ရွေးကောက်ပွဲ ကျင်းပပြီး ၂ ရက်အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော်(SSPP/SSA)၏ ရှမ်းပြည်နယ် တောင် ပိုင်းရှိ ဝမ်ဟိုင်း (ဗဟို)ဋ္ဌာန ချုပ်ကို အစိုးရ တပ်မတော်က ယနေ့နံနက်ပိုင်းတွင် လေကြောင်းဖြင့် တိုက်ခိုက်မှု ပြုလုပ်ကြောင်း SSPP/SSA ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလက ဧရာဝတီသို့ ပြောသည်။
လေကြောင်းဖြင့် တပ်မတော်က တိုက်ခိုက်လာခြင်းသည် တပ်မတော်စခန်း တခုအား လက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့က လာရောက် တိုက်ခိုက် ခဲ့သဖြင့် နိုဝင်ဘာ ၉ ရက်နေ့ ညပိုင်းက ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းနောင်မြို့နယ်တဝိုက်သို့ တပ်မတော်က လက်နက်ကြီးများ ပစ်ခတ်မှုနှင့် အတူ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟုလည်း SSPP/SSA က ပြောသည်။
တိုက်ခိုက်ခံရမှုတွင် ဝမ်ဟိုင်းဌာနချုပ်အတွင်း စစ်ဘေးဒုက္ခသည်များ ခိုလှုံနေသည့် ဘုန်းကြီးကျောင်း ထိမှန်ခဲ့ပြီး ပျက်စီးမှုများ ရှိခဲ့ ကြောင်း၊ SSPP/SSA အနေဖြင့် တပ်မတော်စခန်းသို့ သွားရောက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်း မရှိကြောင်း ဗိုလ်မှူးကြီး စိုင်းလက ဆက် ပြောသည်။
“အစိုးရတပ်ကို ပစ်တယ် အစိုးရတပ်က တယောက်ကျဆုံးတယ်ဆိုပြီး ဒီနေ့ မနက် ၆ နာရီမှာ ဝမ်ဟိုင်းကို လက်နက်ကြီးတွေနဲ့ ၁၀ လုံးကျော် ပစ်တယ်။ ၁၀ နာရီ ကျော်မှာ ရဟတ်ယာဉ်တစီးနဲ့ ဝမ်ဟိုင်း ဘုန်းကြီးကျောင်းကို Target ထားပြီး ဗုံးလာကြဲသွားတယ်။ ဘုန်းကြီးကျောင်းမှာ ရှိတဲ့ ဒုက္ခသည်တွေ ထွက်ပြေးနေရတယ်။ ဘာလို့ ဘုန်းကြီးကျောင်းကို ပစ်မှတ်ထားလဲ မသိဘူး။ ဘုန်းကြီး ကျောင်း ဆွမ်းစားဆောင် ပျက်စီးသွားတယ်”ဟု ဗိုလ်မှူးကြီး စိုင်းလ က ဆိုသည်။
ထို့အတူ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှုးမြို့နယ်နှင့် ကျေးသီးမြို့နယ်အတွင်း အစိုးရ တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်နေ ကြောင်း ဒေသခံများကလည်း ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီသို့ ပြောသည်။
ကျေးသီးမြို့နယ်အတွင်းရှိ မိုင်းနောင်မြို့နယ်တွင်လည်း အစိုးရတပ်မတော်က ပစ်ခတ်နေကြောင်း၊ ယင်းနေရာတွင် SSPP/SSA တပ် စခန်း မရှိကြောင်း၊ အစိုးရ တပ်ရင်း တပ်ဖွဲ့များရှိသည့် နေရာဖြစ်ကြောင်း မိုင်းနောင်ဒေသခံများက ပြောပြသည်။
