ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းနောင်မြို့အတွင်း ရှမ်းပြည်မြောက်ပိုင်းတပ်မတော် (SSPP/SSA) နှင့် အစိုးရ တပ် မတော်အကြား ယနေ့ တိုက်ပွဲများဖြစ်ပွားရာ ထောင်နှင့်ချီသည့် ဒေသခံများ ပိတ်မိနေကြောင်း သိရသည်။
တိုက်ပွဲကြောင့် မိုင်းနောင်မြို့တွင် နေထိုင်သည့် ဒေသခံတချို့သည် စစ်ဘေးရှောင်ရန်အတွက် ခိုလမ်မြို့သို့ ထွက်လာစဉ် ပိတ်မိနေ သဖြင့် ၎င်းတို့ကိုကယ်ဆယ်ရန် စီစဉ်နေသော်လည်း သွားလာရန်ခက်ခဲမှုများ ရှိနေကြောင်း မိုင်းနောင်မြို့မှ လဲချားမြို့သို့ ထွက်ပြေး လာသည့် စိုင်းအောင်က ဧရာဝတီကို ပြောသည်။
“ကျနော်က လဲချားရောက်နေပြီး မိုင်းနောင်မှာတော့ ၄,၀၀၀ လောက် ပိတ်မိနေတယ်။ တချို့ကတော့ ခိုလမ်ဘက် ထွက်ပြေးနေကြ တယ်။ တပ်က ဘယ်မှမထွက်ရဘူးလို့ ပြောတယ်။ ကျနော်က ဟိုဘက်ရွာသွားမယ်ဆိုပြီး ထွက်ပြေးလာတာပါ”ဟု စိုင်းအောင် က ဆိုသည်။
မိုင်းနောင်မြို့တွင် လူဦးရေ ၅,၀၀၀ ကျော်ရှိပြီး တချို့ရွာသားများသည် နီးစပ်ရာကျေးရွာများသို့ တိမ်းရှောင်နေကြကြောင်း စိုင်းအောင် က ဆက်ပြောသည်။
ယနေ့နံနက်ပိုင်းမှစတင်ပြီး SSPP/SSA တပ်များနှင့် အစိုးရစစ်တပ်တို့သည် မိုင်းရှူးမြို့နယ် မိုင်းအက်ကျေးရွာအနီးတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း၊ SSPP/SSA စစ်ဋ္ဌာနချုပ် ဝမ်ဟိုင်းဘုန်းကြီးကျောင်းသည်လည်း လက်နက်ကြီးဖြင့် အပစ်ခံခဲ့ရကြောင်း SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလက ပြောဆိုထားသည်။