Politics

အနောက်နိုင်ငံတွေ မြန်မာ့ရွေးကောက်ပွဲအပေါ် ဘယ်လိုရပ်တည်မလဲ

This article has been converted from Zawgyi One to Unicode

မြန်မာနဲ့ ၂၀၁၅ ရွေးကောက်ပွဲဟာ အနောက်နိုင်ငံတွေ အတွက် စိတ်ဝင်စားစရာ ကောင်းပြီး အားလုံးက စောင့်ကြည့်တဲ့ အခင်းအကျင်း ဖြစ်ပါတယ်။

အနောက်နိုင်ငံ အစိုးရတွေက မြန်မာနိုင်ငံမှာ အခုဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲရေး (Reform) နဲ့ အသားကျတဲ့ ဒီမိုကရေစီ အကူးအပြောင်း (Democratic transition) ကိုပဲ ရှေ့ဆက်သွားစေ ချင်နေတာ ဖြစ်ပါတယ်။ သူတို့ရဲ့ အဓိက ရည်မှန်းချက် ရှေ့ဆက်တိုးရေး Continuity ဖြစ်ပြီး ဘယ်အစိုးရပဲ တက်တက် သူတို့ရဲ့ ရရှိထားတဲ့ သံတမန်ရေး၊ စီးပွားရေးနဲ့ အကျိုးတူ မိတ်ဖက်လုပ်ငန်းတွေ ဆက်သွားရေးပဲ ဖြစ်ပါတယ်။

တကယ်တော့ အနောက်နိုင်ငံ အစိုးရတွေရဲ့ နိုင်ငံခြားရေးမူဝါဒမှာ မြန်မာက ထိပ်တန်းစာရင်း ထဲမှာပါတာ မဟုတ်ပါ ဘူး။ မြန်မာဟာ ဆီးရီးယား မဟုတ်သလို အီရန်၊ အီရတ်၊ အာဖဂန်နစ္စတန်နဲ့ မြောက်ကိုးရီးယား နိုင်ငံတွေလို အနောက်က အဓိကထား စောင့်ကြည့်ဆက်ဆံရတဲ့ စာရင်းထဲမှာ မရှိတော့ပါ။ ဒါကြောင့် အနောက်နိုင်ငံတွေက ဒီရွေးကောက်ပွဲကို အေးအေးချမ်းချမ်းနဲ့ ပြီးသွားပြီး မြန်မာရဲ့ Democratic transition ကို ရှေ့ဆက်သွားဖို့ကိုပဲ မျှော်လင့်ထားတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကျင်းပမယ့် ဒီနှစ်မှာ ကမ္ဘာကြီးမှာ Global Disorder လို့ ပြောလို့ ရတဲ့ မတည်မငြိမ် ဖြစ်မှုတွေ ပိုများနေတဲ့ အချိန် စစ်အေးကာလကို ပြန်ရောက်နေတယ် လို့ တွေ့နေရချိန် ဒီမိုကရေစီနဲ့ ဒါကို အားပေး ထောက်ပံ့တဲ့ အဖွဲ့အစည်းတွေ အားလျော့နေတဲ့ (Democracy in decline) ဖြစ်တဲ့ အချိန်လို့လည်း ပြောရမှာပါ။

ဘယ်လိုပဲ ဖြစ်ဖြစ် မြန်မာ့တံခါးဖွင့် အပြောင်းအလဲ ကိုတော့ အနောက်နိုင်ငံတွေက လက်ခုပ်တီး ကြိုဆိုခဲ့ ကြတယ်။ ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးခဲ့တယ်။ ဒါ့အပြင် စစ်အစိုးရကနေ အရပ်သားတပိုင်း အစိုးရဖြစ်လာတဲ့ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရက ကျင်းပပြုလုပ်ပေးမယ့် ၂၀၁၅ ရွေးကောက်ပွဲကို အမေရိကန်နဲ့ ဥရောပသမဂ္ဂ စတဲ့နိုင်ငံတွေက ငွေကြေးထောက်ပံ့ ကူညီခဲ့တယ်။ ရွေးကောက်ပွဲကော်မရှင် (UEC) ကို ငွေအား လူအား အတတ်ပညာတွေနဲ့ ကူညီခဲ့သလို Election Monitoring လို့ခေါ်တဲ့ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့တွေ စေလွှတ်ရေး ကိုလည်း မြန်မာဘက်က လက်ခံခဲ့တယ်။ ဒါကို အနောက်နိုင်ငံ အစိုးရတွေက ကျေနပ် သဘောတူ ခဲ့ကြပါတယ်။

အနောက်နိုင်ငံ အစိုးရတွေ၊ အထူးသဖြင့် အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ နော်ဝေအစိုးရတွေဟာ ဒီနှစ်ပိုင်း အတွင်းမှာ သမ္မတ ဦးသိန်းစိန် အစိုးရကို ပိုပြီး နွေးနွေးထွေးထွေး ဆက်ဆံခဲ့တာ တွေ့ရသလို၊ သမ္မတ ဦးသိန်းစိန် အစိုးရထဲမှာ အကောင်အထည် ဖော်ပေးမယ့် သူတွေ၊ Capacity ရှိတဲ့သူတွေ ရှိတယ်လို့ ယုံမှတ်ပေးခဲ့ပါတယ်။

ဒါကြောင့် ဒီရွေးကောက်ပွဲမှာ သူတို့ရဲ့ အရိပ်အာဝါသ ဩဇာ မပါသလို နေဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။ UEC ကိုတော့ အမေရိကန်၊ ဥရောပသမဂ္ဂ အပါအဝင် အနောက်နိုင်ငံတွေက အကူအညီတွေ ပေးခဲ့တာ တွေ့ရပါတယ်။ အမေရိကန် ကတော့ လွတ်လပ်ပြီး သန့်ရှင်းတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့၊ အကြမ်းဖက်မှုတွေ မဖြစ်ဖို့ကို တရားဝင် ပြောဆိုခဲ့ပါတယ်။

