မိုးကာစဖြင့် အလျားလိုက် တဲများဆောက်လုပ်ထား၍ အဝေးမှ လှမ်းကြည့် ပါက ပွဲဈေးတန်းဟု လူအများ ထင်ကောင်း ထင်နိုင် သည့် နေရာတခု ဖြစ်သည်။
အနီးရောက်သွားသည့်အခါ ညစ်ပတ်နေသည့် အဝတ်များကို ဝတ်ဆင်ထားပြီး တချို့ကလေးများသည် အဝတ်ပင် မဝတ်ဆင်နိုင်ကြ သည်ကိုလည်း တွေ့ရသည်။
ကလေးငယ်များက အပူအပင်ကင်းကာ ပြေးလွှားဆော့ကစားနေကြပြီး စစ်ပွဲဖြစ်သည်ကိုလည်း မသိရှိကြ၊ ထိုနေရာသို့ ဘာကြောင့် ရောက်လာရသည်ကိုလည်း မသိကြပေ။
ဒုက္ခသည်များနေထိုင်သည့် တဲရှေ့တွင် အုတ်ခဲဖြင့် ယာယီ မီးဖိုများပြုလုပ်ထားပြီး ထမင်းဟင်းများ ချက်ပြုတ်စားသောက် နေသည် ကို တွေ့ရသည်။
ထိုနေရာသည် ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှူးမြို့နယ် အတွင်း ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော်မြောက်ပိုင်း (SSPP/SSA)နှင့် အစိုးရ တပ်မတော် တို့ အောက်တိုဘာ ၆ ရက်နေ့မှာ စတင်သည့် တိုက်ပွဲများပြင်းထန်မှုကြောင့် ထွက်ပြေးလာရ သော စစ်ဘေးရှောင်ဒုက္ခသည် များ ခိုလှုံနေသည့် ဒုက္ခသည် စခန်းဖြစ်သည်။
ဒုက္ခသည် စခန်းသည် မိုင်းရှူးမြို့နှင့် ၁၀ မိုင်ခန့်သာ ဝေးကွာသည့် ဟိုင်းပါ ကျေးရွာ ဘုန်းကြီးကျောင်း စစ်ဘေးရှောင် ဒုက္ခသည် စခန်းတခုဖြစ်ပြီး ဒုက္ခသည် ၁၂၀၀ ကျော်ရှိနေသည်။
စစ်ဘေးရှောင် ဒုက္ခသည်များမှာ လီဆူး လူမျိုး၊ ပလောင်(တအာင်း) လူမျိုး၊ ရှမ်း လူမျိုးတို့ ဖြစ်ကြသည်။
ဒုက္ခသည်များသည် မိုင်းရှူးမြို့နယ် နှင့် ကျေးသီးမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် ဝမ်ဆော့၊ နမ့်ပါမုန်း၊ နောင်ခတ်၊ နောင်ပေ၊ ဝမ်ဆွဲ့၊ တာဆမ်ပူး၊ ကျေးရွာများမှ ထွက်ပြေးလာသည့် ဒုက္ခသည်များ ဖြစ်သည်။
ဒုက္ခသည်များထဲတွင် အသက်အကြီးဆုံး ၈၀ ဝန်းကျင်ရှိ သကဲ့သို့ မွေးကင်းစ ကလေးငယ်များလည်း ရှိကြပြီး ဒုက္ခသည်တချို့သည် ထော်လာဂျီဖြင့် လာရောက်ကြသလို တချို့ ဒုက္ခသည်များသည် လမ်းလျှောက်ကာ စစ်ဘေးရှောင် စခန်းသို့ ရောက်လာကြသည်။
စစ်ဘေး ဒုက္ခသည် အသက် ၆၀ ကျော် လီဆူး အမျိုးသမီးကြီး ဒေါ်အာဂျီးမီး က“လက်နက်ကြီးသံကြားတာ မိုးကြိုးပစ်သံလိုပဲ အရမ်း ကျယ်တယ်။ ကြောက်ကြောက်နဲ့ ထွက်ပြေးလာရတာ။ ဒီလို အဖြစ်မျိုး တခါမှ မကြုံဖူးဘူး။ ရွာပြန်ချင်တယ်၊ ဒါပေမယ့် တောထဲမှာ တိုက်ပွဲပြန်ဖြစ်မှာ စိုးလို့ မပြန်ရဲဘူး”ဟု ဧရာဝတီကို ပြောပြသည်။
