ဧရာဝတီတိုင်း အင်္ဂပူမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ က မည်သည့်ပါတီရဲ့ လွှမ်းမိုးမှုကိုမှ ခံမှာ မဟုတ်ဘူးလို့ ပြော ဆို လိုက်ပါတယ်။
အင်္ဂပူမြို့နယ်ဟာ ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးသိန်းအောင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီကို ကိုယ်စားပြုပြီး တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ် ဖြစ်ပါတယ်။
ဟင်္သာတခရိုင် အင်္ဂပူမြို့နယ်အတွင်းမှာ မည်သည့်ပါတီတွေ အားကောင်းနေပါစေ၊ ကော်မရှင် အဖွဲ့ခွဲရဲ့ ရပ်တည်မှုကို မည်သည့်ပါတီ ရဲ့ လွှမ်းမိုးခြင်းကိုမှ ခံယူမှာ မဟုတ်ဘဲ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC)ရဲ့ ညွှန်ကြားမှုကိုသာ လိုက်နာမှာ ဖြစ်တယ်လို့ အင်္ဂပူမြို့နယ် ကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်က ဧရာဝတီကို ပြောပါတယ်။
“ဆောင်ရွက်မှု အပေါ်မှာ မည်သည့်ပါတီကမှ လွှမ်းမိုးပြီးတော့ PRESSURE ပေါ့၊ ဖိအားပေးဖို့ စောင့်နေမှာ မဟုတ်ဘူး။ သည်းခံမှာလည်း မဟုတ်ဘူး။ ဦးတို့ကို ပြောလာတဲ့ ညွှန်ကြားချက်သည် ဦးတို့ နာခံမယ့် ညွှန်ကြားချက်သည် UEC ပဲ ရှိတယ်။ UEC ကလာတဲ့ ဥပဒေ မှာပါတဲ့အတိုင်း ညွှန်ကြားမှုကို ဒီကနေပြီးတော့ အများအားလုံးမျှော်နေကြတဲ့ လွတ်လပ်ရမယ်၊ တရားမျှတရမယ်၊ ပွင့်လင်းမြင်သာ ရှိရမယ်၊ လျှို့ဝှက်မဲပေးခြင်း ဖြစ်နေရမယ်ဆိုတဲ့ အချက်ကို ဖြစ်အောင်လုပ်မယ်”လို့ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမောင်မောင်က ပြောပါတယ်။
ကျေးရွာအုပ်စု ၈၀ ရှိတဲ့ အင်္ဂပူမြို့နယ်အတွင်းမှာ မဲပေးပိုင်ခွင့် ရှိသူပေါင်း ၁ သိန်း ၅ သောင်းကျော် ရှိတဲ့အနက် ကရင်လူမျိုး မဲဆန္ဒရှင် ၉၀၀၀ ကျော်နဲ့ ရခိုင်လူမျိုး မဲဆန္ဒရှင် ၈ ဦး ပါဝင်တယ်လို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးရဲ့ အချက်အလက်တွေအရ သိရှိရပါတယ်။
လက်ရှိ တိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်ဟာ သမ္မတ ခရီးစဉ်နဲ့ လိုက်ပါကာ မဲဆွယ်စည်းရုံးမှုတွေကိုပါ ရောထွေးလုပ်ဆောင်မှုတွေ ရှိခဲ့ပြီး မဲဆွယ်စည်းရုံးရေးအတွက် နိုင်ငံတော်ပိုင် အရင်းအမြစ်များကို အသုံးပြုခြင်း မပြုရန်ဆိုတဲ့ အချက်နဲ့ ငြိစွန်းတယ်ဆိုတဲ့ ဝေဖန်မှုတွေနဲ့ ပတ်သက်လို့ ဦးမောင်မောင်ကို မေးမြန်းခဲ့ရာမှာတော့ အာဏာရပါတီတွေ မဲဆွယ်စည်းရုံးတဲ့အခါ အခုလို ရောထွေးမှုတွေ အနည်းနဲ့အများ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
