ကျနော်က နိုင်ငံကောင်းအောင် ပြောင်းလဲစရာ ရှိတာတွေ ပြောင်းလဲပြီးတော့ အဲလိုပြောင်းလဲဖို့ ဆောင်ရွက်တဲ့နေရာမှာ အခြား မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်းနဲ့ မဆို ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရမယ်ဆိုတဲ့ စကားကို ပြောပြီးတော့ လက်တွေ့ကျကျ ဆောင်ရွက်နေတာဟာ ကျနော် မှားသလား၊ မှန်သလား။ တိုင်းပြည်ကို တကယ်ချစ်ရင် ပြည်သူ့ဘက်က တကယ် ရပ်တည်ချင်ရင် အဲဒီပြည်သူတွေ ကောင်းစားရေးအတွက် မည်သည့် ပါတီ၊ မည်သည့်အဖွဲ့အစည်း၊ မည်သည့် ပုဂ္ဂိုလ်နဲ့ မဆို ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရမယ်။
ကောလဟာလထဲမှာ ဖြစ်ပေါ်တယ်ဆိုရင်လည်း ကောလဟာလပဲ ဖြစ်ပါတယ်။ ကျနော်သည် ပါတီ၏ မူဝါဒအရ၊ မူဝါဒနဲ့ အညီ လက်တွေ့ကျကျ အပြောနဲ့ အလုပ် ညီညွှတ်အောင် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အပြောတမျိုး၊ အလုပ်တမျိုး ကျနော်တို့ မလိုလားဘူး။ ကျနော်တို့ ပြည်သူတွေ မလိုလားဘူး။ ဟော့ဒီ ပြည်သူလည်း မလိုလားဘူး။
ဒီနေရာမှာ ခုနက မေးပါတယ်။ ပါတီဝင် တယောက် မဟုတ်တော့ဘူး ဖြစ်တယ် မဖြစ်ဘူး။ အဲဒီတော့ ကျနော်ကတော့ ပါတီဝင် ဖြစ်သည် ဖြစ်စေ၊ မဖြစ်သည် ဖြစ်စေ နိုင်ငံသား တယောက်အနေနဲ့ နိုင်ငံသားကောင်း တယောက်အနေနဲ့ နိုင်ငံ့ အကျိုး ပြည်သူ့အကျိုးကို ဘယ်ပါတီပဲဖြစ်ဖြစ် ဘယ်အဖွ့ဲအစည်းပဲ ဖြစ်ဖြစ် ဘယ်နေရာပဲ ရောက်ရောက် ကျနော်ဆက်လက် ကြိုးပမ်း ဆောင်ရွက်ပါမယ် ဟု သူရဦးရွှေမန်းက ပြောဆိုကြောင်း သိရသည်။
ဧရာဝတီသတင်းဌာန အကြီးတန်းသတင်းထောက် သူဇာပေးပို့သည်။