၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့သည့် နိုဝင်ဘာ ၈ ရက်တွင် ကြိုတင်မဲ ပေးရမည့်သတ်မှတ်ထားချိန် ညနေ ၄ နာရီ နောက်ပိုင်းမှ ရောက်ရှိလာသော ကြိုတင်မဲများ အားလုံးသည် ပယ်မဲစာရင်းဝင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။
ယနေ့ ညနေ ပိုင်းက နေပြည်တော်ကောင်စီ နယ်မြေရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC) ရုံးချုပ် ၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဧရာဝတီ၏ မေးမြန်းချက်ကို ဦးမြင့်နိုင်က ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။
“ညနေ ၄ နာရီ နောက်ပိုင်းမှ ရောက်လာတဲ့မဲတွေက ပယ်မဲပဲ ဖြစ်ပါလိမ့်မယ်။ ဒါကို ဥပဒေနဲ့မညီဘူးဆိုရင် အဲဒီမှာရှိတဲ့ ကိုယ်စားလှယ်လောင်းတွေအသိ ဖြစ်ပါတယ်။ ဒီလိုမေးလိုက်တော့ လူပိုသိတာဆိုတော့ ကောင်းပါတယ်။ ကျနော်တို့က ဥပဒေ၊ နည်းဥပဒေ ပြ ဌာန်းချက်တွေ အတိုင်း ဆောင်ရွက်ပါတယ်”ဟု ၎င်းက ပြောဆိုသည်။
သို့သော် မဲရုံပိတ်ချိန် ညနေ ၄ နာရီနောက်ပိုင်း ရောက်ရှိလာသည့် ကြိုတင်မဲများကို ထည့်သွင်းရေတွက်မှုများ၊ အခြားမဲများနှင့် ထည့်ပေါင်းထားသည့် ဖြစ်ရပ်များ နယ်ဒေသတချို့တွင် ဖြစ်ပေါ်ခဲ့မှုနှင့် ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်ရန်အတွက် ရွေးကောက်ပွဲ ကော်မရှင်က အဖြေပေးခြင်း မရှိပေ။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတင်းမီဒီယာများ၊ နိုင်ငံရေးပါတီများနှင့် ဖေ့စ်ဘုတ် စာမျက်နှာများတွင် ဖော်ပြနေသည့် မဲရလဒ်များကို အတည်မပြုဘဲ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်နေသည့် စာရင်းများသာ အတည်ပြုမည်ဖြစ်ကြောင်းလည်း ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထပ်မံပြောဆို ထုတ်ပြန်သည်။
ရွေးကောက်ပွဲနှင့် ပတ်သက်၍ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိရမည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က “၄ နာရီ နောက် ပိုင်း ကြိုတင်မဲများ ပယ်မဲ ဖြစ်သည်”ဟုလည်း ဆက်တိုက်ပြောဆိုလျက် ရှိသည်။
သို့သော် နိုဝင်ဘာ ၈ ရက် ညပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ လားရှိုးမြို့၊ နေပြည်တော်ကောင်စီ ဒကိ္ခဏသီရိ မြို့နယ်၊ ပဲခူးတိုင်း ဒေသကြီး စသည့် နေရာအသီးသီးတွင် ညနေ ၄ နာရီ နောက်ပိုင်း၌ ကြိုတင်မဲပုံးများစွာ ရောက်ရှိလာသည့် ကိစ္စရပ်များစွာ ဖြစ်ပွားပေါ်ပေါက်ခဲ့သည်။
သို့ဖြစ်၍ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ညပိုင်းမှ ရောက်ရှိလာသည့် ကြိုတင်မဲများကို ရေတွက်ထားပြီးဖြစ်ကြောင်းနှင့် အဆိုပါမဲများကို အခြားရေတွက်ပြီးမဲများနှင့် ထည့်ပေါင်းသင့် မပေါင်းသင့်ကို မြို့နယ်ကော်မရှင်များက ဆုံးဖြတ်ရန် စဉ်းစားနေဆဲဖြစ်ကြောင်း သိရသည်။
ယနေ့သတင်းစာ ရှင်းလင်းပွဲတွင် သတင်းမီဒီယာများက တိုင်းရင်းသား ကိုယ်စားလှယ်မဲများ ပေးခွင့်မရသည့်ကိစ္စ၊ ကြိုတင်မဲများ ညအချိန်မှ ရောက်ရှိလာသည့်ကိစ္စ၊ သက်ဆိုင်ရာခရိုင်အလိုက် ရွေးကောက်ပွဲ ရလဒ်များ ထုတ်ပြန်ရန် နှောင့်နှေးနေသည့်ကိစ္စ၊ တရား မဝင် မဲဆွယ်စည်းရုံးမှု ကိစ္စများကို မေးမြန်းခဲ့သော်လည်း ကော်မရှင်က တိကျသည့် အဖြေများ မပေးခဲ့ဘဲ ဥပဒေအတိုင်း ဆောင်ရွက်နေကြောင်းသာ ပြောဆိုသွားသည်။
နိုဝင်ဘာ ၈ ရက်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် တနိုင်ငံလုံး အတိုင်းအတာရှိ မဲရုံပေါင်း ၄၀,၀၀၀ ကျော်၌ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် ထူးခြားဖြစ်စဉ် ၄၈ မှု ဖြစ်ပွားခဲ့ကြောင်းလည်း UEC က ယနေ့ ထုတ်ပြန်သည်။