ဧရာဝတီတိုင်း၌ NLD ပါတီ အနိုင်ရသည့် မဲဆန္ဒနယ် စာရင်းတွင် အိမ်မဲနှင့်မော်လမြိုင်ကျွန်း မြို့နယ်များ ထပ်တိုးလာခဲ့ပြီး ယနေ့ မနက် ၁၁ နာရီအချိန် ရရှိထားသည့်စာရင်းများအရ ဧရာဝတီတတိုင်းလုံးရှိ မဲဆန္ဒနယ် ၈၃ ခုတွင် အနိုင်ရရှိခဲ့ပြီဖြစ်ကြောင်း ဧရာဝတီတိုင်း NLD ပါတီအောင်နိုင်ရေး ဥက္ကဋ္ဌ ဦးစည်သူအောင်က အတည်ပြု ပြောဆိုသည်။
ထို့ကြောင့် ဧရာဝတီတိုင်း၌ မဲဆန္ဒနယ် ၉၂ ခု ရှိသည့်အနက် NLD ပါတီက ၈၃ ခုတွင် အနိုင်ရရှိထားရာ NLD ပါတီ၏ အနိုင်ရရှိမှုမှာ ဧရာဝတီတိုင်း မဲဆန္ဒနယ်အားလုံး၏ ၉၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီ ဖြစ်သည်။
အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလောင်း နေရာအတွက် တပ်မတော်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် အလွတ်သတင်းထောက် ကိုပါကြီး၏ ဇနီးဖြစ်သူ NLD ပါတီ ကိုယ်စားလှယ်လောင်း ဒေါ်သန္တာ အနိုင်ရရှိခဲ့ပြီး၊ တိုင်းလွှတ်တော် အမှတ် ၁ တွင် ဝင်ပြိုင်သည့် ဒေါ်ရီရီထွန်း၊ တိုင်းလွှတ်တော် ၂ တွင် ပြိုင်သည့် ဦးအောင်ကျော်မြိုင်နှင့် အိမ်မဲ၊ ဝါးခယ်မ ၂ မြို့ ပူးပေါင်းထားသည့် အမျိုးသားလွှတ်တော် အမှတ် ၇ တွင် ဒေါက်တာ ပြည့်ဖြိုးဦးတို့လည်း အသီးသီး အနိုင်ရခဲ့သည်။
ထို့ပြင် မော်လမြိုင်ကျွန်းမြို့နယ် ပြည်သူ၊ တိုင်းလွှတ်တော် ၁ နှင့် တိုင်းလွှတ်တော် ၂ တို့တွင် ဝင်ပြိုင်သည့် NLD ကိုယ်စားလှယ်လောင်းများလည်း အနိုင်ရခဲ့သလို လပွတ္တာနှင့် မော်လမြိုင်ကျွန်း မြို့နယ် ၂ ခုပူးပေါင်းထားသည့် အမျိုးသားလွှတ်တော် အမှတ် ၁၂ တွင်လည်း NLD ပါတီကပင် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
ဧရာဝတီတိုင်း၌ NLD အနိုင်ရသည့် မဲဆန္ဒနယ်များမှာ ပြည်သူ့လွှတ်တော်တွင် ၂၆ နေရာ၊ တိုင်းလွှတ်တော် အမှတ် ၁ တွင် ၂၄ နေရာ၊ တိုင်းလွှတ်တော် အမှတ် ၂ တွင် ၂၅ နေရာနှင့် အမျိုးသားလွှတ်တော် ၁၂ နေရာတို့ ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဧရာဝတီတိုင်းရှိ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များအားလုံးမှာ NLD ပါတီ အနိုင်ရခဲ့ပြီ ဖြစ်သည်။
ဆလိုင်းသန့်စင် သတင်းပေးပို့သည်။