လက်နက်ကြီးသည် ရွာအတွင်းသို့ မကျရောက်သော်လည်း ရွာ အနီးတွင် ကျခဲ့သဖြင့် ကျေးရွာတွင်နေထိုင်သူ အားလုံး ထွက်ပြေး လာရခြင်းဖြစ်ကြောင်း၊ ထွက်ပြေးလာချိန်တွင်လည်း သေနတ်သံများ ကြားနေရကြောင်း၊ တချို့ ဝက်မွေးသည့်သူများ ရွာ၌ ကျန်ခဲ့ကြောင်း ကိုလည်း ဒေါ်အာဂျီးမီးက ပြောသည်။
နမ့်ပါမုန်းကျေးရွာမှ ထွက်ပြေးလာသည့် အသက် ၇၀ ကျော် အဘွားအို တဦးကလည်း“ကျမ လမ်းလျှောက်လို့ မရဘူး။ ကလေးတွေက ကျမကို ကျောပိုးပြီး ပြေးလာရတယ်။ သေနတ်သံတွေ ဗုံးသံတွေကလည်း အကျယ်ကြီးဆိုတော့ ကြောက်ကြောက်နဲ့ ထွက်ပြေး ရတယ်”ဟု ရှမ်းဘာသာ စကားဖြင့် ပြောပြသည်။
စစ်ဘေးရှောင်စခန်းတွင် အိပ်ရသည်မှာ မြေကြီးပေါ် မိုးကာ ခင်းပြီး အိပ်စက်ရသည့်အတွက် ကျောနာ၍ နေမကောင်း ဖြစ်နေကြောင်း၊ ရွာကို ဘယ်နေ့ပြန်ရမည်ကိုလည်း မသိရှိသဖြင့် စိတ်ဆင်းရဲနေကြောင်းလည်း အဘွားအိုက ပြောသည်။
တိုက်ပွဲကြောင့် ထွက်ပြေးလာရသည့် ကိုယ်ဝန်သည် အမျိုးသမီး ၄ ဦးသည်လည်း တောထဲ၌မွေးဖွားခဲ့ရသကဲ့သို့ စစ်ဘေးရှောင် စခန်းတွင်ပင် မွေးဖွားရသည့် အမျိုးသမီးများလည်း ရှိသည်။
တောထဲတွင် ကလေးမွေးခဲ့သည့် အမျိုးသမီးများမှာ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် မွေးဖွားခဲ့ရပြီး ဟိုင်းပါ ဒုက္ခသည် စခန်းတွင် စစ်ဘေး ရှောင် အမျိုးသမီး ၆ ဦး ကိုလည်း ကလေးမွေးပေးခဲ့ရကြောင်း ဟိုင်းပါး ကျေးရွာ စစ်ရှောင်စခန်းတွင် ကျန်းမာရေး ဆောင်ရွက်ပေး နေသည့် နန်းဆိုင်ဟိန်း က ဧရာဝတီသို့ ပြောသည်။
“ကျမတို့က တနေ့တကြိမ်တော့ လာကြည့်ပေးတယ်။ ဒုက္ခသည်အများစုက ခေါင်းကိုက်၊ နှာစေး၊ သွေးတိုး တွေများတယ်။ အမျိုးသမီးတွေ မီးဖွားရင်လည်း ကျမတို့ပဲ မွေးပေးရပါတယ်”ဟု နန်းဆိုင်ဟိန်း က ဆိုသည်။
တိုက်ပွဲကြောင့် ကိုယ်ဝန်ရင့်မာနှင့် ထွက်ပြေးလာသည့် အမျိုးသမီးများကို လည်းတွေ့ရသည်။
ဟိုင်းပါကျေးရွာတွင်ပင် ကလေးမွေးသည့် အမျိုးသမီး တဦးကလည်း“ကျမ ထွက်လာတုန်းက ကိုယ်ဝန်ကြီးနဲ့။ သေနတ်သံ ကလည်း ကြားနေရတော့ ကြောက်ကြောက်နဲ့ လွတ်အောင်ပြေးရတာပါပဲ။ ကလေးကတော့ ဒီ ဟိုင်းပါမှာပဲမွေးတာ အခု ရက်သားပဲ ရှိပါသေး တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယခုရာသီချိန်သည် လယ်သမားများ လယ်ယာ ရိတ်သိမ်းချိန်၊ ပြောင်းစိုက်ပျိုးသည့် သူများအတွက်လည်း ပြောင်းချိုးသည့် အချိန် ကာလဖြစ်သော်လည်း လယ်ယာများကို စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရခြင်း ဖြစ်သည်။
