခဲ့ရတဲ့ နိုင်ငံရေးသမားတွေကို တာဝန်ကျေခဲ့တဲ့သူဟာ ဒေါက်တာတင်မျိုးဝင်းဖြစ်ပြီး မွတ်စလင် ကုသိုလ်ဖြစ် ဆေးရုံ၊ နိုင်ငံရေးအကျဉ်းသားနဲ့ ဒေါက်တာတင်မျိုးဝင်းတို့ ၃ ခုဟာ တိုက်ရိုက်အချိုးကျနေတယ်လို့ နိုင်ငံရေး အသိုင်းအဝိုင်းက ပြောပါတယ်။
နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ အတွင်းရေးမှူး ဦးထွန်းကြည်က“ကြိုက်တဲ့ နိုင်ငံရေးအကျဉ်းသားထောင်က ထွက်လာ။ ပထမဦး ဆုံး သူ(ဒေါက်တာတင်မျိုးဝင်း)နဲ့တွေ့တာပဲ။ ဘာလို့လဲဆိုတော့ ဘားလမ်း မွတ်စလင်ကုသိုလ်ဖြစ် ဆေးရုံကိုသွား။ အဲဒီမှာ ဒေါက်တာ တင်မျိုးဝင်းက ကျန်းမာရေးနဲ့ ပတ်သက်တဲ့ စစ်ဆေးမှုတွေ မှန်သမျှ အကုန်လုပ်ပေးတယ်။ အခုချိန်အထိလည်းလုပ်ပေးနေတုန်းပဲ”လို့ ဆိုပါတယ်။
နိုင်ငံရေး အကျဉ်းသားတွေကို အမြဲတာဝန်ယူ ကုသပေးခဲ့လို့ စစ်အစိုးရရဲ့ ငြိုငြင်မှုကို ခံခဲ့ရပြီး မွတ်စလင် ကုသိုလ်ဖြစ် ဆေးရုံ အုပ်ချုပ် ရေး အဖွဲ့ဟာလည်း ဖိအားအမျိုးမျိုး ပေးခံခဲ့ရသလို သူ့ကိုလည်း ထောက်လှမ်းရေးတဦးက အနားမှာလာပြီး အမြဲတမ်း အနီးကပ် စောင့်ကြည့်ခဲ့တာလို့ ဒေါက်တာ တင်မျိုးဝင်းက ပြောပါတယ်။
“လူတယောက်ရဲ့စေတနာသည် လူတယောက်ရဲ့ ကံပဲ။ ဆရာတို့က စေတနာမှန်တာ။ လုပ်ချင်ရင် အပြင်မှာ ဆေးခန်းသွားထိုင်မှာပေါ့။ ဆရာ လူတယောက်ကိုခွဲရင် တသိန်းရတယ်လေ။ အဲဒီတော့ တပတ်ကို ၅ ရက်ပဲခွဲ ၁၀ သိန်း၊ တလကို သိန်း ၄၀၊ ဆရာ့မှာ သားသမီး လည်း မရှိဘူး။ ကြည့်ရမယ့်သူလည်း မရှိဘူး။ ဘာဂရုစိုက်စရာလိုလဲ။ ဒါပေမယ့် ဒီမှာလုပ်တယ်ဆိုတာ ပိုက်ဆံမဟုတ်ဘူးလေ၊ ကုသိုလ် ဖြစ်။ အဲဒီတော့ စေတနာမှန်ရင် ကံကောင်းမယ်လို့ ဆရာယုံကြည်တယ်”လို့ ဒေါက်တာတင်မျိုးဝင်းက ပြောပါတယ်။
နောက်ပိုင်းမှာတော့ ဒေါက်တာတင်မျိုးဝင်းဟာအဲဒီမွတ်စလင်ကုသိုလ်ဖြစ် ဆေးရုံမှာထောက်လှမ်းရေးအဖွဲ့တွေ အပါအဝင် သတင်း တပ်ဖွဲ့က ရဲမှူးကြီးတွေကိုပါ ခွဲစိတ်ကုသမှုတွေ လုပ်ပေးခဲ့ပါတယ်။
“ကျနော့်မှာ အာဃာတမရှိဘူး။ တိုင်းပြည်ဖွံ့ဖြိုးဖို့အတွက် အကုန်လုံးပေါင်းလုပ်ဖို့ လိုတယ်”လို့ သူက ဆိုပါတယ်။
အခုလိုခွဲစိတ် အထူးကုဆရာဝန်ကြီး ဖြစ်လာဖို့အတွက် ငယ်စဉ်က လူရည်ချွန်တဦး ဖြစ်ခဲ့တဲ့ ဒေါက်တာတင်မျိုးဝင်းဟာ ၂၀၁၄ ခုနှစ်မှာ လူရည်ချွန် ညီလာခံ ပြန်လုပ်တော့ လူရည်ချွန် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရပါတယ်။ မြန်မာနိုင်ငံမှာ ၁၉၆၀ ခုနှစ် ကနေ ၈၈ ခုနှစ် အထိ လူရည်ချွန် ၅၀ဝ၀ ကျော်ကို အစိုးရက ထောက်ပံ့ချီးမြင့်ခဲ့တဲ့ အစဉ်အလာ ရှိခဲ့ဖူးပါတယ်။
အဲဒီလူရည်ချွန် အလုပ်အမှုဆောင် ကော်မတီမှာ လူပုဂ္ဂိုလ် ၃၂ ဦးပါဝင်ပြီး လူရည်ချွန် နာယက ဖြစ်သူကတော့ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းပါ။ ကော်မတီမှာ ကျန်းမာရေးဝန်ကြီးဟောင်း ဒေါက်တာဖေသက်ခင်၊ ပညာရေးဝန်ကြီး ဒေါက်တာခင်စန်းရီ၊ ဘဏ္ဍာရေးဝန်ကြီးဗိုလ်ချုပ် ဟောင်းဦးဝင်းရှိန် အပါအဝင် လက်ရှိဆေးဘက်ဆိုင်ရာ တပ်မတော်အရာရှိတွေနဲ့ ဒုဝန်ကြီးတွေ ဖြစ်တဲ့ ဒေါ်မြတ်မြတ်အုန်းခင်တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။
