စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ပုလဲမြို့နယ် ကိုယ်စားပြု့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မယ့် ပြည်ထောင်စုဝန်ကြီးဦးကျော်ဆန်းက မနက်ဖြန်ရွေးကောက်ပွဲမှာ သူနိုင်ဖို့ ရာနှုန်းပြည့်ယုံကြည်တယ်လို့ ပြောဆို ပေမယ့် အတိုက်အခံပါတီ NLD ဘက်ကအားသားနေတယ်လို့ မြို့နယ်ဒေသခံလူထုတွေက ဆိုပါတယ်။
နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲရလဒ်နဲ့ပတ်သတ်ပြီး ဝန်ကြီး ဦးကျော်ဆန်းက “၁၀၀ ရာနှုန်း ယုံကြည်မှုရှိတယ်။ ၁အချက် ကျနော်က ဒေသသား၊ ၂ အချက်က ဒီနယ်မြေ ဒီဒေသရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ကျနော်က အခုမှ လာလုပ်တာမဟုတ်ဘူး။ ဥပမာနဲ့ ပြောရင် မိုးရွာမှ ပေါ်တဲ့ဖားမဟုတ်ဘူး။ ကျနော်က လွန်ခဲ့တဲ့ ၁၉၉၉ -၂၀၀၀ ကတည်းက ဒီလိုရွေးကောက်ပွဲတွေ ရှိမယ်မှန်း ဘာမှန်း မသိရခင်ကတည်းက ကိုယ့်နယ်မြေ ကိုယ်ဒေသ ဖြစ်တဲ့အတွက် အဲ့ဒီကတည်းက လာလုပ်ပေးနေတာ။ ကျနော် မရောက်တဲ့ရွာ တရွာမှ မရှိဘူး။ဒီလိုတွေ လုပ်ဆောင်ပေးခဲ့တာဖြစ်တဲ့အတွက် အစစအရာရာ အကုန်ကူပြီး တော့လုပ်ပေးတာဖြစ်တဲ့အတွက် ကျနော် အပြည့်အ၀ ယုံကြည်တယ်” လို့ ပြောပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ မဲဆွယ်ကာလ ရက်တွေမှာ လူထုထောက်ခံမှု ရရှိမှု ပိုမိုများပြားတာက အတိုက်အခံပါတီ NLD ဘက်က ဖြစ်တာမို့ NLD ဘက်က နိုင်ဖို့များတယ်လို့ မြို့ခံ တဦးဖြစ်တဲ့ ပါရမီရပ်ကွက်နေ ယက်တောင်လုပ်ငန်းလုပ်ကိုင်တဲ့ ကိုအောင်သက်ထွေးကပြောပါတယ်။
ကိုအောင်သက်ထွေးက “ကြံ့ခိုင်ရေးက ပံပို့အားတွေဘာတွေတော့ ကောင်းတယ်ပေါ့။ ပိုက်ဆံရလို့လိုက်တာမျိုးတို့ အကျၤ ီ ရလို့လိုက်တာမျိုးတို့ကလည်းရှိတာကိုး။ NLD ဘက်က အဲ့လိုတော့ မထောက်ပံနိုင်ဘူး၊ ဒါပေမယ့် လူထုထောက်ခံမှုကတော့ အပြည့်အဝရှိပါတယ်။ စည်းရုံးရေးခရီးစဉ်တွေ ဒီမှာလုပ်တဲ့ အချိန်တိုင်းတော့ ဘယ်မှာပဲလုပ်လုပ် NLD ပဲများပါတယ်။ ပြိုင်ဆိုင် မှုတော့ နည်းနည်းတော့တော့ ပြင်းတယ်။ဒါပေမယ့် လူတွေရဲ့စိတ်ထဲမှာ ရှိနေပြီးသားဆိုရင်တော့ သိပ်အရေးမကြီးဘူး။ အကျၤ ီ ပေးလို့လိုက်တဲ့သူ၊ထမင်းကျွေးလို့လိုက်တဲ့သူ၊ အဲဒီလူတွေက တကယ်မဲပေးတဲ့အချိန်ဘယ့်သူပေးမယ်ဆိုတာ မသိနိုင်ဘူး။ NLD တော့နိုင်ဖို့များပါတယ်” လို့ ပြောပါတယ်။