“ကျနော်ဒီနှစ်တော့ လယ်တွေ ပျက်စီးပြီ။ စပါးရိတ်ချိန် မရိတ်ရဘူး။ ကျွဲတွေ နွားတွေလည်း ဒီတိုင်းလွှတ်ထားရတယ်။ အချိန်မရွေး လက်နက်ကြီး ကျနိုင်တယ်လေ။ တိုက်ပွဲတွေ မြန်မြန်ပြီးစေချင်ပြီ။ လယ်တွေ ပြန်သွားကြည့်ချင်တယ်”ဟု စစ်ဘေးရှောင် ဒုက္ခသည် ဦးအာသား က ပြောသည်။
လက်ရှိ စစ်ဘေးရှောင် စခန်းတွင်နေထိုင်သည့် ဒုက္ခသည်များကို နမ့်ခုံး ရှမ်းပရဟိတ အဖွဲ့အစည်း၊ မိုင်းရှူးမြို့ ဒေသခံများ၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) နှင့် ရှမ်းလူငယ်များ ကွန်ရက်မှ လာရောက်ကူညီ ကြကြောင်း၊ သက်ဆိုင်ရာ အစိုးရ အာဏာပိုင်များကမူ လာရောက်ကြည့်ရှုခြင်းမရှိသေးကြောင်းကိုလည်း ဦးအာသားက ပြောဆိုသည်။
ထိုစစ်ပွဲသည် တလ နီးပါးကြာလာသော်လည်း လက်ရှိ အချိန်ထိ SSPP/SSA ဋ္ဌာနချုပ် တည်ရှိရာ ဝမ်ဟိုင်းကျေးရွာနှင့် မိုင်းနောင် ကျေးရွာ အနီးတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်ကာ ဒေသခံများ ဆက်လက် တိမ်းရှောင် နေကြရသည်။
မိုင်းရှူးမြို့နယ် ဝမ်ဆော့ကျေးရွာ ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင် ဒုက္ခသည် ၁၅၀၀ ကျော်၊ ဟိုင်းပါ ဘုန်းကြီးကျောင်းတွင် ၁၂၀၀ ကျော်၊ မိုင်းနောင် ကျေးရွာတွင် ၁၀၀ ကျော်၊ မိုင်းရှူးမြို့အတွင်းတွင် ဒုက္ခသည် ၃၀၀ ခန့် ရှိပြီး လက်ရှိ ဝမ်ဟိုင်းကျေးရွာမှ ထွက်ပြေးလာသည့် ဒုက္ခသည် ဦးရေကိုမူ မသိရှိရသေးပေ။
“ရှမ်းပြည်နယ်မှာ ဒီလောက်များတဲ့ ဒုက္ခသည် ဦးရေ တခါမှ မရှိခဲ့ဘူး။ စာရင်းအရ စစ်ဘေးရှောင် ပြည်သူ ၃၀၀၀ ကျော်လောက်ရှိမယ်။ အစိုးရပိုင်းက လုပ်တော့လုပ်ပေးတယ်။ အားနည်းချက်တော့ ရှိတာပေါ့။ ကျနော်တို့လို ထဲထဲဝင်ဝင် မလုပ်ပေးနိုင်ဘူး”ဟု နမ့်ခုံးရှမ်းများ ပရဟိတ မိုင်းရှူမြို့ အဖွဲ့ မှ ဦးစိုင်းစိန်မြင့် က ဧရာဝတီသို့ ပြောသည်။
အစိုးရပိုင်းအနေဖြင့် စစ်ဘေးရှောင် ဒုက္ခသည် စခန်းများသို့ သွားရောက်ရန်အတွက် အဆင်မပြေကြောင်း၊ ပြည်သူများနှင့် ထိတွေ့၍ မကူညီနိုင်ကြောင်းလည်း ဦးစိုင်းစိန်မြင့်က ပြောပြသည်။
“ပြည်သူတွေက ငြိမ်းချမ်းရေးကိုပဲ လိုလားတယ်။ ဒီအချိန်က ပြည်သူတွေ စပါးသိမ်းတဲ့အချိန် ငြိမ်းချမ်းရေးပဲ လိုလားတယ်။ ဒီလို အချိန် မှာ စပါးမရိတ်ရင် စပါးတွေပျက်မယ်။ သူတို့အိမ်တွေလည်း အထိန်းအကွပ် မရှိတော့ ပျက်စီးကုန်ပြီ။ တကယ်လို့ ရွာပြန်သွားရင်တောင် သူတို့အတွက် စားသောက်ဖို့ ခက်ခဲနေဦးမှာ”ဟု ၎င်းက ထပ်မံပြောဆိုသည်။