“ပြောချင်တာကဆရာတို့ မော်ဒယ်လ်အဖြစ် ပြချင်တာ၊ အားလုံးအတွက်ဆို အားလုံးပေါင်းလုပ် နိုင်ရမယ်။ အခု ဝန်ကြီးတွေလည်း ပါတယ်လေ။ တပ်မတော်အရာရှိတွေလည်း ပါတယ်။ ပညာရှင်တွေလည်း ပါတယ်။ ဝါသနာပါတဲ့လူတွေလည်း ပါတယ်။ နောက် အနု ပညာရှင်တွေပါတယ်။ အာလုံး ဆုံပြီးတော့ ဝိုင်းလုပ်တဲ့အခါကျတော့ ဒီလူရည်ချွန် အစီအစဉ်က တော်တော်လေး အောင်မြင်တယ်။ လူပေါင်းကို သောင်းချီပြီးတော့ ကုသတယ်။ အခမဲ့ပဲ ဒါလည်း။ ဒါလေးကိုဆရာတို့က နမူနာ ပြောပြတာပါ”လို့ ဒေါက်တာ တင်မျိုးဝင်း ပြောပါတယ်။
နိုင်ငံတကာ အတွေ့အကြုံတွေအနေနဲ့ နိုင်ငံ ၁၀ ခု လောက်အထိ သွားရောက်ခဲ့ဖူးပြီး ရန်ကုန် ဆေးရုံကြီး အဆင့်မြှင့်တင်ဖို့အတွက် ဗြိတိန်နိုင်ငံကို လေ့လာရေးခရီး သွားရောက်ခဲ့သလို ကာတာ၊ ဂျပန် နဲ့ ဩစတြေးလျ နိုင်ငံတွေကိုလည်း သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အမေရိကန် ပြည်ထောင်စုမှာ ပြုလုပ်ခဲ့တဲ့ ငှက်ဖျားညီလာခံကိုလည်း သမ္မတဦးသိန်းစိန်ရဲ့ ကျန်းမာရေး အကြံပေး ဒေါ်နုနုသာ၊ တပ်မတော်မှ ဗိုလ်မှူးချုပ် စောလွင်၊ ဗိုလ်မှူးချုပ် တင်မောင်လှိုင်၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့အတူ NLD ကျန်းမာရေးကွန်ရက် ဥက္ကဋ္ဌအဖြစ် သွားတက်ခဲ့သေးတယ်လို့ ဒေါက်တာတင်မျိုးဝင်းက ဆိုပါတယ်။
“ဒါလည်းဆရာတို့ ဝိုင်းလုပ်တဲ့သဘောပဲ။ ဝန်ကြီးဌာနပါတယ်။ တိုင်းရင်းသားခေါင်းဆောင်ပါတယ်။ တပ်မတော်အရာရှိတွေ ပါတယ်။ ဆရာတို့လိုမျိုးပါတယ်။ NLD ကပြောထားတယ် မဟုတ်လား။ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ အာဃာတကင်းစင်ရေး၊ သဟဇာတ ဖြစ်ရေးဒါတွေကို ဆရာတို့က နမူနာလုပ်ပြတဲ့ သဘောပဲ”လို့ သူက ဆိုပါတယ်။
တပ်မတော်ကိုလည်း မြန်မာ့နိုင်ငံရေးမှာ အရေးကြီးတဲ့ အဖွဲ့အစည်းတခုအဖြစ် လက်ခံပြီး နိုင်ငံတိုးတက်ဖို့အတွက် တပ်မတော်နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ဆန္ဒရှိကြောင်း၊ ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့လည်း ယုံကြည်ကြောင်း ဆိုပါတယ်။
ဒေါက်တာတင်မျိုးဝင်းက“ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲအလွန်ကာလမှာ တိုင်းပြည် ပြုပြင်ဖို့လိုတယ်ဆိုတာ လူတိုင်း လက်ခံ ထားတယ်။ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ဘာမှ ငြင်းနေစရာ မလိုဘူး။ အဲဒီလိုရှေ့ဆက်သွားတဲ့အခါ ဘယ်လိုပေါင်း လုပ်ကြမလဲ၊ သူ့ဟာနဲ့သူ ပါလာကြမှာပဲ။ တယောက်နဲ့တယောက် အကုန်လုံး မတော်နိုင်ဘူး။ အားလုံးပေါင်းလုပ်မှ ရမယ်”လို့ ဆိုပါတယ်။