ရွေးကောက်ပွဲ ကျင်းပဖို့ ၂ ရက်အလို မန္တလေးမြို့မှာ လူအယောက် ၂၀ လောက်က ကားလက်မှတ် တခုတည်းနဲ့ အစုလိုက်၊ အပြုံ လိုက် ကြိုတင်မဲ လာရောက်ထည့်တဲ့အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကိုယ်စားလှယ်လောင်းက မြို့နယ်ကော်မရှင်နဲ့ တိုင်းကော်မရှင် အဖွဲ့ခွဲတွေဆီကို ကန့်ကွက်စာ တင်သွင်းသွားမယ်လို့ မန္တလေး အောင်မြေသာစံမြို့နယ် လွှတ်တော် ကိုယ်စားလှယ် လောင်း ဒေါက်တာလှမိုးက ဧရာဝတီ ပြောပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ထဲက ပြည်လုံးချမ်းသာရပ်ကွက်မှာ ဒီနေ့ နိုဝင်ဘာ ၆ ရက်၊ နံနက် ၁၁ နာရီ လောက်က ကြိုတင်မဲ လာပေးကြတဲ့ လူအယောက် ၂၀ လောက်ဟာ ဗန်းမော်-မန္တလေး ကားလက်မှတ်တွေ ကိုင်ဆောင်ပြီး ၇ ရက်နေ့မှာ ခရီးသွားမှာဖြစ်လို့ ဒီနေ့ ကြိုတင်မဲ လာပေးနေကြတာ ဖြစ်တယ်လို့ မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)က ဆိုပါတယ်။
အောင်မြေသာစံမြို့နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာလှမိုးက“သူတို့တွေက ကော်မရှင်က ထုတ်ပြန်ထားတဲ့ စည်း ကမ်းတွေလို ကြိုတင်မဲပေးသူတယောက်ရဲ့ ရှိရမယ့် သက်သေအထောက်အထားအဖြစ် မှတ်ပုံတင်တောင် မပါတာရယ်။ အားလုံး ဟာ ဗန်းမော်-မန္တလေး ကားလက်မှတ်တွေ ဖြစ်ပြီး သူတို့ထဲက တယောက်ကို မေးကြည့်တော့ တောင်ကြီးသွားမှာလို့ ဖြေတာရယ်။ သူတို့တွေဟာ ဒီရပ်ကွက်ထဲက ဟုတ်/မဟုတ်ဆိုတာကို ရပ်/ကျေး ကော်မရှင်ကို မေးတော့ ရေရေရာရာ ပြန်မဖြေခဲ့ဘူး။ ဒါကြောင့် ဒီကိစ္စကို မြို့နယ် ကော်မရှင်ရယ်၊ ဗဟိုရယ်ကို ကန့်ကွက်စာ တင်သွားဖို့ လုပ်နေပါတယ်”လို့ ပြောပါတယ်။
ကြိုတင်မဲထည့်ခွင့်ပြုခဲ့တဲ့ ပြည်လုံးချမ်းသာ ရပ်ကွက်ကော်မရှင် ဥက္ကဌကတော့ ဒီလူတွေဟာ သံဆူးကြိုး စက်ရုံက အလုပ် သမားတွေ ဖြစ်ပြီး ကားလက်မှတ်မူရင်းကို ပြနိုင်လို့ ကြိုတင်မဲ ပေးခွင့်ပြုလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“သူတို့ပြောသလို အယောက် ၂၀ ဆိုတာ မဟုတ်ပါဘူး။ ၆ ယောက်လောက်ပဲ ရှိပါတယ်။ အဲဒီလူတွေက ဧည့်စာရင်းနဲ့ နေတဲ့သူ တွေပါ။ ကျနော်တို့ကို မြို့နယ်ကော်မရှင်က အစည်းအဝေးတွေမှာ ပြောတဲ့အခါ ကြိုတင်မဲထည့်မယ့်သူတွေအနေနဲ့ ကားလက်မှတ် တို့ ဘာတို့ကို မူရင်းပြနိုင်ရင် ခွင့်ပြုလိုက်ပါလို့ ပြောထားတာ ရှိပါတယ်။ ဒါကြောင့် သူတို့ကိုလည်း သိတာနဲ့ ခွင့်ပြုလိုက်တာပါ”ဟု ပြည်လုံးချမ်းသာ ရပ်ကွက် ကော်မရှင်ဥက္ကဌက ပြောပါတယ်။