မိုင်းနောင်မြို့ပေါ်တွင် အစိုးရတပ်မတော်သည် လက်နက်ကြီး ပစ်ခတ်မှုကို နိုဝင်ဘာလ ၉ ရက်နေ့ ညပိုင်းကပင် စတင်ခဲ့ခြင်းဖြစ်ပြီး ယနေ့အချိန်ထိ ပစ်ခတ်နေကြောင်း၊ ရဟတ်ယာဉ်ဖြင့်လည်း လှည့်ပတ်ကာ ပစ်ခတ်ကြောင်း၊ လက်ရှိတွင် မြို့ပေါ်ရှိ အိမ်တလုံး မီး လောင်ပြီး တချို့အိမ်နှင့် ထော်လာဂျီများ ပျက်စီးသွားကြောင်း မိုင်းနောင်မြို့ခံ အမျိုးသားတဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက“မနေ့ည ၇နာရီ ကတည်းကစပြီး ပစ်နေတာ။ ဒီနေ့ မနက် ၈နာရီက ရဟတ်ယာဉ်တစီးနဲ့ လာလှည့်ပြီး ရဟတ်ယာဉ်ပေါ် ကနေ လက်နက်ကြီးနဲ့ ပစ်တယ်။ အခုလေးတင် ရဟတ်ယာဉ် ၂စီး ထပ်ရောက်လာတယ်။ ရပ်ကွက် ၄ ဘက်ကို ပစ်နေတယ်။ ပြီး တော့ တမြို့လုံး စစ်တပ်ကနေရာယူပြီး လမ်းဆုံလမ်းခွတွေမှာ ပစ်နေတယ်။ ပြည်သူတွေကတော့ အိမ်ထဲကနေ အိမ်ပြင် မထွက်ရဲကြ ဘူး။ လူထိခိုက်မှုကတော့ မသိရသေးဘူး”ဟုလည်း ပြောဆိုသည်။
ထိုနည်းတူ မိုင်းရှူးမြို့ပေါ်တွင်လည်း အစိုးရတပ်က လက်နက်ကြီးနှင့် ပစ်ခတ်နေကြောင်း၊ လက်ရှိတွင် မြို့ပေါ်ရှိ အိမ်များ၊ ဆိုင်များ အားလုံး ပိတ်ထားရကြောင်း၊ မိုင်းရှုးမြို့အနီးရှိ ကျေးရွာမှ ဒုက္ခသည်များလည်း မိုင်းရှုးမြို့ပေါ်သို့ ထွက်ပြေးလာရကြောင်း မိုင်းရှုးမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မှ နန်းကောင်ခမ်းကလည်း ဧရာဝတီသို့ ပြောသည်။
နန်းကောင်ခမ်းက“မနက် ၇နာရီ ကနေစပြီး ပစ်နေတာပဲ။ အခု ၁၀ နာရီထိ ပစ်နေတယ်။ အသံတွေ အရမ်းကျယ်တယ်။ ပြည်သူ တွေ အရမ်း ကြောက်နေကြတယ်။ ပြည်သူတွေကိုပဲ ထိခိုက်ပါတယ်။ အခု ဝမ်ဆော့ဘက်က စစ်ဘေးရှောင်တွေ ပြန်ထွက်ပြေးနေရ တယ်”ဟုလည်း ပြောဆိုသည်။
နိုဝင်ဘာ ၈ ရက်နေ့ကလည်း မိုင်းနောင်မြို့နယ် ဝိန်းကောင်ကျေးရွာအုပ်စုမှ ရွာသားနှစ်ဦး လယ်ယာရိတ်သိမ်းရန် သွားနေစဉ် အပစ် ခံရပြီး အသက် ၁၅ နှစ်အရွယ် လူငယ်တဦး သေဆုံးသွားကြောင်း၊ အသက် ၅၅ နှစ်အရွယ် လူတဦးလည်း ဒဏ်ရာ ပြင်း ထန်စွာ ရခဲ့ကြောင်း နန်းကောင်ခမ်းက ပြောပြသည်။
အစိုးရတပ်နှင့် SSPP/SSA သည် ယခုချိန်ထိ မိုင်းရှူးမြို့နယ် မိုင်းအက် ကျေးရွာ အနီးတွင် တိုက်ပွဲများ အပြင်းထန်ဖြစ်ပွားနေသည် ဟုလည်း ဗိုလ်မှူးကြီး စိုင်းလ က ပြောသည်။
တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည့် မိုင်းရှုးမြို့နယ်နှင့် ကျေးသီးမြို့နယ်များသည် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသော မြို့နယ်များလည်း ဖြစ်သည်။