ဒါကြောင့် ဒီရွေးကောက်ပွဲမှာ လက်ရှိအစိုးရက အာဏာ ဆက်ရအောင် နည်းမျိုးစုံနဲ့ ကြိုးစားမယ် ဆိုရင်တောင် အနောက်နိုင်ငံ အစိုးရတွေက “စိုးရိမ်တယ်”၊ “အပြစ်တင်တယ်”။ ဒီရွေးကောက်ပွဲဟာ နိုင်ငံတကာ အဆင့်မမီ ဘူး၊ သမာသမတ် မကျဘူး ဆိုတဲ့ တရားဝင် ထုတ်ပြန်ချက်တချို့ ထုတ်ပြန်ပြီး သူတို့ရဲ့ အကျိုးစီးပွားတွေကိုပဲ အဓိက ကာကွယ်စောင့်ရှောက်သွားဖို့ များတယ်လို့ မြန်မာ့အရေး လေ့လာစောင့်ကြည့်သူ တချို့က သုံးသပ်ကြ ပါတယ်။

မြန်မာနိုင်ငံဟာ တရုတ်နဲ့ အိန္ဒိယကြားမှာ ရှိပြီး စိတ်ဝင်စားစရာကောင်းတဲ့၊ သယံဇာတ ပေါကြွယ်ဝတဲ့၊ ပြည်တွင်းရေး ပဋိပက္ခ ဒဏ်ရာဒဏ်ချက် တွေနဲ့ ဆင်းရဲတဲ့ နိုင်ငံလေးတနိုင်ငံပဲ ဖြစ်တယ်။ သမ္မတ ဦးသိန်းစိန် အစိုးရကို အနောက် နိုင်ငံတွေက ကြိုက်ရတဲ့ နောက်တချက်ကလည်း သူဟာ တရုတ်ရဲ့  ဩဇာအရိပ်အာဝါသ လောင်းရိပ်က ဆွဲထုတ် ချင်တဲ့ သူ၊ အနောက်နဲ့ မြန်မာပြည်ကို နီးစပ်စေချင်တဲ့သူလို့ ထင်မှတ် ထားကြတာကြောင့် ဖြစ်ပါတယ်။

သူတို့ မြင်တာက ဦးသိန်းစိန်အစိုးရဟာ အနောက်နိုင်ငံ အစိုးရတချို့ရဲ့ အကျိုးစီးပွားကို ကာကွယ်နိုင်အောင် တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်တယ်။ အထူးသဖြင့် သူတို့နဲ့ ဆက်ဆံရေးကို ထူထောင်နိုင်ခဲ့တယ်။ ဒါကြောင့် မြန်မာ့ အပြောင်းအလဲမှာ ရင်းနှီးမြှုပ်နှံထားတဲ့ အနောက်အလှူရှင်နိုင်ငံ အများစုဟာ ရွေးကောက်ပွဲမှာ Dramatic ဖြစ်တဲ့ Change ဆိုတာကြီးကို လက်ခံဖို့ လန့်နေတယ်လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲ ရလဒ်မှာ NLD ပါတီက အပြတ်အသတ် အနိုင်ရနိုင်တယ် ဆိုတာ အနောက် နိုင်ငံအစိုးရတွေက တွက်ဆ ထားပေမယ့် ဒေါ်အောင် ဆန်းစုကြည် အနေနဲ့ အစိုးရ ဖွဲ့နိုင်မှာလား၊ ဦးသိန်းစိန်ကရော အာဏာ လွှဲပြောင်း ပေးမှာလား၊ တပ်မတော်က ဘယ်လို ရပ်တည်မှာလဲ ဆိုတာတွေကိုတော့ စိတ်ဝင်တစားနဲ့ စောင့်ကြည့် မှာ ဖြစ်ပါတယ်။ ဘယ်လို ရလဒ်ပဲရရ အံ့ဩမှာ မဟုတ်သလို ပါလီမန်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပါတီနဲ့ မဟာမိတ် တိုင်းရင်းသားပါတီတွေ ကြီးစိုးသွားရင်လည်း အနောက်နိုင်ငံတွေအဖို့ သိပ်အံ့ဩစရာ ရှိမှာ မဟုတ်ပါဘူး။ အနောက် နိုင်ငံတွေရဲ့ ဦးတည်ချက်က မြန်မာနဲ့ ဆက်ဆံရေး အဆင်ပြေဖို့နဲ့ ရွေးကောက်ပွဲ အပြီးမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုလုပ်ဖို့ပဲ ဖြစ်ပါတယ်။

နိဂုံးချုပ် အနေနဲ့ ရန်ကုန်အခြေစိုက် သံတမန် အများစုနဲ့ အနောက်နိုင်ငံ အစိုးရတွေက ဘယ်လိုပဲ မြင်မြင် မြန်မာပြည်သူ ပြည်သားတွေဟာ မိမိရဲ့ ကံကြမ္မာကို၊ အနာဂတ်ကို မိမိကသာ ဖန်တီးနိုင်တယ် ဆိုတာ ဒီရွေးကောက်ပွဲမှာ ပြသကြမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေက ပြောင်းလဲ လိုတဲ့ အပြောင်း အလဲကို အနောက် နိုင်ငံတွေက လက်ခံဖို့ပဲ ရှိပါတယ်။    ။

Loading