“အာဏာရပါတီ အဖွဲ့အစည်း တခုအနေနဲ့ကတော့ အနည်းနဲ့အများ ရောနေမှာပဲ။ သူ့ကို လုံးဝကြီး ဒီ ၂ ခု ရောထွေးခြင်း မပြုရ ဆို တာ မျိုးကတော့ မဖြစ်နိုင်ဘူးလို့ ဦးကတော့ တွေးတယ်။ အဲဒီတော့ အနည်းနဲ့ အများကတော့ ရောထွေးမှု ရှိမှာပဲ”လို့ ဦးမောင်မောင် က ပြောပါတယ်။
အင်္ဂပူမြို့နယ်အတွင်း ဝန်ကြီးချုပ် ဦးသိန်းအောင်ရဲ့ လွှမ်းမိုးမှု ရှိကောင်းရှိနိုင်ပေမယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က မြို့နယ်အတွင်း မဲဆွယ်စည်းရုံးမှုတွေ ပြုလုပ်ရာမှာ ပြည်သူလူထုနဲ့ တသားတည်း ဖြစ်အောင်ကြိုးစားခဲ့တဲ့အတွက် ၎င်းတို့ အနိုင်ရလိမ့် မယ်လို့ ယုံကြည်တယ်လို့ NLD ပါတီရဲ့ အင်္ဂပူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအေးဝင်းက ဆိုပါတယ်။
“ဦးတို့ အမြင်ကတော့ ဦးတို့က အသာပေါ့။ သာတာမှ တော်တော်ပြတ်ပြတ်သားသား သာတာလို့ မြင်တာပေါ့”လို့ ဦးအေးဝင်းက ပြော ပါတယ်။
ဆက်လက်ပြီး ဦးအေးဝင်းက မြို့နယ်အတွင်းမှာ ရှိတဲ့ ရပ်/ကျေး ကော်မရှင် အဖွဲ့ဝင်တွေဟာ ရွေးကောက်ပွဲ အတွေ့အကြုံ နည်းတဲ့ အတွက် အခက်အခဲတွေ ရှိနေပြီး လုပ်ရည်ကိုင်ရည်ပိုင်းတွေမှာလည်း အားနည်းချက်တွေ ရှိနေတယ်လို့ ဆိုပါတယ်။
နောက်ဆုံးအကြိမ်အဖြစ် ကြေညာခဲ့တဲ့ မဲစာရင်းမှာ မပါသူတွေ ရှိနေသေးတယ်လို့ ကြားသိရတာကြောင့် မဲစာရင်းမှာ မပါလာတဲ့ သူတွေကို ပြန်လည်စိစစ်ပြီး မဲစာရင်းမှာ ပြန်ထည့်ပေးဖို့ အစီအစဉ် ရှိမရှိ မြို့နယ်ကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ကို မေးမြန်းရာမှာတော့ မဲစာရင်း ပထမအကြိမ်နဲ့ ဒုတိယအကြိမ်မှာ ပါခဲ့ပြီး ယခုနောက်ဆုံးအကြိမ်မှာ မပါလာသူတွေကိုသာ ပြန်ထည့်ပေးမှာ ဖြစ်ပြီး ပထမအကြိမ်ကတည်းက မပါလာတဲ့သူတွေကိုတော့ ပြန်ထည့်ပေးမှာ မဟုတ်ဘူးလို့ သိရပါတယ်။
“ပထမအကြိမ်လည်း မပါခဲ့ဘူး၊ သတင်းမပို့ခဲ့ဘူး။ ဒုတိယအကြိမ်လည်း မပါဘူး၊ သတင်းမပို့ခဲ့ဘူး၊ မဆက်သွယ်ခဲ့ဘူး။ သူ့ဘက်က ဘာမှ ဆက်သွယ်ပြီးတော့ ဒီဟာကို မဲစာရင်းမှာပါဖို့အတွက် ကြိုးစားခဲ့တာ မရှိဘူးဆိုရင်တော့ အခု တတိယအကြိမ်မှာ မပါတဲ့ဟာမှာ အခုလို မနက်ဖြန်သဘက် မဲပေးခါနီး ကျမှတော့ ဘယ်လိုမှ ဆောင်ရွက်ပေးလို့ မရတော့တာ”လို့ ဦးမောင်မောင်က ဧရာဝတီကို ပြော ပါတယ်။
မဲဆွယ်စည်းရုံးမှု ကာလအတွင်းမှာ နိုင်ငံရေးပါတီ အချင်းချင်း ပဋ္ဋိပက္ခ ကိစ္စရပ်များကြောင့် ကော်မရှင်ကို လာရောက်တိုင်ကြားခဲ့ တာ မျိုးလည်း မရှိဘူးလို့ သိရပါတယ်။
အင်္ဂပူ တမြို့နယ်လုံးမှာ မဲရုံပေါင်း ၁၆၉ ရုံ စီစဉ်ထားပြီး စာသင်ကျောင်း အများစုနဲ့ မြို့တော်ခန်းမကို မဲရုံပြုလုပ်ထားတာ ဖြစ်ပါတယ်။
မဲဆန္ဒနယ်ပြင်ပ ကြိုတင်မဲအတွက် လျှောက်လွှာတင်ခဲ့သူ ဦးရေ ၁၉၆ ဦး ရှိပြီး နိုဝင်ဘာလ ၅ ရက်နေ့အထိ ကြိုတင်မဲပေါင်း ၆၅ မဲပဲ ရရှိသေးတယ်လို့ သိရပါတယ်။