တိုက်ပွဲကြောင့် ထွက်ပြေးလာသည့် ဒုက္ခသည်တချို့သည် စားဝတ်နေရေးအတွက် မိုင်းရှူးမြို့အနီးရှိ ပြောင်းခင်းတွင် နေ့စားအဖြစ် ဝင်လုပ်ကြကြောင်း၊ တရက်ကို တဦးလျှင် ၂၅၀၀ ကျပ်ရကြောင်း၊ ယခုရက်ပိုင်းတွင် မိုးများ ရွာသွန်းမှုကြောင့် ဟိုင်းပါ ဒုက္ခသည် စခန်းမှ ဒုက္ခသည်များအတွက် နေထိုင်ရန် ခက်ခဲမှု ဖြစ်ပွားနေကြောင်းကိုလည်း စစ်ဘေးရှောင်များကို လိုက်လံ ကူညီပေးနေသည့် SNLD မိုင်းရှူးမြို့ ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ်လောင်း နန်းကောင်ခမ်း ကလည်း ပြောပြသည်။
“အခုတလော မိုးတွေရွာတော့ ဒုက္ခသည်တွေ နေထိုင်ဖို့ ခက်ခဲနေတယ်။ သူတို့အတွက် တဲတွေပြန်ဆောက်ပေးဖို့ လုပ်ပေးနေတယ်။ ဝါးတွေ လိုက်ဝယ်ပေးနေရတယ်။ သူတို့ က မြေကြီးပေါ်မှာ မိုးကာပဲခင်းပြီးနေရတာလေ။ နောက်ရက်တွေဆို နေထိုင် မကောင်း တာ တွေ အဖြစ်များလာနိုင်တယ်”ဟု နန်းကောင်ခမ်းက ဆိုသည်။
SSPP/SSA နှင့် အစိုးရတပ်သည် ယနေ့တိုင် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေသည့်အတွက် ဒုက္ခသည်များ တနေ့ထက် တနေ့ ပိုတိုး လာကြောင်း စစ်ဘေးရှောင် ဒုက္ခသည်များကို သွားရောက်ကူညီနေသည့် မိုင်းရှူးမြို့ဒေသခံများကလည်း ပြောပြကြသည်။
တိုက်ပွဲနှင့် ပတ်သက်ပြီး SSPP/SSA ပြောရေး ဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစိုင်းလက“ကျနော်တို့ အဖွဲ့အစည်းအားလုံး ကျနော်တို့ လူကြီး တွေ သုံးသပ်တာကတော့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) ထိုးဖို့ အဆင်သင့်မဖြစ်လို့ ဖိအားပေး လက်မှတ်ထိုးချင်လာအောင် အနေအထားမျိုးလို့ ကျနော်ယူဆပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဒုက္ခသည်များကမူ တိုက်ပွဲများ အမြန်ချုပ်ငြိမ်းစေချင်ပြီး ကောက်ပဲသီးနှံများ တောင်ယာများ ရိတ်သိမ်းချိန်ဖြစ်သည့် အတွက် မိမိ နေရပ်သို့ ပြန်ရမည့်ရက်ကို တွေးမျှော်နေကြရသည်။
သို့သော် စစ်ဘေးရှောင် ဒုက္ခသည်စခန်း အနီးတဝိုက်တွင်ပင် လက်နက်ကြီးသံ၊ သေနတ်သံများ နေ့စဉ်နှင့်အမျှ ကြားနေရသဖြင့် ဒုက္ခသည်များသည် ညစဉ် ညတိုင်း ကျီးလန့်စာစား ဘဝဖြင့် အိပ်စက်နေရသည်ဟုလည်း ဒုက္ခသည်များက ပြောဆိုကြသည်။ ။