ပုလဲမြို့နယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ကြံ့ခိုင်ရေးပါတီ၊ NLD နဲ့ အမျိုးသားတိုးတက်ရေးပါတီတို့က ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး NLD ကိုယ်စားလှယ်လောင်းအဖြစ် ဒေါ်ခင်စန်းလှိုင်နဲ့ အမျိုးသားတိုးတက်ရေးပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ဦးမြင့်တို့ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။
အမျိုးသားတိုးတက်ရေးပါတီကိုယ်စားလှယ်လောင်း ဦးမြင့်ကတော့ ပုလဲနယ်မှာ အတိုက်အခံပါတီက လူထုထောက်ခံမှု ပိုမိုရရှိနေတယ်လို့ ပြောပါတယ်။
“ဦးကျော်ဆန်းကတော့ အသင့်အသင့်ပေါ့ကွာ။ထောက်ခံမှုကတော့ အခုအခြေအနေက NLD ကများတဲ့သဘောပေါ့။ ဦးတို့ပါတီကတော့ နောက်ကလည်းကျသွားတယ်” လို့ ပြောပါတယ်။
ဒီလိုအခြေအနေမှာ အတိုက်အခံပါတီ NLD ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်စန်းလှိုင်ကတော့ လူထုကိုတော့ ယုံကြည်မှု အပြည့်ရှိနေပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင်ခွဲအပေါ်မှာတော့ ယုံကြည်မှုအပြည့် မရှိသေးဘူးလို့ဆိုပါတယ်။
သူက မဲစာရင်းတွေ ကျန်ခဲ့တာတွေ၊ ကြိုတင်မဲကိစ္စ ပြသနာတွေနဲ့ပတ်သတ်ပြီး စိုးရိမ်မှုတွေ ရှိနေတဲ့အကြောင်းနဲ့ ပယ်မဲတွေ ဖြစ်သွားမှာလည်း စိုးရိမ်နေကြောင်း ပြောပါတယ်။
ဒေါ်ခင်စန်းလှိုင်က “မြို့နယ်ကော်မရှင်အပေါ်မှာ ယုံကြည်မှုအပြည့်ထားလားဆိုတဲ့ကိစ္စကတော့ အန်တီတို့အကုန်လုံးတော့ မယုံဘူး။ သူတို့ ဘယ်လောက်သမာသမတ်ကြလဲဆိုတာတော့ အန်တီတို့ မဲပေးပြီးတဲ့အခါမှ ပြောနိုင်မှာပေါ့။ လောလော ဆယ်အနေနဲ့တော့ အန်တီတို့ မပြောနိုင်ဘူး။ အခုဟာ မဲကျန်တွေကအရမ်းများနေတယ်။ မဲပေးခွင့်ရှိတဲ့သူတွေရဲ့စရင်းတွေက ကျန်နေတာတွေလည်း အရမ်းများတယ်။ အဲတော့ သူတို့က ထောက်ခံစာရှိရင် မဲပေးခွင့်ရှိရမယ်လို့ ပြောပေမယ်လို့ အခုဟာ ထောက်ခံစာမပေးဘူး။မဲသက်သေခံလက်မှတ်တွေတောင်မှ အချို့ရွာတွေဆို မပေးတာတွေ ရှိသေးတယ်လေ။ အဲ့ဒါတွေ အန်တီစိတ်ပူတယ်” လို့ ဆိုပါတယ်။
