ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည် တပ်မတော်(SSPP/SSA) နှင့် အစိုးရ တပ်မတော်တို့ ယခုရက်ပိုင်းအတွင်း မိုင်းနောင်မြို့တွင် တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် လွိုင်လင်ခရိုင် လဲချားမြို့ပေါ်သို့ စစ်ဘေးရှောင် ဒေသခံ ၃၅၀ ခန့် ထွက်ပြေး တိမ်ရှောင်နေရကြောင်း သိရသည်။
လက်ရှိ စစ်ဘေးရှောင်များကို လဲချားမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းတွင် ထားရှိကြောင်း၊ လဲချားမြို့ပေါ်ရှိ ပြည်သူများနှင့် ပင်လုံမြို့မှ လူငယ် များက လာရောက် ကူညီကြကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) လဲချားမြိုနယ် ပြည်နယ်လွှတ် တော် ကိုယ်စားလှယ် စိုင်းကျော်ဇေယျ က ဧရာဝတီ သို့ ပြောသည်။
“လက်ရှိတော့ လဲချားမှာရှိတဲ့ ဘုန်းကြီးကျောင်း နှစ်ကျောင်းမှာ ထားပါတယ်။ အသက်ကြီးရော ကလေးတွေရော များတယ်။ ထပ် ရောက်လာဖို့ ရှိသေးတယ်။ ထိခိုက် ဒဏ်ရာရတဲ့သူ မရှိဘူး။ မိုင်းနောင်ဘက်ကို ကျနော်တို့ အဆက်အသွယ် မရတော့ဘူး”ဟုလည်း ၎င်းက ပြောပြသည်။
SSPP/SSA နှင့် အစိုးရတပ်သည် ယမန်နေ့မှ စပြီး ယနေ့အထိ မိုင်းရှုးမြို့နယ် မိုင်းအတ်ကျေးရွာ အနီးတွင် တိုက်ပွဲများပြင်းထန်နေ ကြောင်းလည်း SSPP/SSA မှ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလ က ဧရာဝတီသို့ ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ကျေးသီးမြို့နယ် မိုင်းနောင်မြို့ရှိ အစိုးရ တပ်မတော် ဌာနချုပ်သို့ SSA (ဝမ်ဟိုင်း) အဖွဲ့မှ အင်အား ၁၂၀ ခန့် သည် နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီး ည ၈ နာရီ ခွဲ ခန့်တွင် မိုင်းနောင် နယ်မြေ ရဲစခန်းအား ဗုံးပစ် လောင်ချာများနှင့် ပစ်ခတ်ကြောင်း မြဝတီ သတင်းတွင် ဖော်ပြထားသည်။
အဆိုပါအဖွဲ့ကို ယမန်နေ့နံနက် ၄ နာရီခွဲခန့်တွင် (၁)ကြိမ်၊ ၅ နာရီခွဲခန့်တွင် (၁)ကြိမ် လက်နက်ကြီး လက်နက်ငယ်များ၊ တပ် မတော် ရဟတ်ယာဉ်များဖြင့် တန်ပြန် တိုက်ခိုက်ခဲ့ရာ နံနက် ၈ နာရီ ၃၀ မိနစ်တွင် ပြန်လည် ဆုတ်ခွာ သွားခဲ့ကြောင်း၊ မိုင်းနောင် တပ် ဌာနချုပ်တွင် လုံခြုံရေးအရ အတားအဆီးများ ပြုလုပ်ထားခြင်းကြောင့် SSA(ဝမ်ဟိုင်း)အဖွဲ့သည် အများပြည်သူ နေထိုင်ရာ ရပ်ကွက်များ အတွင်းမှ ပြည်သူလူထုအား အကာအကွယ်ယူ၍ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်လည်း မြဝတီ သတင်းတွင် ထည့်သွင်း ပြောပြထားသည်။
ဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိ၊ စစ်သည်တချို့နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် တချို့ ကျဆုံး ထိခိုက် ဒဏ်ရာရရှိခဲ့ကြပြီး အဆောက် အအုံ တချို့လည်း ပျက်စီးခဲ့ကြောင်း သိရသည်။
SSPP/SSA ၏ ဗဟို ဌာနချုပ် သည် ရှမ်းပြည်နယ် တောင်ပိုင်း ဝမ်ဟိုင်း ဒေသတွင် အခြေစိုက်ထားခြင်း ဖြစ်သည်။