သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု လွှတ်တော် နာယက ဦးရွှေမန်း တို့နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ပြန်လည်သင့်မြတ်ရေး သဘောထားကို အခြေခံပြီၤး တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းမှုကို သမ္မတ ဦးသိန်းစိန်နှင့် ဦးရွှေမန်းတို့က လက်ခံရရှိကြောင်းနှင့် တွေ့ဆုံဆွေးနွေးရန် အကြောင်းပြန်ထားပြီဖြစ်ကြောင်း NLD ပါတီ၏ ပြော ရေး ဆိုခွင့်ရှိသူ ဦးဝင်းထိန်က ပြောသည်။
“တွေ့ဆုံဆွေးနွေးမယ့် ရက်က ဘယ်နေ့လဲ မသိသေးဘူး။ တဦးချင်း တွေ့မှာလား၊ အားလုံးဆုံပြီး တွေ့မလား ဆိုတာလည်း သူတို့အပေါ်မှာပဲ မူတည်တယ်”ဟု ဦးဝင်းထိန်က ဧရာဝတီကို ပြောပြသည်။
တွေ့ဆုံဆွေးနွေးရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ပေးပို့ခဲ့သည့် စာတွင် နိုဝင်ဘာ ၈ ရက် အထွေထွေ ရွေးကောက်ပွဲမှတဆင့် ဖော်ထုတ်ခဲ့သော လူထုဆန္ဒကို တည်ငြိမ်အေးချမ်း မှန်ကန်စွာ အကောင်အထည်ဖော်ခြင်းသည် နိုင်ငံ၏ဂုဏ်သိက္ခာနှင့် ပြည်သူပြည် သားများ၏ နှလုံးစိတ်ဝမ်း အေးချမ်းရေးအတွက် လွန်စွာမှအရေးကြီးကြောင်း ရေးသားထားသည်ဟုလည်း သိရသည်။
သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်းဆန်းစုကြည်ထံမှ ပေးပို့လာသည့်စာကို လက်ခံရရှိကြောင်းနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော် မရှင်၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ ပြီးဆုံးချိန်တွင် တွေ့ဆုံဆွေးနွေးရေးအတွက် နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ် သည် ဟု ဒေါ်အောင်ဆန်းစုကြည် ထံသို့ ယနေ့နံနက်ပိုင်းတွင် အကြောင်းပြန်ကြားခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်က ထုတ်ပြန် အသိပေးထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက်အပေါ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် ၏ သဘောထားနှင့်ပတ်သက်ပြီး တပ်မတော်က မကြာမီ ထုတ်ပြန် အကြောင်းကြားလိမ့်မည် ဖြစ်သည်ဟု သမ္မတရုံးမှ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောသည်။
အလားတူ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းကလည်း ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုးထားသည့် စာကို လက်ခံရရှိကြောင်းနှင့် လာမည့်တပတ်အတွင်း ဆွေးနွေးနိုင်ရန် စီစဉ်မည်ဖြစ်ကြောင်း ၎င်း၏တရားဝင် လူမှုကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာတွင် ထုတ်ပြန် အသိပေးထားသည်။
နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ လတ်တလော ထုတ်ပြန် ကြေညာခဲ့သည့် ရလဒ်များအရ NLD ပါတီက အများစု အနိုင်ရရှိထားသည်။
NLD ပါတီ၏ ရန်ကုန်တိုင်း အောင်နိုင်ရေး အဖွဲ့၏ ပြောကြားချက်အရ တနိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်ထောင်စု လွှတ်တော်အတွက် ကိုယ်စားလှယ်ဦးရေ ၃၈၀ ကျော် အနိုင်ရရှိထားပြီ ဖြစ်ကြောင်း သိရသည်။
ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်စာရင်း အပြီးသတ် ထုတ်ပြန်ချိန်တွင် NLD ပါတီက အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ် တော် ၂ ရပ်ပေါင်းတွင် အမှန်တကယ် ကိုယ်စားလှယ်ဦးရေ ၃၈၀ ကျော် ရရှိပါက NLD ပါတီက အစိုးရသစ် ဖွဲ့စည်းနိုင်မည့် အခြေအနေ ဖြစ်သည်။