ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ နေရာအတော်များများတွင် ကြိုတင်မဲ ပေးခွင့်မရှိဘဲ ပေးခြင်း၊ သက်သေခံ မဲလက်မှတ် အပိုများ ထုတ်ပေးခြင်း၊ အသက်မပြည့်သူများ သက်သေခံလက်မှတ် ရနေခြင်း စသည့် ပြဿနာများ စတင်ဖြစ်ပေါ်နေကြောင်း ပါတီကိုယ်စားလှယ်များနှင့် ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့များက ပြောဆိုသည်။
တောင်ငူခရိုင်၊ တောင်ငူမြို့နယ် အတွင်းရှိ သဖန်းပင် ကျေးရွာအုပ်စု၊ ကျွန်းတောကျေးရွာ၌ မိသားစုမရှိဘဲ အဘွားအို တဦးတည်းနေသည့် နေအိမ်တွင် ရပ်/ကျေး ကော်မရှင် အဖွဲ့ဝင်များက ယနေ့ နံနက်ပိုင်းက ကြိုတင်မဲပေးရန် သွားရောက်ယူရာတွင် အဘွားအိုအစား ကော်မရှင်အဖွဲ့ဝင် တဦးက ကိုယ်တိုင်တံဆိပ်တုံးထု မဲထည့်ခဲ့သည့်ဖြစ်စဉ်ကို မြင်တွေ့ခဲ့ရသည်ဟု NLD ပါတီ ကိုယ်စားလှယ်များက ပြောသည်။
“လိုက်ပါသွားတဲ့ ကျနော်တို့ ပါတီဝင်တွေအားလုံး မြင်တယ်။ သူက အဘွားအိုကို ဒီလိုနေရာမှာ ဒီလို နှိပ်ရမယ်ဆိုပြီး သူကိုယ်တိုင် နှိပ်လိုက်တာပါ။ ဒီကိစ္စကို သက်ဆိုင်ရာကော်မရှင်က ဘယ်လို ဆောင်ရွက်ပေးမလဲ ဆိုတာကို ကျနော်တို့ တင်ပြသွားဖို့ ရှိပါတယ်” ဟု NLD ပါတီဝင်ဖြစ်သူ ဦးလှသိန်းက ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်က ကံရိုးကျေးရွာအုပ်စု ကံရိုးကျေးရွာအတွင်းရှိ မဲရုံ အမှတ် (၁) တွင် အမျိုးသား ၃ ဦးနှင့် မိသားစုဝင် အမျိုးသမီး ၃ ဦး စုစုပေါင်း လူ ၆ ဦး ပါဝင်သည့် မိသားစု တစုလုံးမှ ကြိုတင်မဲ လာပေးခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“အဖေနဲ့ သူ့သားနှစ်ယောက်က ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့မှာပါလို့ လာပေးတာကို အမျိုးသမီးတွေပါ တခါတည်း လာပေးသွားတာပါ” ဟု ထိုမဲရုံကို ရောက်ရှိနေသည့် တောင်ငူဒေသခံတဦးက ပြောဆိုသည်။ အမျိုးသမီးများပါ ကြိုတင်မဲပေးသွားခြင်းမှာ ထမင်းချက်ရန်အတွက် ဖြစ်သည်ဟုဆိုကြောင်း သိရသည်။
ထို့အပြင် တောင်ငူမြို့ ရပ်ကွက် ၂ ၌ အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်တဦးအား ဆန္ဒမဲပေးသည့် သက်သေခံလက်မှတ် ထုတ်ပေးခြင်း၊ တောင်ငူမြို့ရပ်ကွက် ၂၀၊ ရပ်ကွက် ၁၂ တို့ရှိ မဲရုံအများစု၏ မဲစာရင်းများ၌ လူပိုများပါရှိနေပြီး ဆန္ဒမဲပေးခွင့် သက်သေခံ လက်မှတ်များသည် တဦးလျှင်၂ ခု၊ ၃ ခုခန့် ရှိနေခြင်းတို့ကို တွေ့ရှိရကြောင်း NLD ပါတီဝင် မဲစာရင်းစစ်ဆေးရေး တာဝန်ခံ ကိုမင်းဆွေက ပြောသည်။
ထို့အပြင် ရပ်/ကျေး ကော်မရှင် ဖွဲ့စည်းရာ၌ နိုင်ငံရေးပါတီဝင်များ ပါဝင်နေသဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ချက် အမှတ် ၂/၂၀၁၄ နှင့် ညီညွှတ်မှု မရှိသည့်အတွက် တောင်ငူမြို့ NLD ဥက္ကဋ္ဌက သက်ဆိုင်ရာမြို့နယ် ကော်မရှင်သို့ တိုင်ကြားစာ ပေးပို့ထားကြောင်းလည်း သိရသည်။
တောင်ငူမြို့နယ်တွင် အသက် ၁၈ နှစ်အထက် မဲပေးခွင့်ရှိသူ စုစုပေါင်း ၁ သိန်းကျော် ရှိပြီး၊ မဲရုံပေါင်း ၁၅၂ ရုံ ရှိကြောင်း တောင်ငူမြို့နယ် ကော်မရှင်ရုံး၏ စာရင်းများအရ သိရသည်။
တောင်ငူမြို့နယ်တွင် တပ်ရင်း ၂၂ ရင်းပြီး ရှိနေသည့်အတွက် ပဲခူးတိုင်း ဒေသကြီးအတွင်း တပ်ရင်း အများဆုံးရှိသည့် ဒေသလည်း ဖြစ်သည်။
တောင်ငူမြို့နယ်၌ အဓိက ယှဉ်ပြိုင်ကြမည့် ပါတီကြီးနှစ်ခုမှာ အာဏာရ ကြံ့ခိုင်ရေးပါတီနှင့် အတိုက်အခံ ပါတီဖြစ်သည့် NLD တို့ ဖြစ်ပြီး ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာတွင် သွားဘက်ဆိုင်ရာ ဆရာဝန် ဒေါက်တာ ကျော်ဦးက ဝင်ရောက်ယှဉ်ပြိုင်ပြီး NLD ပါတီ ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာတွင် စီးပွားရေး လုပ်ငန်းရှင်တဦးဖြစ်သူ ဦးခင်မောင်သန်းက ယှဉ်ပြိုင်မည် ဖြစ်သည်။