ကယားပြည်နယ် တခုလုံးတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေပါတီ (ကြံ့ခိုင်ရေးပါတီ) က ၅၀ ရာခိုင်နှုန်းကျော် နိုင်ရန် မျှော်လင့်ထားကြောင်း USDP ပါတီ၏ ကယားပြည်နယ် ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလှမျိုးဆွေက ပြောသည်။
“တပြည်နယ်လုံး အတိုင်းအတာနဲ့လည်း ကျနော်ဖြေရဲပါတယ်။ ကျနော်တို့ ၅၀ ရာခိုင်နှုန်းကျော်အောင် ကြိုးစားထားပါတယ်။ အဲဒီ ရလဒ်အတိုင်းလည်း ရနိုင်အောင်မျှော်လင့်ထားပါတယ်” ဟု ကယားပြည်နယ် ဗမာတိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်လောင်းလည်း ဖြစ်သူ ဦးလှမျိုးဆွေက ယနေ့တွင် သတင်းထောက်များကို ပြောသည်။
ကြံ့ခိုင်ရေး ပါတီအနေဖြင့် ကယားပြည်နယ် အတွင်းရှိ မဲဆန္ဒနယ်မြေ ၃၄ နေရာတွင် ဝင်ရောက် ယှဉ်ပြိုင်လျှက်ရှိပြီး ထိုအနက်မှ အနည်းဆုံး မဲဆန္ဒနယ် ၂၀ အနိုင် ရရှိမည်ဟု ယုံကြည်ထားသည်ဟုဆိုသည်။
ကယားပြည်နယ်တွင် တသီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သည့် သမ္မတရုံးဝန်ကြီး၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်သော ဦးအောင်မင်းနှင့် ဦးစိုးသိမ်းတို့ကိုလည်း ကြံ့ခိုင်ရေးပါတီက အနိုင်ရလိမ့်မည်ဟုလည်း ဦးလှမျိုးဆွေက ပြောသည်။
ကယားပြည်နယ် ဘောလခဲနှင့် ရှားတော မြို့နယ်တို့၌ ဝန်ကြီး ဦးအောင်မင်းနှင့် ဦးစိုးသိမ်းတို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အဆိုပါနေရာများတွင် ကြံ့ခိုင်ရေးပါတီအနေဖြင့်လည်း အားစိုက်လုပ်ဆောင်လျှက်ရှိကြောင်း၊ ထို့ကြောင့် ၎င်းတို့ပါတီအနေဖြင့် အနိုင်ရမည်ဟု ယူဆကြောင်း သိရသည်။
“ရှားတောနဲ့ဘော်လခဲမှာလဲကျနော်တို့ပြည်ခိုင်ဖြိုးအနေနဲ့အောင်မြင်မယ်လို့ယူဆတယ်” ဟု ဦးလှမျိုးဆွေက ဆိုသည်။
ဝန်ကြီးဦးစိုးသိမ်းသည် ဘောလခဲမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၉) ၌ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး ဝန်ကြီး ဦးအောင်မင်းကတော့ ရှားတောမြို့နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၇) ၌ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
ဝန်ကြီး ဦးစိုးသိမ်း၏ မဲဆန္ဒနယ်မှာ မဲပေးခွင့်ရှိသူ ၂၉၀၀ ကျော်ပြီး ဝန်ကြီး ဦးအောင်မင်း၏ မဲဆန္ဒနယ်တွင် ၄၂၆၂ ဦး ရှိကြောင်း သိရသည်။ အဆိုပါမဲဆန္ဒနယ်မြေများတွင် ကြံ့ခိုင်ရေးပါတီအပြင် အင်အားကြီး အတိုက်အခံ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီလည်း ဝင်ရောက်ယှဉ်ပြိုင်လျှက်ရှိသည်။
နိုင်ငံတွင်း လူထုထောက်ခံမှုနှင့် အင်အားအကြီးဆုံး အတိုက်အခံပါတီဖြစ်သော NLD ပါဝင်နိုင်ခဲ့ခြင်းမရှိသည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ကယားပြည်နယ်၌ ကြံ့ခိုင်ရေးပါတီက ရနှုန်းပြည့် အနိုင်ရရှိခဲ့သည်။ ယခုရွေးကောက်ပွဲတွင် တပြည်နယ်လုံးရှိ မဲဆန္ဒနယ်မြေအများစုတွင် NLD ပါတီကလည်း ဝင်ရောက်ယှဉ်ပြိုင်လျှက်ရှိသည်။