ဒေါ်ခင်စန်းလှိုင်က ပုလဲဒေသခံ မဟုတ်ပေမယ့်လည်း ဒေသခံ ဦးကျော်ဆန်းနဲ့ ယှဉ်ပြိုင်ရာမှာ ပုလဲဒေသက အပြောင်းအလဲကို လိုလားနေတဲ့သူတွေများတာမို့ ထောက်ခံမဲတွေ ရမှာပါလို့လည်း ပုလဲမြို့ပေါ်က အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်နေတဲ့ ကိုမျိုးလှိုင်က ပြောပါတယ်။
ကိုမျိုးလှိုင်က“လက်ရှိကတော့သူ့ပါတီ ကိုယ့်ပါတီ အင်အားက သာတယ် မသာဘူး ဆိုတာထက် လူထုအနေနဲ့ က လက်ရှိကို ပြောင်းလဲချင်တာကတော့ ဒီဘက်နယ်မှာတော်တော်များတယ်။အားသားတယ်ပေါ့၊ ပြောင်းလဲချင်တဲ့ဘက်က၊ လက်ရှိအစိုးရ သမ္မတထက် ကောင်းတဲ့ ပညာရေးဘက်ကို အားသန်တယ်၊ လိုချင်တယ်၊ ဦးကျော်ဆန်းက ဒီဘက်နယ်သားပေါ့။ ဒေါ်ခင်စန်း လှိုင်က ဟိုဘက်နယ်ပေါ့။ဒါပေမယ့် လက်ရှိသမ္မတအစိုးရထက် နောက်ထပ်သမ္မတကောင်းတယောက် တိုင်းပြည်မှာ ပေါ်ထွန်း လာမလားလို့ လောလောဆယ် ကျနော်တို့က မျှော်လင့်ပြီး ပြောင်းလဲချင်နေတာ၊ မဲဆွယ်စည်းရုံံးရေးခရီးစဉ်တွေမှာလည်း သိသိသာသာ NLD ကသာပါတယ်” လို့ ဆိုပါတယ်။
ဒေါ်ခင်စန်းလှိုင်ကလည်း ၂၀၁၂ခုနှစ်ကြားပြတ်ရွေးကောက်ပွဲမှာ ပုလဲမြို့ပေါ်မဲရုံတွေကအစ မဲအပြတ်နိုင်ခဲ့တဲ့ လွှတ်တော်အမတ်လည်းဖြစ်ပြီး ဒေသခံ ဝန်ကြီး ဦးကျော်ဆန်းကလည်း ဒေသဖွံ့ဖြိုးရေးတွေလုပ်တယ်လို့ နယ်ခံတွေက ပြောတာ ရှိပါတယ်။
သူတို့ ၂ ဦးစလုံးက လွှတ်တော်ထဲမှာ တုန်းကလည်း တရုတ်နိုင်ငံက ချေးငွေကိစ္စတွေနဲ့ ပတ်သတ်ပြီး အချေအတင် ငြင်းခုန် ပြောဆိုမှုတွေ ရှိခဲ့ပြီး လွှတ်တော် နာယကကိုယ်တိုင်က သတိပေးခဲ့ရသည်အထိ ဖြစ်ခဲ့ကြသူတွေပါ။ ဒီတော့ မနက်ဖြန်ပွဲမှာ ရာနှုန်းပြည့် ယုံကြည်တယ်လို့ ပြောထားတဲ့ ဒေသခံဝန်ကြီး ဦးကျော်ဆန်းကပဲ နိုင်မလား၊ လူထု ထောက်ခံမှု အားသာနေတဲ့ အတိုက်အခံပါတီ ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ကပဲ နိုင်မလားဆိုတာ စောင့်ကြည့်ရမယ့် အခြေအနေ ဖြစ်ပြီး ပြိုင်ဆိုင်မှု ပြင်းထန်မယ့် ပုလဲနယ်က ပြိုင်ပွဲတခု ဖြစ်မှာကတော့ အသေအချာပါပဲ။